သင်ပြောကြားမည့် စကားများကို ပြန်လည်ပြုပြင် တည်ဆောက်ခြင်း
သင့်အနေဖြင့် အပျက်သဘောဆောင်ပြီး အဓိပ္ပာယ်မရှိသော စကားလုံး၊ ဝါကျများကို ပြောနေမိကြောင်း ချက်ချင်း သတင်းပြုမိပါစေ။ ထို့နောက် ပို၍ အပြုသဘောဆောင်ပြီး အဓိပ္ပာယ်ရှိသော စကားလုံး၊ ဝါကျများနှင့် ပြင်ဆင်ပြောကြားသော အလေ့အကျင့်ကို ရရှိအောင် ဆောင်ရွက်ပါ။
‘ဖြစ်သင့်သည်’ ဆိုသော ဝေါဟာရကို ရှောင်ကြဉ်ခြင်း
သင့်အနေဖြင့် လက်ရှိဆောင်ရွက်နေသောကိစ္စနှင့် ကွဲလွဲခြားနားသော အခြားကိစ္စတစ်ခုခုသို့ ပြောင်းလဲ ဆောင်ရွက်လိုသည်ဆိုပါက “ကျုပ် လုပ်သင့်တယ်၊” “ကျုပ် မလုပ်သင့်ဘူး၊” “ကျုပ် မဖြစ်မနေ လုပ်ရလိမ့်မယ်၊” “ကျုပ် လုပ်ကိုမလုပ်သင့်တော့ဘူး” ဆိုသည့် ဝါကျများကို အသုံးပြုကောင်း ပြုပေလိမ့်မည်။ သို့ရာတွင် အဆိုပါစကားလုံးများကို သုံးစွဲလိုက်သောကြောင့် သင်လက်ရှိ ဆောင်ရွက်နေသည့် လုပ်ငန်းသည် မှားယွင်းနေသည်၊ သို့မဟုတ် အလွန် ညံ့ဖျင်းနေသည်။ ထို့ကြောင့် ထိုကိစ္စက သင့်ကို တွန်းအားပေးမှု လျော့နည်းနေသည်။ သောကလည်း ဖြစ်စေသည်၊ မကျေမနပ်လည်း ဖြစ်စေသည်ဟု ဆိုလိုရာရောက်နေသည်။
သင့်အနေဖြင့် ထိုကိစ္စမှ အခြားကိစ္စသို့ ပြောင်းလဲလုပ်ကိုင်ရန် အဘယ်ကြောင့် ခက်ခဲနေခြင်း ဖြစ်ကြောင်း ခွဲခြမ်းစိတ်ဖြာ၍ ကြည့်ပါ။ သင်၏ လက်ရှိအပြုအမူများအတွက် ကောင်းမွန်သော အချက်အလက်များကို ရှာဖွေတွေ့ရှိပြီး သင်က ယခင်အတိုင်း ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ကောင်း ဆုံးဖြတ်မိပါလိမ့်မည်။ သို့ရာတွင် အကယ်၍ ပြောင်းလဲ လုပ်ကိုင်လိုသည်ဆိုပါက “အကယ်၍ ကျွန်ုပ်က ထိုကဲ့သို့ ဆောင်ရွက်လိုက်ပါက တိုးတက်မှု ရရှိလိမ့်မည်။” “ကျွန်ုပ်က ဆောင်ရွက်ရန် ရည်ရွယ်ထားခဲ့ပါသည်” “ကျွန်ုပ်ကိုယ်တိုင်က ဆောင်ရွက်လိုခြင်း ဖြစ်ပါသည်” ဆိုသော ဝါကျများကို အသုံးပြုပါ။
အဓိကအချက်များ
*သင့်အနေဖြင့် အပြုသဘောဆောင်သည့် စကားအသုံးအနှုန်းကို ထိန်းသိမ်းထားနိုင်ရန် သင်က အပျက်သဘောဆောင်သည့် စကားများကို ပြောမိသည့်အခါတိုင်း သင့်ကို ချက်ချင်း ထောက်ပြကြဖို့ မိတ်ဆွေများကို မှာထားပါ။
*အပြုသဘောဆောင်သည့် ဝေါဟာရစာရင်းကို ပြုစုပြီး တစ်ရက်လျှင် ဝေါဟာရတစ်လုံးနှုန်းဖြင့် ဝသီဖြစ်လာသည်အထိ လေ့ကျင့်ပါ။
မောင်မြင့်ကြွယ် ဘာသာပြန်ဆိုထားသော မရှိမဖြစ် အပြုသဘောဆောင်သော အကောင်းမြင်စိတ်သဘောထား စာအုပ်မှ ကူးယူဖော်ပြသည်။