“သင်ဟာ အအေးမိရောဂါ ဖြစ်နေစဉ်မှာ သင့်ခန္ဓာကိုယ်က တက်နိုင်သမျှ ဒီရောဂါတွေကို အားစိုက်ပြီး တိုက်ထုတ်ကာ ပြန်လည်ကောင်းမွန်အောင်လုပ်နေတဲ့အတွက် သင်ရဲ့ တုပ်ကွေး ဒါမှမဟုတ် အအေးမိရောဂါကို ပိုမိုဆိုးရွားစေနိုင်တဲ့ အမူအကျင့်ရှစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအမှုအကျင့်ရှစ်မျိုးကို ဝေဒနာ စတင်ခံစား ရချင်းမှာ ရပ်တန့်သင့်ပါတယ်။”
(၁) ဆေးလိပ်သောက်တာကို ရပ်တန့်ထားပါ
ဆေးလိပ်သောက်တာ ဒါမှမဟုတ် တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူတာတွေဟာ အသက်ရှူလမ်းကြောင်းအတွင်း ရောဂါကူးစက်နိုင်ခြေကို ပိုမြင့်မားစေနိုင်တဲ့အတွက် အအေးမိဝေဒနာ ပိုမိုဆိုးရွားနိုင်ပါတယ်။ ဒါကြောင့် မိမိပါတ်ဝန်းကျင်မှာ အအေးမိရောဂါအဖြစ်များနေရင် ဆေးလိပ်သောက်တာကို ရပ်ထားပါ။ ဒါမှမဟုတ် တစ်သက်တာလုံး ဆေးလိပ်ဖြတ်နိုင်ရင် ပိုမိုကောင်းမွန်ပါတယ်။
(၂) ပဋိဇိဝဆေး သုံးချင်စိတ်ကို ရပ်တန့်လိုက်ပါ
အအေးမိတုပ်ကွေးရောရရှိနေလို့ ဆရာဝန်ဆီမှာ ပဋိဇိဝဆေးတောင်းသုံးတဲ့ အကျင့်ကို ဖျောက်လိုက်ပါ။ သင့်အိမ်မှာရှိတဲ့ ဆေးဗီဒိုတွေထဲက အကြွင်းအကျန် ပဋိဇီဝဆေးတွေကိုလည်း သောက်ဖို့မစဉ်းစားပါနဲ့။ ပဋိဇီဝဆေးဟာ အအေးမိနှာဆေးရောဂါအတွက် ဘာမှ အသုံးမဝင်တာကြောင့်ပါ။
(၃) တုပ်ကွေးဖြစ်နေစဉ်မှာ သင်အလုပ်လုပ်နိုင်စွမ်းရှိတယ်ဆိုတဲ့ စိတ်ကူးကို ရပ်တန့်လိုက်ပါ
သင်တုတ်ကွေးဖြစ်နေစဉ်မှာ သင်လုပ်ရမယ့် ရုံးအလုပ်တွေ များနေတာကြောင့် ဒါမှမဟုတ် သင်နဲ့တွဲဖက် လုပ်ရတဲ့သူ အလုပ်များလွန်းမှာကို စိုးရိမ်နေတာကြောင့် မသွားဖြစ် ရုံးသွားမယ်ဆိုတဲ့ စိတ်ထားကို ဖျောက်လိုက်ပါ။ ဒီရောဂါက ကူးစက်လွယ်တာမို့ သင်အိမ်မှာနေတာကိုပဲ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဝမ်းသာနေရမှာပါ။ သင်အဖျားကျပြီး အနည်းဆုံး ၂၄ နာရီကြာမှ အလုပ်ပြန်သွားဖို့ စိတ်ကူးပါ။
(၄) စိတ်ဖိစီးမှုကို ရပ်တန့်ထားပါ
လေ့လာမှုများအရ စိတ်ဖိစီးမှုကြောင့် အအေးမိရောဂါကူးစက်လွယ်ပြီး ရောဂါဖြစ်နေစဉ်မှာလည်း ဝေဒနာတွေ ပိုဆိုးရွားနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဝေဒနာအမြန်သက်သာအောင် စိတ်ဖိစီးမှုကိုရပ်တန့်ပြီး အိပ်ရေးဝဝ အိပ်ဖို့ လိုအပ်ပါတယ်။
(၅) Hand Sanitizer အသုံးပြုတာကိုရပ်တန့်ထားပါ
Hand Sanitizer တွေမှာ အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်တာကြောင့် ရောဂါပိုးကို သန့်စင်နိုင်တယ်ဆိုပေမယ့် လက်ကို ဆပ်ပြာနဲ့ သေချာသန့်စင်ကို ဆေးကြောတာက ပိုးမွှားတွေကို ဖယ်ရှားဖို့ အကောင်းဆုံးနည်းလမ်းပါ။ လက်ကို ဆပ်ပြာတိုက်ပြီး စက္ကန့် ၂၀ကြာ ပွတ်တိုက်ကာ ရေနဲ့ ဆေးကြောပေးပါ။
(၆) ဆေးဝါးပေါ်မှာ မှီခိုလွန်းတာကို ရပ်န့်လိုက်ပါ
အအေးမိနှာစေးပျောက်ဆေးတွေကို ရက်အနည်းငယ်ထက်ပို အသုံးပြုမိပါက ရောဂါပိုဆိုးရွားစေတက်ပါတယ်။
ဆေးပုလင်းပေါ်ကဆေးညွှန်းအတိုင်းသာ အသုံးပြုသင့်ပါတယ်။ သင်နှာပိတ်တာတွေအတွက် အကောင်းဆုံးနည်း
လမ်းက ဆားရည်ကိုနှာခေါင်းထဲ အစက်ချထည့်တာ ဒါမဟုတ် ရေနွေးငွေ့ရှူတာပါ။
(၇) ကော်ဖီပြင်းပြင်းသောက်တာကို ရပ်တန့်လိုက်ပါ
သင်ဖျားနေစဉ်မှာ ကဖင်း ဒါမှမဟုတ် အယ်လ်ကိုဟောကို ရှောင်တာက အကောင်းဆုံးပါ။ သူတို့ကြောင့် ဆီးရွှင်နိုင်တဲ့အတွက် သင့်ကို ရေဓာတ်ချို့တဲ့စေနိုင်ပါတယ်။ ရေနွေးထဲ ပျားရည်ထည့်သောက်တာက ချောင်းဆိုးတာနဲ့ လည်ချောင်းနာတာကို ယာယီသက်သာပြီး အိပ်စက်မှုကို ကောင်းမွန်စေပါတယ်။ဒါပေမယ့် တစ်နှစ်အောက် ကလေးတွေကိုတော့ ပျားရည်မတိုက်သင့်ပါဘူး။
(၈) ဘာမှ မစားမသောက်ပဲနေတာကို ရပ်တန့်လိုက်ပါ
အအေးမိတုပ်ကွေးဖြစ်နေစဉ်မှာ ခံတွင်းပျက်တက်ပေ့မယ် ရောဂါဖြစ်နေသူအတွက် အရည်ဓာတ်အများအပြားရရှိ
ဖို့လိုအပ်ပါတယ်။ အရည်ဓာတ်ရရှိဖို့နဲ့ အာဟာရဖြစ်စေဖို့အတွက် ကြက်စွပ်ပြုတ်ရည်သောက်ပေးပါ။ ကြက်စွပ်ပြုတ်ရည်က ရောင်ရမ်းမှုကို ပျောက်စေနိုင်တဲ့ ဂုဏ်သတ္တိရှိမို့ အအေးမိဝေဒနာတွေ သက်သာနိုင်ပါတယ်။
ဒေါက်တာခင်မိုးမိုး ရေးသားထားသော သင့်ကျန်းမာရေးအတွက် ရှောင်ရန် အမှုအကျင့်များ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။