hapeye

ကျေးဇူးရှင် လူပျင်းများ။

ကိုယ့်ကို ‘လူပျင်း’လို့ အပြောခံရရင်တော့ အောင့်တယ်။ မကြိုက်ချင်ဘူး။  ဒါပေမဲ့ အမှန်အတိုင်း ဝန်ခံကြေးဆိုရင်တော့ လူတိုင်း အနည်းနဲ့အများ ပျင်းတတ်ပါတယ်။ ပျင်းတတ်တာ ရှက်စရာမဟုတ်ပါဘူး။ လောကမှာ လူပျင်းတွေပျင်းတတ်လို့ လူ့အကျိုးပြုအလုပ်တွေ အများကြီးပြီးစီးတာ။

ရီမုတ်ကွန်ထရိုး (Remote Control) ဆိုပါတော့ ၊ တီဗီကို ထိုင်ရာကထပြီး ခလုတ်မနှိပ်ချင်ဘူး။ ထိုင်ရာမထ လိုင်းတွေ ပြောင်းကြည့်ချင်တယ်၊ အသံအတိုးအလျှော့တွေ လုပ်ချင်တယ်။ စိတ်မထင်ရင်ပိတ်ချင်ပိတ်မယ်။ ပိတ်ပြီးမှ ပြန်ဖွင့်ချင်ဖွင့်ဦးမယ်။ စိတ်ထင်တိုင်း ထထလုပ်ရရင် အပင်ပန်းသား။ ပြီးတော့ ပျင်းစရာကြီး။ ရီမုတ်ကွန်ထရိုးဆိုတာ တီထွင်လိုက်တယ်။ လူတိုင်းကြိုက်တာပေါ့။ ရီမုတ်ကွန်ထရိုးက တီဗီအတွက်တွင်မကဘူး။ အဲယားကွန်းလည်း အတိုးအလျှော့ အဖွင့်အပိတ်အားလုံး လုပ်နိုင်တယ်။ ထိုင်ရာကထပြီး ခလုတ်တွေ နှိပ်ဖို့မလိုဘူး။ ခုတော့ဖြင့် ကားတံခါးအဖွင့်အပိတ်လည်း ဒီရီမုတ်ကွန်ထရိုး၊ ဝင်းတံခါးကြီး ပိတ်တာဖွင့်တာတောင်မှ ကားပေါ်ကဆင်းစရာမလိုဘဲ ရီမုတ်ကွန်ထရိုး တစ်ချက်နှိပ်ရုံနဲ့ အဆင်ပြေတယ်။ ထိုင်ရာကထပြီး ခလုတ်တွေနှိပ်ရရင် လမ်းလျှောက်ရသလိုတောင်ဖြစ်သေးဆိုပြီး ထထလုပ်နေရင် ဒီလို အဆင်ပြေတာ ဘယ်မှာ တီထွင်ဖြစ်မှာလဲ။ ထိုင်ရာမထပြီးချင်တဲ့ ကျေးဇူးရှင်ကြောင့် ကမ္ဘာလောကကြီး ဘယ်လောက်အဆင်ပြေသွားသလဲ။

ဒီလိုပါပဲ။ ထမင်းချက်တဲ့အခါ အခြေအနေ စောင့်ကြည့်စရာမလိုအောင် ထမင်းပေါင်းအိုးကို ဖန်တီးထားတယ်။ ရေထည့်၊ ဆန်ထည့် ခလုတ်နှိပ်ထား။ ထမင်းကျက်ရင် ‘ဒေါက်’ ခနဲခလုတ်တက်။ ဘယ်လောက် အဆင်ပြေလိုက်ပါသလဲ။ ဒါမျိုးတွေ အများကြီးရှိတယ်။ ပျင်းတဲ့လူတွေက ‘လိုရင်ကြံဆ နည်းလမ်းရ’ ဆိုတဲ့စကားကို လက်ခံယုံကြည်တယ်။ ဒါကြောင့် တီထွင်ကြတယ်။ Short Cut တွေ ဖန်တီးပေးကြတယ်။ ဘယ်လောက် အဆင်ပြေလိုက်သလဲ။

ပျင်းတတ်တာ ရှက်စရာမဟုတ်ဘူး။ အရေးကြီးတာက အပျင်းကြီးပြီး ကိုယ့်ကိုယ်ကိုယ် သံချေး တက်ခံမနေဖို့ပါ။ ဘဝမှာအောင်မြင်ဖို့ပျော်ရွှင်ဖို့ နည်းလမ်းတွေရှိတယ်။ ဒီနည်းလမ်းတွေဟာ ရှာဖွေလေလေတွေ့ရှိလေလေပါ။ ကျင့်သုံးမယ်ဆိုရင် ဘယ်သူမဆို အောင်မြင်ပျော်ရွှင်နိုင်ကြပါတယ်။

ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

Related Posts