ကူညီပါရစေ (ဇာတ်သိမ်းပိုင်း)

ကူညီပါရစေ အပိုင်း (၈) – အောင်ဘာလေသည် သူ၏ထုံးစံအတိုင်း လမ်းပေါ်မှာ ငှက်ပျောခွံတို့၊ ပုလင်းကွဲတို့ရှိလျှင် ကောက်ပြီး ဖယ်ပစ်နိုင်ရန် ကြည့်ရှုရှာဖွေရင်း လျှောက်လာသည်။ တစ်နေရာတွင် အုတ်ခဲကျိုးတစ်ခု ကျနေသည်ကို တွေ့ရ၏။ လူတချို့မှာ တိုက်မိမည်စိုး၍ ကျော်လွှားသွားကြသည်။

“ဪ လူများနှယ် … အမြင်မတော်ရင်လည်း ကောက်ပစ်လိုက်ပါတော့လား၊ ကိုယ်မတိုက်မိ ပြီးရောဆိုပြီး မျက်နှာလွှဲသွားကြတယ် … ခဲကို ကောက်ပစ်ဖို့တော့ သတိမရကြဘူး” ဟု သူတွေးသည်။ အုတ်ခဲကျိုးကောက်ပြီး လမ်းဘေးမြောင်းထဲသို့ ပစ်မည်ပြုစဉ် … “ဟေ့ကောင် … ဘာလုပ်တာလဲ” လူတစ်ယောက်က အုတ်ခဲကျိုးကိုင်ထားသော သူ့လက်ကို လာဆွဲရင်း ဟောက်လိုက်သည်။ သူ လှည့်ကြည့်သည်။ လူပုံကတော့ ခပ်မိုက်မိုက်ပုံပဲ။ အောင်ဘာလေ ပြုံးပြီး “သူများတွေ ခလုတ်တိုက်မိမှာစိုးလို့ လွှင့်ပစ်မလို့ပါဗျာ …” “ဘာကွ … ဒါတမင်သက်သက် ချထားတာကွ” “ဗျာ …” “အေး … ဟုတ်တယ်၊ ညနေကျရင် ငါ ရေခဲရေရောင်းဖို့ နေရာဦးထားတာကွ” ဟု ပြောပြီး အောင်ဘာလေလက်ထဲက အုတ်ခဲကျိုးကို ဆွဲလုလိုက်သည်။ ငါ့များ ထုလိုက်ရင် မစားသာဘူးဟု တွေးမိပြီး … “ဆော … ဆောရီးနော်၊ မသိလို့ပါ” ဟု ပြုံးဖြဲဖြဲလုပ်၍ ပြောပြီး တစ်ကြိုးတည်း လစ်ခဲ့ရသည်။ ဟိုလူက စောင်းငန်းစောင်းငန်း ကြည့်နေသေးသည်။

အောင်ဘာလေဆိုတဲ့ ကောင်က ဒါနဲ့တောင် မမှတ်သေး …။ ဆက်လျှောက်လာရင်း ရှေ့မှာ လူနှစ်ယောက်က ရေခဲသေတ္တာကြီး တစ်ခုလုံးကို မနိုင့်တနိုင် သယ်လာတာတွေ့တော့ မကူညီဘဲ မနေနိုင်ပြန်။ သူပါ ဝင်ပြီး ကူသယ်ပေးသည်။ ဟိုနှစ်ယောက်က … “ကိစ္စမရှိပါဘူးဗျ … နေပါစေဗျ” ဟု တားသော်လည်း “ရပါတယ် … ခင်ဗျားတို့ချည်းပဲ နိုင်မှာ မဟုတ်ဘူး၊ ပြုတ်ကျရင် နှမြောစရာကြီး” ဆိုပြီး အတင်းဝင်ကူသည်။ အမိုးဖွင့်ထားသော ပါဘလစ်ကာ ကားပေါ်ထိ ကူတင် ပေးသည်။ ဟိုလူနှစ်ယောက်က ကျေးဇူးတင်စကားပြောပြီး ကားမောင်းထွက်သွားသည်။ သူက ပြုံးပြီး လက်ပြနှုတ်ဆက်လိုက်သေးသည်။ ရေခဲသေတ္တာ ကူသယ်လိုက်ရသဖြင့် နည်းနည်းမောသွားသည်။ ထို့ကြောင့် အနီးရှိ အအေးဆိုင်ထဲ ဝင်ထိုင်ပြီး စပတ်ကလင် တစ်ပုလင်း မှာသောက်လိုက်၏။ သည်နေ့အဖို့ နှစ်ခုဆက်တိုက် ကူညီလိုက်နိုင်ခြင်းမှာ တော်တော် ကုသိုလ်ထူးသည်ဟု တွေးပြီး ကျေနပ်နေတုန်း …

စောစောက ဆိုင်နေရာ ဦးထားတယ်ဆိုသော လူသည် အအေးဆိုင်ထဲသို့ ပြူးပြူးပျာပျာ ဝင်လာသည်။ သူ့လက်ထဲမှာလည်း အုတ်ခဲကျိုးကိုင်ထားဆဲ။ ဟိုဟိုသည်သည် ကြည့်ပြီး “ဟော … ဟိုမှာ၊ သူပဲ” ဟု ပြောပြီး အောင်ဘာလေ ထိုင်နေရာသို့ ပြေးလာသည်။ နောက်ကလည်း လူလေးငါးခြောက်ယောက် ဝိုင်းလိုက်လာ၏။ တချို့လူများ၏ လက်ထဲမှာ တုတ်တွေ ဓားတွေနှင့်။ မိန်းမကြီးတစ်ယောက်သည်လည်း နောက်မှ အူယားဖားယား လိုက်လာသည်။ ထို့နောက် အောင်ဘာလေကို ဝိုင်းထားလိုက်ကြပြီး အုတ်ခဲကိုင်ထားသူက … “ဟေ့ကောင် … မပြေးနဲ့” အောင်ဘာလေလည်း အူတိအူကြောင် မော့ကြည့်၍ … “ကျွန်တော် ဘာဖြစ်လို့ ပြေးရမှာလဲ” ဟု ပြောလိုက်သည်။ အုတ်ခဲနှင့်လူက “ဘာ … အူကြောင်ကြောင် လုပ်နေတာလဲ၊ သေသွားချင်လို့လား” ဆိုပြီး အုတ်ခဲကျိုးနှင့် ထုရန် လက်မြှောက်လိုက်သည်။

“အမယ်လေး … မလုပ်ကြပါနဲ့၊ သွေးသံရဲရဲ မကြည့်ရဲလို့ပါ” မိန်းမကြီးက ပြောရင်း ဝင်ဆွဲသဖြင့် အောင်ဘာလေ သက်သာသွားသည်။ ဒါမှမဟုတ်လို့ကတော့ တုတ်ရော၊ ဓားရော၊ အုတ်ခဲကျိုးရော မိလိုက်လို့က မသက်သာ။ “အရမ်းမလုပ်ကြနဲ့ … စခန်းကို ပို့ရမယ်” ဟု ပြောရင်း ရယက အဖွဲ့ဝင်များနှင့် အရန်မီးသတ်ရဲဘော်များ ရောက်လာသည်။ သူတို့မရောက်ခင်ကလေးတင် နားရင်းနှစ်ချက်သုံးချက် အအုပ်ခံလိုက်ရသေးသည်။ အောင်ဘာလေမှာ ထူပူပြီး ဘုမသိ ဘမသိ ကြောင်တိကြောင်တောင် ဖြစ်လျက် … “ကျွန်တော် ဘာလုပ်လို့လဲဗျ … လမ်းသွားလမ်းလာတွေ ခလုတ်တိုက်မိမှာစိုးလို့ အုတ်ခဲကို ဖယ်ပစ်တာပါဗျ” ဟု ကယောင်ကတမ်းပြောရင်း ဆွဲခေါ်ရာသို့ ပါသွားသည်။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts