သို့သော် တစ်နေ့ နေ့လည်ပိုင်း သူ့ကို ချီးမွမ်းစကားဆိုရန် ရောက်သွားသည့်အခါ၌မူ မီးဖိုခန်းစားပွဲမှာ သူထိုင်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေတာ ကျွန်တော် တွေ့လိုက်ရသည်။ သူ ဘာတွေ စိတ်မချမ်းမသာ ဖြစ်နေသလဲ ကျွန်တော် မမေးပါ။ သူ့လက်ကလေးကိုသာ တိတ်ဆိတ်စွာ ဆုပ်ကိုင်ထားမိသည်။ အတော်ကြီးကြာတော့မှ သူ သက်ပြင်းတစ်ချက်ရှိုက်ကာ မျက်ရည်တွေသုတ်သည်။
“အင်းလေ၊ သူ ကောင်းစားဖို့အတွက်ကိုး၊ ကျွန်မ သူ့ကို လမ်းပိတ်မထားနိုင်ပါဘူး”
အငယ်လေးအကြောင်း သတင်းကောင်းတွေလည်း မကြာခဏ ရောက်၍လာသည်။ မိုက်ကယ်လေး၏ မွေးစားမိဘတွေက သူတို့ဆီမှာ ကလေးပျော်အောင် အစွမ်းကုန် ဂရုစိုက်ကြ ပြုစုယုယကြသည်။ အငယ်လေးကို သူတို့သားအရင်းအချာလိုပင် သုံးနှုန်းပြောဆိုနေကြပြီ။ တစ်နေ့မနက်မှာတော့ စိုးရိမ်ထိတ်လန့်ဖွယ် စာတစ်စောင် ရောက်ရှိ၍လာသည်။ အငယ်လေး နျူမိုးနီးယားဖြစ်ပြီး အပြင်းဖျားနေသည်တဲ့။
စာကိုကြည့်ရင်း ရို့စ်မျက်နှာလေး ဖြူရော်လာသည်။ နှုတ်ခမ်းအစုံကို တင်းနေအောင် သူစေ့ထားသည်။ မီးဖိုဆီ မလှုပ်မချောက်လျှောက်ကာ လက်ဖက်ခြောက်ဘူးကို ယူသည်။ မီးရထားလက်မှတ်ခ ပိုက်ဆံရေတွက်သည်။ “ကျွန်မ သူ့ဆီ လိုက်သွားမယ်”
တားကြဆီးကြတာတွေအားလုံး သူ တင်းတင်းမာမာ ငြင်းပယ်သည်။ . . . အငယ်လေးနှင့် ပတ်သက်လျှင် သူသာ ဘာမဆိုလုပ်နိုင်သည်ဆိုတာ မသိကြဘူးလား။ နေမကောင်းသည့်အချိန် သူချော့ကျွေးမှ အစာအာဟာရဝင်မည်။ ဆေးဆိုလျှင် သူတိုက်မှ သောက်သည်။ မအိပ်ဘဲနေလျှင်လည်း သူသာ နဖူးလေးကို လက်နဲ့အသာအယာ သပ်ပေးလိုက်၊ တော်ကြာ အိပ်သွားသည်။ . . . အဲသလိုတွေ သူက ယတိပြတ်ပြောဆိုပြီး ခရီးသွားဖို့သာ ပြင်ဆင်သည်။ ကလေးတွေကို အိမ်နီးချင်း တစ်ယောက်လက်အပ်ခဲ့ပြီး ဓာတ်ရထားစီးကာ ဘူတာရုံ သူ ဆင်းသွားသည်။
အဲသည်နေ့ညပိုင်းပင် ကာရိုးလ်ခြံသို့ သူရောက်သည်။ ဘယ်သူ့စကားမှ နားထောင်မနေဘဲ မိုက်ကယ်လေး ပြုစုဖို့တာဝန်ကို သူ့ကိုယ်သူ အပ်နှင်းလိုက်သည်။ ရောဂါက အတော်ပြင်းသည်။ နျူးမိုးနီးယားကြောင့် အဆုတ်တွေခဲကာ ကလေး အသက်ဝဝ မရှူမရဖြစ်နေပုံကို မကြည့်ရက်စရာ မြင်နေရကာ ရို့စ်ရင်ထဲ မချိတင်ကဲ ဖြစ်နေသည်။ အဆိုးဆုံးက ချောင်းဆိုးတာ။
သူ့ကို ရောဂါကူးမှာတွေ ဘာတွေ လုံးဝဂရုမစိုက်နိုင်။ ကလေး မချိမဆံ့ ချောင်းဆိုးသည့် အခါတိုင်း သူ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ ကလေး သက်သာလို သက်သာငြား ပွေ့ထား၊ ထူထား၊ ဖေးမပေးထားရသည်။ ပင်ပန်းတာ ညောင်းညာတာ အအိပ်အစားပျက်တာတွေ ဘာမှန်းမသိ၊ နေ့ရောညပါ သည်ကလေးကိုပဲ သူ အချိန်ပြည့် ပြုစုစောင့်ရှောက်နေခဲ့သည်။
နောက်တော့ ရောဂါအသည်းဆုံးအချိန်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ မိုက်ကယ်လေး ပြန်သက်သာလာတော့မှာဟု သူ့ကိုပြောပြကြသည်။ သည်တော့မှပဲ ကလေးအိပ်ရာဘေးမှ ယိုင်တီးယိုင်တိုင် သူထလာသည်။ လက်နှစ်ဖက်က နားသယ်ကို တင်းတင်းဖိသည်။ “ကျွန်မလည်း အခုမှ နားရတော့မယ်” သူက ယဲ့ယဲ့လေးပြုံးရင်း ဆိုသည်။ “ခေါင်းကိုက်လိုက်တာ တအားပဲ”
သူ့ခေါင်းက ရိုးရိုးကိုက်သည် မဟုတ်။ မိုက်ကယ်လေးဆီက ရောဂါပိုးတွေ သူ့ဆီ ကူးစက်ခဲ့ပြီ ဖြစ်သည်။ သို့သော် ပိုးတွေက အဆုတ်ကို မတိုက်ခိုက်။ ပို၍ ထိခိုက်နိုင်သည့်နေရာကို သွား၍ ထိုးနှက်ခဲ့သည်။ နျူမိုကော့ကိုင်း ရောဂါပိုးကြောင့်ဖြစ်သည့် ဦးနှောက်အမြှေးရောင်ရောဂါ။ ခေါင်းကိုက်ရာမှ ရို့စ် သတိလစ်၍သွားသည်။ ထိုလစ်သွားသော သတိက လုံးဝ ပြန်လည်မလာတော့ပေ။
သူ့အသက် ဆယ့်လေးနှစ်သာ ရှိသေးသည် ဆိုသည်ကိုကား ကျွန်တော်ပြောခဲ့ပြီး ထင်ပါသည်။
ပြီးခဲ့သည့်နွေက အထီးကျန်နိုင်လှသည့် စိမ့်မြေတောတစ်နေရာရှိ ဘုရားရှိခိုး ကျောင်းဝင်းတစ်ခုထဲ ကျွန်တော် ရောက်ရှိခဲ့သည်။ အနောက်ဘက် ဂေါ်လဝေး ပင်လယ်အော်ဆီမှ တိုက်ခတ်လာသည့် လေပြည်ထဲတွင် မလှမ်းမကမ်းရှိ ဆေးဖြူသုတ် တဲစုစုမှ မီးခိုးနံ့များ ဝေ့ဝဲပါလာသည်။ မီးခိုးနံ့က ထူးထူးခြားခြား စူးစူးရှရှ။ အိုင်ယာလန်၏ ဝိညာဉ် အိုင်ယာလန်၏ အငွေ့အသက်ဟု ဆိုရမည့် မခြောက်တခြောက် မြက်မီးခိုးနံ့။
ကျွန်တော့်ရှေ့ ကုန်းမို့စိမ်းစိမ်းလေးပေါ်၌ ပန်းခွေတစ်ခွေမျှ မတွေ့ရ။ သို့သော် မြက်ပင်တွေကြား တစ်စိတ်တစ်ပိုင်း ပုန်းခိုကာ ရိုးတံလေးတစ်ခု ထွက်နေတာ ကျွန်တော် မြင်မိသည်။ ဆူးကလေးတွေနှင့် ပန်းရိုင်းလေးတစ်ပင်။ ရိုးတံထိပ်မှာ နှင်းဆီဖြူလေး တစ်ပွင့်တည်း ပွင့်နေသည်။ သည်အခိုက် တိမ်ညိုတွေကြားမှ နေရောင်တစ်ချက် ပြူထွက်လာသည်။ နေရောင်က ပန်းပွင့်ဖြူဖြူလေးရယ် သူမ၏ နာမည် ရေးထိုးထားသည့် ကျောက်သား ဖွေးဖွေးရယ်ပေါ်သို့ ဒလဟော သွန်ဖြာကာ ရုတ်တရက် လင်းလက်တောက်ပလာချေသည်။
-ဖေမြင့် ရေးသားသော (ဘဝဒဿန ရသစာများ) စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်သည်။