ယုံကြည်မှုလွန်ကဲ

ကြောင်လက်သည်းဝှက်

ကြောင်လက်သည်းဝှက် – သမီးရေ …

သမီးကို ပထမဦးဆုံးအနေနဲ့ လူတယောက်မှာ ရှိသင့်တဲ့ အခြေခံစိတ်ထားလေး တစ်ခုအကြောင်းကို ရှင်းပြချင်ပါတယ် … ။

အဲ့ဒါကတော့ ရိုးသားခြင်းပဲ သမီး … ။

သမီးဘဝမှာ ဂုဏ်ကျက်သရေရှိရှိ အောင်မြင်မှုရချင်ပါသလား၊ အများ လေးစားချစ်ခင်မှုကို ပိုင်ဆိုင်ချင်သလား … ။ ပျော်ရွှင်အေးချမ်းတဲ့ ဘဝကို ရချင်သလား … ရိုးသားပါ သမီး … ။

ဆိုလိုတာက ရိုးအဖို့ပြောတာမဟုတ်ဘူးနော်။ သမီး ရိုးသားပါ၊ ဒါပေမဲ့ မနုံအပါနဲ့ … ။ ရိုးသားပြီး ထက်မြက်တဲ့သူကို လူတွေက အထင်လည်းကြီး၊ သဘောလည်းကျကြတယ်။ ရိုးသားပြီး နုံအတဲ့သူမျိုးကိုတော့ သဘောကျကောင်း ကျနိုင်ပေမဲ့ အထင်မကြီးကြဘူး သမီး။

အလုပ်ရှင်တော််တော်များများဟာ လူတယောက်ကို သူတို့ဝန်ထမ်းအဖြစ် အလုပ်ခန့်ဖို့ ရွေးချယ်မယ်ဆိုရင် တော်ပေမယ့် ရိုးသားမှု မရှိတဲ့ လူမျိုးထက် မတော်ပေမယ့် ရိုးသားမှုရှိတဲ့ လူမျိုးကို ဦးစားပေး ရွေးချယ်တတ်ကြတယ် သမီး … ။ ဘာ‌ကြောင့်လဲဆိုတော့ လူတစ်ယောက်မှာ ရိုးသားတဲ့အခြေခံစိတ်ကလေးသာ ရှိရင် တော်လာအောင် လေ့ကျင့်သင်ကြားပေးလို့ ရတယ်လေ။ တော်ပြီး ရိုးသားမှု မရှိရင်တော့ ဘယ်လောက်တော်တော် တစ်ချိန်ချိန်မှာ ကိုယ့်ကိုပြန်ဒုက္ခပေးနိုင်တယ်လို့ ယူဆကြလို့ပဲ သမီး … ။ ရိုးသားမှုမရှိသူရဲ့ ထက်မြက်ခြင်းဟာ အချည်းနှီးပဲ။

ရိုးသားခြင်းဆိုတာ ဖြောင့်မတ်မှန်ကန်ခြင်း၊ ဟန်ဆောင် လှည့်ဖျားမှုမရှိခြင်း၊ သူတစ်ပါးအပေါ် အကောက်အကျစ်မရှိ ဖြူဖြောင့်စွာ ဆက်ဆံနိုင်ခြင်းပါ သမီး … ။

ရိုးသားတဲ့သူတွေနဲ့ ဆက်ဆံရတဲ့သူတွေဟာ စိတ်ချမ်းမြေ့ရတယ်၊ ယုံကြည်စိတ်ချနိုင်ကြတယ်၊ စိတ်သက်သောင့်သက်သာ ဖြစ်တယ်။ ဒါ့ကြောင့် ရိုးသားတဲ့သူတွေကို လူတိုင်းက ချစ်ခင်နှစ်လိုတတ်ကြတယ်။

ရိုးရိုးသားသား နေတဲ့ လူတစ်ယောက်ကို အမှတ်တမဲ့ကြည့်ရင် အရှိန်အဝါ မရှိဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် တကယ်တမ်း အနီးကပ် ဆက်ဆံကြည့်တဲ့အခါ အရှိန်အဝါတစ်ခုကို ခံစားလာရတတ်တယ်။

ရိုးသားခြင်းမှာ “အရှိန်အဝါ” ရှိတယ် သမီး ..

ရိုးသားခြင်း အရှိန်အဝါက အဲ့ဒီလူကို ကာကွယ်ပေးနိုင်တယ်။ လိမ်ညာလှည့်ဖျားဖို့ ချဉ်းကပ်လာခဲ့ရင်တောင် သူ့ရဲ့ ရိုးသားခြင်းကြောင့် အလိုလိုရှိန်ပြီး နောက်ဆုတ်သွားတတ်ကြတယ်။

အမြဲတမ်းတော့ မဟုတ်ဘူးနော် သမီး။ အဲ့ဒီရိုးသားခြင်း အရှိန်အဝါဟာ သမီးကို အမြဲတမ်းတော့ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူးလေ။ သိပ်ကိုကောက်ကျစ်ယုတ်မာတဲ့လူမျိုးနဲ့ ကြုံရရင်တော့ အဲ့ဒီလူတွေဟာ သမီးရဲ့ ရိုးသားမှုကို အသုံးချပြီး အကျိုးအမြတ် တစ်ခုခုရအောင် ကြိုးစားကြလိမ့်မယ်။

ဒါ့ကြောင့် သမီးက ဉာဏ်နဲ့ယှဉ်ပြီး ရိုးသားရလိမ့်မယ် … ။

ကိုယ်ကရိုးသားပေမဲ့ ကိုယ့်အပေါ် အနိုင်ကျင့် ကောက်ကျစ် လှည့်ဖျားချင်တဲ့ သူမျိုးနဲ့ကြုံရင် ခုခံဖို့အတွက် သမီးရဲ့ ဉာဏ်ကို ရိုးသားမှုရဲ့ အောက်မှာ ကြောင်လက်သည်းဝှက်သလို ဝှက်ထားရမယ်။

သမီးအပေါ် လှည့်ဖျားသူကို အတတ်နိုင်ဆုံး ရိုးသားစွာ ဆက်ဆံပါ။ သမီးကို သိပ်မတရားလုပ်လွန်းလာရင်တော့ ဉာဏ်နဲ့ယှဉ်ပြီး တုံ့ပြန်ရလိမ့်မယ်။

တချို့သူကတွေက သမီးရဲ့ ရိုးသားမှုနဲ့ ထိုက်တန်တယ်၊

တချို့သူတွေက ဉာဏ်နဲ့ယှဉ်ပြီး တုံ့ပြန်မှုနဲ့ ထိုက်တန်တယ်။

တချို့သူတွေတော့ ဥပေက္ခာပြုထားခြင်းနဲ့သာ ထိုက်တန်တတ်တယ်။

ဘယ်လိုလူမျိုးကို ဘယ်လို ဆက်ဆံတုံ့ပြန်ရမယ်ဆိုတာကို သမီးက ငယ်ရွယ်ပြီး ဘဝအတွေ့အကြုံ နည်းသေးချိန်မှာ မသိနိုင်သေးဘူး။

ဒါ့ကြောင့် သမီး စာအုပ်တွေ ဖတ်ရမယ်။ စာအုပ်တွေထဲက လူတွေရဲ့ အကြောင်းကို သမီး လေ့လာရမယ်။ သမီး မသိနိုင်တဲ့ ဘဝတွေအကြောင်း စာအုပ်ထဲကနေတစ်ဆင့် သိအောင် ကြိုးစားရမယ်၊ ပတ်ဝန်းကျင်ကို လေ့လာစူးစမ်းရမယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ သတိရှိရမယ်။ အတွေးအခေါ် မြင့်မားပြီး အသိဉာဏ်ရင့်ကျက်လာဖို့ ပညာကို သင်ယူရမယ်။

ရိုးသားတဲ့ မိန်းကလေးတွေဟာ သိပ်ချစ်စရာကောင်းတယ် သမီး … ။

ဒါပေမယ့် ..

ရိုးသားပြီး ထက်မြက်တဲ့ မိန်းကလေးတွေကသာ သူတို့ဘဝကို အောင်မြင်အောင် စွမ်းဆောင်နိုင်ကြပြီး အန္တရာယ်ကို ကာကွယ်နိုင်ကြတယ် ။

သမီး ရိုးသားပါ … ။

အရေးကြုံရင် ထုတ်သုံးဖို့ ဝှက်ထားတဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့တူတဲ့ လက်သည်းလေးတွေလဲ ရှိပါစေ … ။

ကြောင်ကလေးတွေကို သမီး ကြည့်လေ … ။

သူတို့မှာ လက်သည်းတွေ ရှိတာပဲ၊ ဒါပေမဲ့ ဝှက်ထားတော့ သိပ်ချစ်စရာကောင်းတယ်၊ အရေးကြုံတော့မှ အဲ့ဒီလက်သည်းလေးက ထွက်လာတာ … ။

အရေးကြုံချိန်မှာသုံးဖို့ သမီးရဲ့ ဉာဏ်ရည်ဉာဏ်သွေး လက်သည်းကလေးတွေကို ဝှက်ပြီး ရိုးသားထက်မြက်တဲ့၊ ချစ်စရာကောင်းတဲ့ မိန်းကလေးတစ်ယောက်အဖြစ် နေထိုင်ရှင်သန်ပါ သမီးရယ် … ။

စာရေးဆရာမ ပုညခင် ရေးသားထားသော မိန်းကလေးများသို့ မေတ္တာစကား စာအုပ်မှ ကူးယူဖော််််််ပြသည်။

ရသ

OpenMoreOnline

Related Posts