သမိုင်းအယူအဆ နှင့် ကာလာမသုတ္တန် – အနော်ရထာနှင့် ရှင်အရဟံအကြောင်းတို့ကို ရေးသားထုတ်ဝေပြီးသည့်အခါ အနယ်နယ်၊ အရပ်ရပ် စာဖတ်ပရိသတ်များထံမှ အကြောင်းကြားမှုများ ခပ်စိပ်စိပ် ကြားလာရသည်။ ယင်းမှာ အခြားမဟုတ်။
အနော်ရထာမင်း၊ ရှင်အရဟံ မထေရ်တို့နှင့် ဆက်နွယ်နေသော သမိုင်းတွင် အရေးပါခဲ့သည်။ “သထုံဘုရင် မနူဟာမင်း” အကြောင်းအား သီးခြားရေးပေးဖို့ တောင်းဆိုလာကြခြင်းပင် ဖြစ်သည်။ စာဖတ်ပရိသတ်ရင်ထဲ၌ မနူဟာမင်းအကြောင်းကို ထွေပြား၊ ဝေဝါးစွာ ရှိနေကြကြောင်းနှင့် ကွဲပြားခြားနားသော သမိုင်းဆိုင်ရာ အချက်အလက်များကို သိလိုခြင်းဆန္ဒ ပြင်းပျနေကြသည်။ ရာဇဝင်ဆိုင်ရာ စာအုပ်စာတမ်းများတွင် ဖော်ပြထားသော ဘုရင်မနူဟာ၏ အကြောင်းသည်လည်း အချို့ အချက်အလက်များမှာ အမြင်ခြင်းမတူညီကြဘဲ ကွဲပြားခြားနားလျက်ရှိကြောင်း တွေ့နိုင်ပါသည်။ ဦးကုလားမဟာရာဇဝင်၊ မှန်နန်းရာဇဝင်၊ သုသောဓိတမဟာရာဇဝင်ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်သမိုင်းနှင့် အခြားအခြားသော ရာဇဝင်အစောင်အစောင်တို့တွင် မနူဟာမင်းအကြောင်းဖော်ပြချက်များမှာ တူညီမှုမရှိဘဲ ကွဲပြားလျက်ရှိကြောင်း တွေ့နိုင်ပါသည်။
အဓိကအချက်ကား… ဘုရင်မနူဟာသည် စစ်ရှုံးသည့်နန်းကျဘုရင်တစ်ပါးလော။ သို့တည်းမဟုတ် အနော်ရထာခေါ်ဆောင်ခဲ့သဖြင့် ပုဂံသို့ လိုက်ပါလာခဲ့သလော။ ထို့အပြင် ပိဋကတ်တော်အရေးကိစ္စ၊ မြစ်တော်နာဂသမန်းနှင့် လက်ဆက်သည့် ရွှေအိမ်သည် မင်းသမီး၏ နာမည်တူပြဿနာ၊ မနူဟာမင်းကြီး၏ မိဖုရားနှင့် အနော်ရထာတို့၏ တော်စပ်မှုပြဿနာ စသည်ဖြင့် ရှုပ်ရှုပ်ထွေးထွေး ရှိလေသည်။ မင်းတစ်ပါး၏ရာဇဝင်ကား စာအုပ်စာတမ်း၌ မှတ်ဖွယ်မှတ်ရာအမြင်ဖြင့် ဖတ်မည်ဆိုလျှင် ယေဘုယျသာ သိနိုင်ကောင်း သိနိုင်မည်ဖြစ်သော်လည်း ထဲထဲဝင်ဝင် သုတေသန လုပ်ကြည့်ပြီးလျှင် ကျမ်းအစောင်စောင်တို့နှင့် ညှိနှိုင်းတိုက်ဆိုင်စစ်ဆေးကြည့်သောအခါ ကွဲပြားမှုများ တွေ့လာနိုင်ပေသည်။
အချို့သော သမိုင်းစာဖတ်ပရိသတ်ကား သူတို့ တွေး၊ သိ၊ ကြည့်မြင်သော သမိုင်းအမြင်များကို ဆင်ခြေပေးခြင်း၊ စောဒကတက်ခြင်းဖြင့် ငြင်းခုံလာတတ်ကြသည်။ စာဖတ်သူများပင်မဟုတ်၊ သမိုင်းပညာရှင်အချင်းချင်း၊ စာပေသုတေသီအချင်းချင်းပင် တစ်ခါတစ်ရံ၌ သမိုင်းဆိုင်ရာအချက်အလက်များအပေါ် ငြင်းကြခုံကြသည့် ပွဲများမကြာခဏ ကြုံတွေ့ရသည်။ ထို့ကြောင့် သမိုင်းအချက်အလက်၊ မမှန်ကန်၊ မတိကျခဲ့ပါမူ ဝိရောဓိဖြစ်စရာများ၊ ပဋိပက္ခဖြစ်စရာများ ကြုံကြိုက်ခဲ့ရပြီး သဘောကွဲလွဲမှုများ ဖြစ်ပေါ်လေ့ရှိသည်။ ထို့ကြောင့်ပင် သမိုင်းဝင်စာမျက်နှာများ ရေးသားရာတွင် သုံးသပ်ချက် ကင်းရှင်းအောင် အမြဲဂရုစိုက်ရသည်။ စာဖတ်သူသာလျှင် လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ သဘောကွဲလွဲခွင့်ရှိပြီး၊ လွတ်လပ်စွာ လက်ခံယုံကြည်ခွင့် ရှိကြသည်။
သမိုင်းကို အချို့က ကျောက်စာကို အမှန်ယူ၍ အားကိုးသည်။ အချို့က စာပေကျမ်းဂန်တို့ကို အားကိုးသည်။ အချို့က မြေပေါ်မြေအောက် ရုပ်ဝတ္ထုပစ္စည်းတို့ပေါ် အခြေခံ၍ ညှိနှိုင်းသည်။ အချို့က ခေတ်ပြိုင်အထောက်အထားတို့နှင့် ချိန်ဆကြည့်ပြီးမှ လက်ခံသည်။ စသည် စသည်ဖြင့် အမျိုးမျိုးအထွေထွေ ရှိလေသော်လည်း “အမှားတွေ့လျှင် အမှန်ပြင်ရန်” ဝန်မလေးဖို့မှာ သမိုင်းသုတေသီတို့၏ စံဖြစ်သည်။ မည်သည့်သမိုင်းကိုပင် မှန်လှပါပေသည်ဟု တစ်ထစ်ချ ယုံကြည်ကိုးစား၍ မဖြစ်သင့်ပေ။ သမိုင်းလိမ်၊ သမိုင်းညာများလည်း လောက၌ ရှိခဲ့သည်ကို သတိချပ်ရန်ဖြစ်သည်။ ထိုအချက်နှင့် စပ်လျဉ်း၍ သမိုင်းဖတ်ရှုသောသူများ၊ သုတေသီများ၊ သမိုင်းဆိုင်ရာ ပုဂ္ဂိုလ်များတို့သည် ဗုဒ္ဓ၏ ကာလာမသုတ္တန်အား ဂရုပြုသင့်လှသည်။
ကာလာမသုတ္တန်သည် သမိုင်းဆိုင်ရာနှင့်သာမက လူသားတစ်ဦး၏ဦးနှောက်ကို ဆင်ခြင်တုံတရား ဖြစ်ပေါ်စေရန် လမ်းပြပေးသည့် အလင်းတန်းဖြစ်သည်။ ကာလာမသုတ္တန်ကား … လက်ကိုင်ထားသင့်လှပါပေသည်။ ယင်းကို အနည်းငယ် အချုပ်အားဖြင့် ဖော်ပြပေးလိုက်ပါမည်။ အခါတစ်ပါး၌ ဗုဒ္ဓသည် ကောလသပြည်၊ ကေသမုတ္တိမြို့ငယ်တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤမြို့နေ လူအပေါင်းတို့အား ကာလာမအမျိုးအနွယ်များဟု ခေါ်တွင်ကြလေသည်။ ၎င်းတို့မြို့သို့ မြတ်ဗုဒ္ဓ ရောက်ရှိလာကြောင်း ကြားသောအခါ ကာလာမအမျိုးသားတို့သည် ဗုဒ္ဓထံသို့ ဆည်းကပ်၍ ဤသို့ လျှောက်ထားကြသည်။ “အရှင်ဘုရား … ကေတမုတ္တိသို့ ရသေ့ပုဏ္ဏားအချို့တို့ ရောက်ရှိလာကြပါသည်။ သူတို့သည် သူတို့၏အယူဝါဒကိုသာ ရှင်းလင်းပြ ထင်ရှားစေပါသည်။ အခြားအယူဝါဒများကို မထီလေးစား ရှုတ်ချပစ်ပယ်ကြပါသည်။
ထို့နောက် အခြားက ရသေ့ပုဏ္ဏားတို့ ရောက်လာကြပြန်ပါသည်။ သူတို့ကလည်း သူတို့၏ အယူဝါဒကိုသာ ရှင်းလင်းပြ ထင်ရှားစေကုန်ကြပြန်ပါသည်။ အခြားသူများ၏ အယူဝါဒများကို မထီလေးစား ပြုကြပါသည်။ ရှုတ်ချကြပါသည်။ ပစ်ပယ်ကြပါသည်။ ဘုရားတပည့်တော်တို့မှာ ကြည်ညိုလေးမြတ်ဖွယ်သော ဤရသေ့ပုဏ္ဏားများတွင် မည်သူက အမှန်စကားပြော၍ မည်သူက မမှန်တရားဟောသွားကြသည်ကို မဝေခွဲနိုင်အောင် အစဉ်စိတ်ရှုပ်ပွေကာ သံသယဖြင့် ထွေဝေလျက် ရှိပါသည်ဘုရား” ထိုအခါ ဗုဒ္ဓရှင်တော်ဘုရားက ဘာသာရေးသမိုင်းတစ်လျှောက်တွင် ထူးထူးခြားခြား ပြိုင်ဘက်ကင်းသည့် ဤဩဝါဒစကားကို မြွက်ကြားတော်မူခဲ့လေသည်။ “ဟုတ်ပေသည်၊ ကာလာမအမျိုးသားတို့ … ယုံမှားဖွယ်ရာကိစ္စတွင် သံသယဖြစ်ပေါ်လာသောကြောင့် သင်တို့သည် ယုံမှားသံသယရှိသင့်ကြပေသည်။ စိတ်ရှုပ်ခြင်း ဖြစ်သင့်ကြပေသည်။ ယခု ရှုကြပေလော့။ …
ကာလာမအမျိုးသားတို့ …
- သတင်းစကားကို ကြားရရုံမျှဖြင့် နားမယောင်နှင့်။
- အစဉ်အလာဖြစ်ပေသည်ဟူ၍လည်း လက်မခံနှင့်။
- လူပြော သူပြော တစ်ဆင့်စကားကိုလည်း မယုံလေနှင့်။
- ဘာသာရေးကျမ်းကြီးများ ကိုးကားပြော၍လည်း မှန်လှပြီ မထင်လေနှင့်။
- တက္ကနည်းနှင့် ဆင်ခြင်ကြံဆယူရုံမျှကိုလည်း နားမယောင်လေနှင့်။
- ပုံပန်း၊ အမြင်သဏ္ဌာန် ကြည့်၍လည်း မဆုံးဖြတ်နှင့်။
- ရော်ရမ်းမှန်းဆယူရသော သဘောထင်မြင်ချက်ကိုလည်း အမှန်ဟု မမှတ်ယူနှင့်။
- ထင်မြင်ရရုံဖြင့် ဖြစ်နိုင်ကောင်း၏ဟု မယုံကြည်လေနှင့်။
- ကိုးကွယ်ဆည်းကပ်ရာ ဆရာသမားဖြစ်ပေသည်ဟူသော သဘောကြောင့်လည်း မှန်လှပြီဟု တစ်ထစ်ချ မမှတ်ကြကုန်ရာ။
အို … ကာလာမနွယ်ဖွား အမျိုးသားတို့ အချို့သော အကြာင်းတရားသည် အကုသိုလ်ဖြစ်သည်၊ မမှန်မကန်၊ မကောင်းကျိုးကိုသာ ဖြစ်စေသည်ဟု အသင်တို့ကိုယ်တိုင်ကိုယ်ကျ သိရှိ၏။ ထိုအကြောင်းတရားများကို စွန့်ပယ်ကြပေလော့။ အချို့သောအကြောင်းတရားများမှာမူ ကုသိုလ်ဖြစ်သည်၊ ကောင်းကျိုးကို ဖြစ်စေသည်ဟု အသင်တို့ ကိုယ်တိုင်ကိုယ်ကျ သိ၏။ ထိုအကြောင်းတရားများကို နှစ်သက်စွာ လက်ခံ၍ လိုက်နာကျင့်ကြံကြပေတော့။” ဤကား … ဗုဒ္ဓ၏ ကာလာမသုတ္တန်လာ ဩဝါဒပင် ဖြစ်သည်။ မိမိတို့သည်လည်း မည်သည့်ကျမ်း၌ ဖော်ပြထားပေသည်၊ မည်သည့်ကျောက်စာ၌ ရေးထိုးထားခဲ့ပေသည်၊ မည်သည့်ပညာရှိက ဤသို့ ဆိုခဲ့ပေသည်ဟူ၍ ယုံမှား၊ သံသယရှိခဲ့ပါလေမူ … ဗုဒ္ဓ၏ ကာလာမအမျိုးသားတို့ကို ဆုံးမဩဝါဒပေးခဲ့သည့် ဗုဒ္ဓစကားအား မမေ့လျော့သင့်ကြပေ။
ထို့ကြောင့် ရာဇဝင်သမိုင်းတွင် မနူဟာမင်းအကြောင်းသာမက အခြားသော သံသယရှိဖွယ်မှန်သမျှတို့ကို တွေ့လျှင်လည်း ကာလာမသုတ္တန် စံနှုန်းနှင့် ချိန်ထိုးကြည့်ရန် တိုက်တွန်းရမည်သာ ဖြစ်သည်။ သထုံဘုရင် မနူဟာမင်း၏ ရာဇဝင်မှာလည်း အက်ကြောင်းထင်လျက်ရှိသော မှန်တစ်ချပ်သဖွယ် အမှန်မြင်နိုင်ရန် ကြိုးစားအားထုတ်ကြည့်ရမည့် ရာဇဝင်ဖြစ်နေပေသည်။ ယုံကြည်လက်ခံခြင်း၊ လက်မခံခြင်းနှင့် သဘောထားတိုက်ဆိုင်ခြင်း၊ ကွဲလွဲခြင်းတို့မှာ မိမိတို့ တာဝန်သာဖြစ်ပေကြောင်း သတိချပ်သင့်ပေသည်။
ရာဇဝင် သမိုင်းဟူသည်ကား … မိမိမသိ၊ မမှီလိုက်သော အတိတ်ကာလများမှ အဖြစ်အပျက်တို့ ဖြစ်သောကြောင့် နိုးကြားသော ဉာဏ်အသိစိတ်ဖြင့် ချဉ်းကပ်ကြည့်စေလိုကြောင်း ညွန်းဆိုလိုက်ရပေသတည်း။
သန်းထွန်း(လှည်းကူး) ရေးသားထားသော သမိုင်းဝင်္ကပါနှင့် ဘုရင်မနူဟာ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။