လူတို့သည် နေအိမ်၏ စည်းစိမ်၊ လုံခြုံမှု၊ အန္တရာယ်ကင်းရှင်းမှုကို စွန့်လွှတ်ပြီး ထူးဆန်းဝေးလံသော အရပ်ဒေသများသို့ ခရီးထွက်ကြသည်။ ဤစကြာဝဠာတွင် တွန်းအားဆွဲအားမရှိဘဲ မည်သည့်အရာမှ မရွေ့ပါ။ လူသားများလည်း မကင်းပါ။ ယင်းနိယာမကို လိုက်နာကြရသည်။ ပြုပြင်၍မရသော ရုပ်ဝတ္တုတို့ လိုက်နာရသည့် နိယာမများပင်။ သူတို့ အေးငြိမ်းလုံခြုံတဲ့ နေအိမ်ကစပြီး ဘာကရွေ့လျား ထွက်ခွာစေတာလဲ။ သိစေချင်ပေါ့။ လူသားတို့၏ သိချင်စိတ်သည် ခရီးထွက်ရန် တွန်းပို့နေသည့် တစ်ခုတည်းသော စွမ်းအားဖြစ်သည်။ ထိုစွမ်းအားသည် ခရီးသည်များဖြစ်လာအောင် ဆွဲဆောင်လျက်ရှိသည်။ ဝေးလံခေါင်သီ နေရာဒေသများကို မြင်လိုကြသည်။ ထူးဆန်းသော စကားသံများကို ကြားချင်ကြသည်။ မတွေ့ဖူးသော အစားအသောက်တို့ကို မြည်းစမ်းကြည့်ချင်ကြသည်။ ထူးဆန်းသော ဓလေ့ထုံးတမ်းတို့ကို လေ့လာချင်ကြသည်။ ရှင်းပြ၍ မရသော ရိုးရာလှုပ်ရှားမှုကို ကြည့်ရှုခံစားလိုကြသည်။ ရှင်းပြ၍ မရနိူင်သော ရိုးရာလှုပ်ရှားမှုကို ကြည့်ရှုခံစားလိုကြသည်။ လူသူအသွားအလာ အရောက်အပေါက်နည်းသော ဒေသများကို ရောက်ဖူးချင်သည်။ ခရီးသည်တို့သည် နိူင်ငံစုံသို့ ရောက်ဖူးကြသည်။ အမျိုးသမီးတို့ အသုံးပြုကြသော အလှပြင်ပစ္စည်း အမျိုးအမည် မရေတွက် နိူင်အောင်ရှိသည်ကို သိပြီးဖြစ်သည်။ သို့သော် မြန်မာအမျိုးသမီးတို့ မျက်နှာမှ သနပ်ခါး ကို မြင်သောအခါ သူတို့တကယ်ပင် စိတ်ဝင်စား ကြသည်။
မြန်မာတို့ သနပ်ခါး သုံးကြသည်မှာ နှစ်ပေါင်းထောင်ကျော်က ဖြစ်သည်။ ရုက္ခဗေဒပညာရှင်တို့အတွက် သနပ်ခါးပင်သည် Murraya Exotica ဖြစ်သည်။ ရေရှားသော ဒေသများမှာ သနပ်ခါး အရည်အသွေးကောင်းသည်။ ရေအရှားဆုံးဒေသမှာ အကောင်းဆုံးဖြစ်သည်။ အကောင်းဆုံး သနပ်ခါးကို ပခုက္ကူ၊ ရွှေဘို နှင့် အရာတော်တဝိုက်မှာ ရကြသည်။ မြေသြဇာကောင်းသော ဒေသမှာ စိုက်လျှင် သနပ်ခါးပင်သည် ၄နှစ်အရွယ်တွင် သီးသည်။ တန်ခူး၊ ကဆုန်မှာပွင့်၍ ဝါခေါင်၊ တော်သလင်းမှာ အသီးရင့်သည်။ သနပ်ခါး၏ နူးညံ့သော အခေါက်သည် သွေး၍ လိမ်းရန် အကောင်းဆုံးဖြစ်သည်။ သနပ်ခါးတုံးသည် အများအားဖြင့် အချင်း ၁” မှ ၂” အထိ ရှိ၍ အလျား ၆” မှ ၁၀” အထိရှိသည်။ သနပ်ခါးသွေးရန် အထူးပြုလုပ်ထားသော ကျောက်ပျဉ်မှာ သွေးရသည်။ ကျောက်ပျဉ်မှာ အရွယ်စုံရှိသည်။ ပုံစံမှာ အဝိုင်းဖြစ်ပြီး အောက်ဘက်မှ ခြေထောက်ဘုကလေး ၃ ဘု ပါသည်။ အထက်မျက်နှာပြင်ဘက်တွင် သွေးခုံအဝိုင်းကို ဘေးမှ မြောင်းကလေးဖြင့် ပတ်ဝိုင်းထားသည်။ သနပ်ခါးတုံးကို
အလျားလိုက်ထားပြီး လက်ချောင်းလေး ၁၀ချောင်းဖြင့် မြဲမြံစွာကိုင်၍ သွေးရသည်။ ကျောက်ပျဉ်ပေါ် ရေအနည်းငယ်
ပက်၍ သွေးသောအခါ ခပ်ပျစ်ပျစ် သနပ်ခါးကို တန်း၍ လိမ်းရသည်။ ထပ်မံပြုပြင်စရာ ဖြည့်စွက်စရာ ဘာမှမလိုပါ။
မြန်မာအမျိုးသမီးသည် (၅) နှစ်အရွယ်ဖြစ်စေ၊ (၈၅) နှစ်အရွယ် ဖြစ်စေ သနပ်ခါးမပါလို့မဖြစ်ပါ။ တကိုယ်လုံး အထူးသဖြင့် လူမြင်ကွင်းအားလုံး ခြေဆုံးခေါင်းဆုံး လိမ်းကြသည်။ အမျိုးသမီးငယ် တို့သည် ပါးနှစ်ဖက်မှာ သစ်ရွက်ပုံ၊ ပန်းပုံမှအစ ပါးကွက်အမျိုးမျိုး ကွက်ကြသည်။
သနပ်ခါးသည် ယဉ်ယဉ်ကလေးမွှေးသောကြောင့် ယင်းအနံ့ကို မကြိုက်သူ မရှိချေ။ လူတိုင်းနှစ်သက်သည်။ ရှေးအခါက ယောကျာ်းလေးများသည် သနပ်ခါးလိမ်းကြသည်။ အထူးသဖြင့် ညစာစားပြီး သနပ်ခါးလိမ်းပြီး အိပ်ကြသည်။ မနက်စာမစားခင် မျက်နှာသစ်ပစ်ကြသည်။ မျက်နှာမှာ အဆီပြန်ခြင်းကို သက်သာစေသည်။ အရေပြားရောဂါပိုး ထိခိုက်မှု၊ နေလောင်မှုဒဏ်မှ ကာကွယ်ပေးသည်။ ကလေးငယ်များကို မိခင်တို့သည် မွေးကင်းစမှစ၍ သနပ်ခါးလိမ်းပေးကြသည်။ အထူးသဖြင့် နွေရာသီမှာ အပူခံအောင် လိမ်းပေးကြသည်။
အမျိုးသမီးတိုင်း အရပ်သူမှ မိဖုရားအထိ သနပ်ခါးလိမ်းကြသည်။ မြန်မာ့သမိုင်းမှာ ဘုရင်မတစ်ပါး ရှိဖူးသည်။ ထိုဘုရင်မကြီးမှာ ရှင်စောပုဖြစ်ပြီး သနပ်ခါးလိမ်းသည်။ ပဲခူးမြို့ ရွှေမော်ဓောစေတီသို့ ရောက်လျှင် အနောက်ဘက် အဝင်ပေါက် ဘေးနားရှိ ပြခန်းသို့ ဝင်လေ့လာပါ။ ကျောက်ပျဉ်နှစ်ချပ်ကို တွေ့ရပါမယ်။ တစ်ချပ်က အသစ်ဖြစ်၍ နောက်တချပ်က အပဲ့ကလေးနှင့် အသုံးပြုပြီး ကျောက်ပျဉ်အဟောင်းကလေးသည် ဘုရင်မကြီး ရှင်စောပု၏ ကျောက်ပျဉ်ဖြစ်သည်။
ဦးသန်းဖေ ရေးသားထားသော မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ နှင့် မြန်မာ့ရှုခင်း စာအုပ်မှ ကူးယူဖော်ပြထားပါသည်။