ကူညီပါရစေ (ဇာတ်သိမ်းပိုင်း)

ကူညီပါရစေ (ဇာတ်သိမ်းပိုင်း)

ကူညီပါရစေ (ဇာတ်သိမ်းပိုင်း) – ဖောက်ထွင်းခံရသည့် အိမ်ရှင်လူကြီးသည် ရဲစခန်းသို့ ရောက်လာပြီး အမှုအခြေအနေကို မေးသည်။ စခန်းမှူးက … “ကျွန်တော်တို့လည်း တရားခံတွေ အားလုံးမိအောင် အပူတပြင်း ကြိုးစားနေပါတယ် … သူတို့အဖွဲ့နဲ့ ပတ်သက်လို့ မသင်္ကာတဲ့လူ တစ်ယောက်ကိုတော့ မိထားပါတယ်”

“ဟုတ်လား … ဘယ်သူလဲ” “လူပုံကတော့ ထင်လောက်စရာ မရှိပါဘူး … သူ့နာမည်ကလည်း ခပ်ဆန်းဆန်းပဲ ခင်ဗျ၊ အောင်ဘာလေတဲ့ …” “ဘာ … အောင်ဘာလေ ဟုတ်လား၊ ကျုပ် သူ့ကို တွေ့ချင်တယ်ဗျာ၊ အသိထဲကများ ဖြစ်နေမလားလို့” “ရပါတယ် … တွေ့လို့ရပါတယ်” လူကြီးကို အချုပ်ခန်းဆီ ခေါ်ဆောင်သွားပြီး အောင်ဘာလေနှင့် တွေ့ပေးသည်။ လူကြီးနှင့် အောင်ဘာလေတို့မှာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး အံ့ဩတကြီး ဖြစ်ကုန်ကြလေသည်။ လူကြီးက အောင်ဘာလေကို လက်ညှိုးထိုးပြီး … “ဟာ … သူမဟုတ်ဘူး၊ သူ မဟုတ်ဘူး” ဟု အော်လိုက်သည်။ စခန်းမှူးက “ဟုတ်ကဲ့ … သူဟာ ဦးလေးရဲ့အသိ မဟုတ်နိုင်ပါဘူး” “ဒါကို ပြောတာမဟုတ်ဘူး … အန်ကယ့်အိမ်ကို ဝင်ခိုးတာ သူ မဟုတ်နိုင်ဘူးလို့ပြောတာ၊ ဒီသူငယ်ဟာ အင်မတန် ရိုးသားဖြောင့်မတ်တဲ့ သူငယ်ပါ”

စခန်းမှူးမှာ ‘လာပြန်ပြီ တစ်ယောက်’ ဟု စိတ်ထဲက ရေရွတ်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရ၏။ လူကြီးက ဆက်လက်၍ “သူ မဟုတ်ဘူးဆိုတာ အန်ကယ် အာမခံပါတယ် … သူ့ကို လွှတ်ပေးလိုက်ပါ” “ဟာ … ဒီလိုတော့ လုပ်လို့မရဘူး ခင်ဗျ၊ ဥပဒေသဘော အရတော့ လုံးဝခိုင်လုံအောင် ထောင့်စေ့အောင် စောင့်ကြည့်ရပါဦးမယ်” “ဒါဆိုလည်း သူ့ကို စားစရာလေး ဘာလေး ပေးပါရစေ” “ဒါတော့ ရပါတယ် …” ထိုလူကြီးမှာ အောင်ဘာလေက ထီလက်မှတ် လဲပေးလိုက်သဖြင့် ဆယ်သိန်းဆု ပေါက်သွားသော ဦးချစ်ထူးပင် ဖြစ်လေ၏။ ဦးချစ်ထူးက အောင်ဘာလေကို ဘာမှ အားမငယ်ရန် ပြောသည်။ အောင်ဘာလေ စားဖို့အတွက် ဒံပေါက်ထမင်းနှင့် မရင်ဒါ ဝယ်ပေးခဲ့သည်။ ညနေတစ်ခေါက် ရောက်လာပြန်ပြီး ထမင်းကြော်၊ ဘဲကင်၊ အစိမ်းကြော်နှင့် ကျွဲရိုင်းအချိုရည်ဘူး၊ ညဘက် ဆာလျှင် စားဖို့သောက်ဖို့ ပေါင်မုန့်၊ ဘီစကွတ်၊ ပိုကာဖျော်ရည်ဘူး စုံအောင်ဝယ်လာသည်။ ညကျလျှင် ခင်းအိပ်ဖို့ဂွမ်းကပ်နှင့် သက္ကလပ်စောင်တွေ၊ ခေါင်းအုံးတွေပါ ယူလာသောကြောင့် အချုပ်ခန်းထဲမှာ ဒါတွေပေးလို့ မရပါဘူးဟု စခန်းမှူးက မနည်း တောင်းပန်လွှတ်လိုက်ရသည်။

စခန်းမှူးမှာ တော်တော် ဦးနှောက်ခြောက်လာ၏။ ခုဖြစ်နေပုံက တော်တော်ဆန်းသည်။ တရားလိုက တရားခံကို အပြစ်မရှိပါဘူးဟု ဆိုပြီး အာမခံနေသည်။ ပြီးတော့ အချုပ်ခန်းထဲမှာ လိုလေသေးမရှိအောင် လုပ်ပေးထားသည်။ သည်အတိုင်းဆိုလျှင် … အောင်ဘာလေမှာ အပြစ်မရှိနိုင်ကြောင်း တဖြည်းဖြည်း ပေါ်လွင်လာသည်။ သူ တကယ်ပြစ်မှု ကျူးလွန်သည်ဆိုလျှင် ဟိုကောင်တွေနှင့် တစ်ခါတည်း လိုက်သွားရမည်။ ခုလို အအေးဆိုင်မှာ စိမ်ပြေနပြေ အအေးသောက်နေတာကို ကြည့်လျှင် သူနှင့် သူခိုးတွေ ဘာမှမဆိုင်ကြောင်း ညွှန်ပြနေသလို ဖြစ်နေသည်။ ထို့ကြောင့် အောင်ဘာလေကို တစ်ခါထပ်ပြီး စစ်မေးသည်။ “မင်းက ဟိုကောင်တွေနဲ့ ဘာမှမဆိုင်ဘဲ ထားပါတော့ကွာ … အဲဒီကောင်တွေကို မြင်ရင် မင်း မှတ်မိနိုင်ပါ့မလား” “မှတ်မိမယ် ထင်ပါတယ် …” “ဒါဆိုရင် သူတို့ပုံပန်းသဏ္ဌာန်ကို ပြောပြစမ်းကွာ …”

အောင်ဘာလေက ခဏစဉ်းစား၍ “အသားက မည်းမည်း …” “အင်း … ဟုတ်ပြီ၊ ကိုယ်လုံးကိုယ်ထည်က …” “ခပ်ကျစ်ကျစ်ပဲ၊ အရပ်က မနိမ့်မမြင့် …” “မျက်နှာပုံပန်းကကော ဆံပင်ကစပြောကွာ …” “ခေါင်းတုံးဆံတောက်လို ဆံပင်မျိုး …” “မျက်နှာက …” “အင်း … မျက်နှာမှာ ဝက်ခြံတွေနဲ့” “မင်းပြောတဲ့ပုံမျိုးက လူအများစုထဲက ပုံပဲ၊ ဒီလောက်နဲ့တော့ မရသေးဘူး … ထူးခြားတာ ဘာရှိသလဲ၊ မျက်နှာမှာ အမာရွတ်ရှိတာတို့၊ လက်မှာ ဆေးမင်ကြောင်ထိုးထားတာတို့” “အဲဒါတော့ သတိမပြုမိဘူး ဆရာ …” “ကဲ … ဒါဆို နောက်တစ်ယောက် အကြောင်းပြော” “နောက်တစ်ယောက်ကလည်း အဲဒီအတိုင်းပဲ …” “ဟေ့ … ဘယ်လို”

အောင်ဘာလေသည် အတန်ကြာအောင် နှုတ်ခမ်းကိုက် စဉ်းစားနေပြီးနောက် “ဟာ … သိပြီဆရာ၊ သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် ရုပ်ချင်းသိပ်တူတယ်၊ အမြွှာညီအစ်ကို ဖြစ်နိုင်တယ် …” စခန်းမှူး၏ မျက်နှာ ဝင်းလက်သွား၏။ နယ်ထိန်းကို လှမ်းကြည့်သည်။ နယ်ထိန်းက ဖြစ်နိုင်တယ် ဆိုသောသဘော ခေါင်းညိတ်ပြသည်။ စခန်းမှူးက “သူ့ကို စီအိုင်ဒီ ခေါ်သွားပြီး ဟိုကောင်တွေ ဓာတ်ပုံ ပြလိုက်ပါ …” ဟု ပြောသည်။ အောင်ဘာလေကို စီအိုင်ဒီ မှုခင်းမှတ်တမ်းဌာနခွဲသို့ ခေါ်သွားသည်။ ပြစ်ချက်ရှိခဲ့ဖူးသူများ၏ ဓာတ်ပုံတွေထားသော ဖိုင်တွဲထဲက ဓာတ်ပုံများကို ပြသည်။ အောင်ဘာလေက ‘ဟုတ်ပါတယ်၊ သူတို့ပါပဲ’ ဟု ပြောသည်။ ဤသို့ဖြင့် ပိုက်စိပ်တိုက်ရှာဖွေရာ ဖောက်ထွင်းဝိဇ္ဇာ အေးမြင့်နှင့် အေးတင့်တို့ အမြွှာညီအစ်ကိုတို့အား ခိုးရာပါပစ္စည်းများနှင့်အတူ လက်ရဖမ်းဆီးနိုင်ခဲ့သည်။

အောင်ဘာလေကို လွှတ်ပေးလိုက်သည်။ အောင်ဘာလေက ပြန်ခါနီး ကျေးဇူးတင်စကား ပြောနေတုန်း အဘွားကြီးတစ်ယောက် ဝင်လာသည်။ စခန်းမှူးက … “အမေ … ဘာဖြစ်လို့ လိုက်လာတာလဲ” ဟု မေးသည်။ အဘွားကြီးက “အညာက မင်းဦးလေး ရောက်နေလို့ လာခေါ်တာ” ဟု ပြောပြီး အောင်ဘာလေဘက် လှည့်သည်။ အောင်ဘာလေမှာ အံ့ဩသွားပြီး “ဟင် … အမေကြီးပါလား” လမ်းဖြတ်ကူးရာမှာ သူ ကူညီခဲ့ဖူးသော အဘွားကြီး ဒေါ်ကြင်ဖြစ်နေလေ၏။ အဘွားကြီးကလည်း အောင်ဘာလေကို စူးစိုက်ကြည့်ရာမှ လက်မောင်းကို ဝမ်းသာအားရ ဆုပ်ကိုင်ပြီး “အလို … မင်း … ဟိုသူငယ်ကိုးကွယ့်” စခန်းမှူးမှာ မျက်လုံးပြူးသွားပြီး … “သူက … သူက အမေနဲ့လည်း သိတယ်၊ ဟုတ်လား” အဘွားကြီးက … “ဟုတ်ပါ့ … အမေ တစ်ခါ ပြောဖူးပါလား၊ လမ်းဖြတ်ကူးတဲ့အကြောင်း အဲဒါ ဒီသူငယ်ပေါ့၊ အမယ် … ခုမှ သတိရတယ်၊ အမေ့အတွက် ဒဏ်ငွေဆောင်ဖို့ သူစိုက်ပေးခဲ့တဲ့ ငွေနှစ်ရာတောင် ပြန်မပေးရသေးဘူး၊ ဟဲ့ … မင်းမှာ ငွေနှစ်ရာရှိရင် သူ့ကို ပေးလိုက်စမ်း” “ဗျာ …” “ဪ … ငွေနှစ်ရာ ပေးလိုက်ပါလို့” “ဟုတ် … ဟုတ်ကဲ့”

စခန်းမှူးက အောင်ဘာလေကို တစ်ရာတန်နှစ်ရွက် ထုတ်ပေးရသည်။ အောင်ဘာလေက ငြင်းသည်။ အဘွားကြီးက အိတ်ထဲ အတင်းထည့်ပေးရသည်။ အောင်ဘာလေ ထွက်သွားပြီးနောက် စခန်းမှူးက ရေရွတ်သည်။ “ဒီလို တရားခံမျိုး တစ်ခါမှ မကြုံဘူးပေါင်ဗျာ …” သည်လောက်နှင့် မပြီးသေး။ ဦးချစ်ထူးမှာ ဟိုတစ်ခါကလည်း အောင်ဘာလေကြောင့် ဆယ်သိန်းဆု ပေါက်ပြီးပြီ။ ခုတစ်ခါလည်း အောင်ဘာလေ ကူညီဖော်ထုတ်ပေးလို့ တရားခံတွေမိပြီး အခိုးခံရတဲ့ ပစ္စည်း ပြန်ရသည်။ ထို့ကြောင့် အောင်ဘာလေကို အလွန်ကျေးဇူးတင်မိ၏။ ဟိုတစ်ခါ အိမ်ကို လာလည်ဖို့ ဖိတ်သော်လည်း မရောက်ဖြစ်ခဲ့။ သည်တစ်ခါတော့ မလာမဖြစ် လာရမယ်ဆိုပြီး အိမ်ခေါ်၍ အကောင်းဆုံး ပြုစုကျွေးမွေးသည်။ အောင်ဘာလေမှာ ထိုအိမ်မှာပင် တစ်ခါတည်း နေဖို့အထိ ဖြစ်လာလေ၏။ အကြောင်းမှာ ဦးချစ်ထူး၏ သမီးကလေးသည် အလွန်လှသောကြောင့်ပင် ဖြစ်ပေသတည်း။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts