100b

သြဇာပေးခြင်း ကို မည်သူမျှ မခံချင်

သြဇာပေးခြင်း ကို မည်သူမျှ မခံချင် ~~~~
ကျွန်ုပ်သည် များမကြာမီက အမေရိကန် အတ္ထုပတ္တိရေးဆရာများ၏ ပါရဂူဖြစ်သော မစ္စအိုင်ဒါတာဘဲ နှင့်အတူ ညစာထမင်းစားခဲ့၏။ ယခုစာအုပ်ကို ရေးနေသည့်အကြောင်း ကျွန်ုပ်က သူ့ကို ပြောပြရာမှ လူတို့နှင့် ပေါင်းသင်းဆက်ဆံရေးအကြောင်းကို စတင်ဆွေးနွေးကြပါသည်။ ထိုသို့ ဆွေးနွေးရာတွင် အိုဝင်ဒီယန်း ဆိုသူ၏ အတ္ထုပတ္တိကို ရေးရန်အတွက် အိုဝင်ဒီယန်းနှင့် သုံးနှစ်တိုင်တိုင် တစ်ခန်းတည်း အလုပ်လုပ်ဖူးသူတစ်ဦးထံ အိုဝင်ဒီယန်း၏အကြောင်းကို စုံစမ်းသောအခါ အောက်ပါအတိုင်း မည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက်သြဇာပေးခဲ့သည်ကို သုံးနှစ်လုံးလုံး တစ်ခါဖူးမျှ မကြားခဲ့ဖူးချေ ဟူ၍ ထိုလူက ပြောပြ၏။

ယန်းသည် သြဇာကို ဘယ်အခါမျှ မပေး၊ အကြံဉာဏ်များကိုသာ ပေးလေ့ရှိသည်။ ဥဒါဟရုဏ်၊ ‘ဒါ လုပ်လိုက်၊ ဟိုဟာလုပ်လိုက်’ ‘ဒါ မလုပ်နဲ့၊ ဟိုဟာ မလုပ်နဲ့’ အစရှိသည်ဖြင့် မည်သည့်အခါမျှမပြော၊ ‘ဒါကို မင်းကိုယ်တိုင် စဉ်းစားကြည့်လေ၊ ဘယ့်နှယ်လဲဟေ့၊ ဒီလိုဆိုရင် ဖြစ်ပါ့မလား’ စသော စကားမျိုးကိုသာ ပြောပြလေ့ရှိ၏။ သူကိုယ်တိုင် စာတစ်စောင်ကို ရေးပြီးသောအခါ သူ့လက်ထောက်များကို ခေါ်၍ ‘ဒီစာကို မင်းတို့ ဘယ့်နှယ် သဘောရသလဲ’ ဟူ၍ မကြာခဏ မေးလေ့ရှိ၏။ သူ၏လက်ထောက်ရေးထားသော စာတစ်စောင်ကို ဖတ်ပြီးသောအခါ ‘ဒီအကြောင်းကို ဒီလိုပြင်ပြီး ရေးလိုက်ရရင် ပိုပြီး ကောင်းလာမလား’ ဟူ၍သာ ပြောလေ့ရှိ၏။

သူသည် တစ်ဖက်သားကို သူတို့ကိုယ်တိုင် အလုပ်လုပ်နိုင်ရန် အခွင့်ကောင်းများကို အစဉ်ပေးခဲ့လေသည်။ သူ၏ လက်ထောက်များကို ဘာလုပ်လိုက်၊ ညာလုပ်လိုက် အစရှိသည်ဖြင့် ဘယ်အခါမျှမပြော၊ သူတို့မှန်သည်ထင်သလို အလုပ်ကိုလုပ်စေ၍ သူတို့ကိုယ်တိုင် တွေ့ရသောအမှားများ နည်းမှန်လမ်းမှန်ကို ကိုယ်တိုင် သင်ယူစေလေသည်။

ဤနည်းမျိုးကို သုံးသောအခါ တစ်ဖက်သားသည် မိမိ၏ အမှားကိုပြင်ရန် ဝန်လေးတော့မည် မဟုတ်ပေ။ ဤနည်းမျိုးကို သုံးသောအခါ တစ်ဖက်သား၏ မာနကိုလည်း ချိုးနှိမ်ရာ မရောက်သည့်အပြင် သူကိုယ်တိုင်ပင်သူ အထင်ကြီးအောင် လုပ်ပေးရာရောက်လေသည်။ ဤနည်းကို သုံးခြင်းဖြင့် တစ်ဖက်သားသည် သင့်ကို ကလန်ကဆန်လုပ်မည့်အစား အကူအညီပေးမည် ဖြစ်၏။

တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေဘဲ စိတ်ပြောင်းလာအောင် လုပ်လိုပါလျှင် တိုက်ရိုက် သြဇာပေးခြင်း ပြုလုပ်မည့်အစား လိုရင်းကိစ္စကို ပြီးစီးစေမည့် မေးခွန်းများကို မေးပါ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts