ကုလသမဂ္ဂအဖွဲ့အစည်းကြီးကို ၁၉၄၅-ခုနှစ် အောက်တိုဘာလ ၂၄-ရက်နေ့တွှင် စတင်ဖွဲ့စည်းပြီးသည့်နောက် အလုပ်တာဝန် ဝတ္တရားခွဲဝေပြီးကြသောအခါ ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးတာဝန်အား ထရီဗီလီအား ရွေးချယ်ခန့်အပ်ခဲ့ကြသည်။ထရီဗီလီမှာ ၁၉၄၆-ခုနှစ်မှ ၁၉၅၃-ခုနှစ်အထိ ၈-နှစ် ကြာမျှ တာဝန်ယူလျက် ကျေပွန်စွာ ထမ်းဆောင်သွားသည်။
ထရီဗီလီ၏နောက်တွင် ၁၉၅၃-ခုနှစ်၊ ဧပြီလ ၁၀-ရက်နေ့တွင် ဆွီဒင်နိုင်ငံမှ ဒက်ဟမ်းမားရှိုးအား အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ကြသည်။ ကုလသမဂ္ဂ၌ ဦးသန့်သည် လွန်စွာအရေးပါသော နိုင်ငံရေးအရှုပ်အထွေးများကို ကူညီဖြေရှင်းပေးခဲ့သည်။ ပထမအတွင်းရေးမှူးချုပ် ထရီဗီလီလက်ထက်တွင်လည်းကောင်း ဦးသန့်၏ လုပ်ရည်ကိုင်ရည်ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးအလည်တွင် လင်းလက်တောက်ပခဲ့သည်။
ဦးသန့်ကို နိုင်ငံပေါင်းစုံကိုယ်စားလှယ်အသီးသီးတို့ လူသိများကြသည်။ ဖော်ရွေ၍ ယဉ်ကျေးသိမ်မွေ့သော ဦးသန့်သည် အလုပ်တာဝန်များကို မနားတမ်း မခိုမကပ် ဆောက်ရွက်တတ်ခြင်းအား ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတိုင်း သိကြ၏။
ထိုသို့ ရှိစဉ်မှာပင် ကုလသမဂ္ဂ၌ အပြောင်းအလဲကြီးဖြစ်စေရန် ပြဿနာတစ်ရပ် ပေါ်ပေါက်လာတော့သည်။ ယင်းမှာအခြားမဟုတ်ပေ။ လက်ရှိတာဝန်ထမ်းဆောင်နေသော အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရိုးသည် ၁၉၆၁-ခုနှစ်၊ စက်တင်ဘာလ ၁၈-ရက်နေ့၌ ကွန်ဂိုနိုင်ငံ ငြိမ်းချမ်းရေးကိစ္စဖြင့် ခရီးထွက်ရပေသည်။
ထိုကွန်ရိုငြိမ်းချမ်းရေးခရီးစဉ် ထွက်ခွာရာတွင် မထင်မှတ်ပဲလေယာဉ်ပျက်ကျခဲ့ရာ ထိုလေယာဉ်ပေါ်၌ လိုက်ပါသွားသော ကုလသမဂ္ဂ အမှုထမ်းအားလုံး အသက်ဆုံးရှုံးသွားခဲ့တော့သည်။ သို့ရာတွင် ထိုအထဲ၌ အမေရိကန်လူမျိုးတပ်ကြပ်ကြီးတစ်ယောက်သာလျှင် ကံကောင်းထောက်မသဖြင့် အသက်မသေဘဲ ကျန်ရစ်ခဲ့သည်။
ကွန်ဂိုငြိမ်းချမ်းရေးအတွက် ဒက်ဟမ်မားရှိုး ဤကဲ့သို့လေယာဉ်ပျက်ကျသွား၍ အသက်ဆုံးရှုံးရခြင်းအပေါ် ကမ္ဘာသူကမ္ဘာသားအားလုံးသည် ထိခိုက်ကြေကွဲဖြစ်ရလေ၏။ အကြီးမားဆုံးသောဆုံးရှုံးမှုတစ်ခုဟု မှတ်ယူကြသည်။ ကုလသမဂ္ဂအဖွဲ့ကြီးအတွက်လည်း ဒက်ဟမ်းမားရိုးအပါအဝင် လူပေါင်း ၁၂ဦး သေဆုံးခဲ့လေသဖြင့် နစ်နာခဲ့ရပြန်သည်။
ထိုအခါ ကုလသမဂ္ဂအဖွဲ့ကြီးအဖို့ အရေးပေါ်ညီလာခံ ခေါ် ယူဘာ အတွင်းရေးမှူးချုပ်နေရာ လစ်လပ်နေသည့် နေရာတွင် အစားထိုးခန့်အပ်ရန် သဘောထားခံယူရလေ၏။ ကုလသမဂ္ဂ၏ အတွင်းရေးမှူးချုပ်တာဝန်ဆိုသည်မှာလည်း ကြီးလေးသောတာဝန်တစ်ရပ်ဖြစ်သဖြင့် တော်ရုံမျှ အရည်အချင်းဖြင့် ခန့်အပ်ဖို့ မဖြစ်ပြန်ပေ။ ဘက်စုံကျွမ်းကျင်လိမ္မာပြီးသော် နိုင်ငံတကာလူမှုရေးအသိုင်းအဝန်းဖြင့် ဆက်ဆံရေးကောင်းမွန်ပြေပြစ်မှုရှိသောသူမှသာ ဖြစ်နိုင်ပေသည်။
ထိုအကြပ်အတည်းကို ယာယီဖြေရှင်းနိုင်ရန် ယာယီအတွင်းရေးမှူးချု်ပအဖြစ်ဖြင့် အစားထိုးခန့်အပ်ထားရန် အကြံပြုလာကြသဖြင့် ထိုယာယီအတွင်းရေးမှူးချုပ် အမည်စာရင်းများ တင်သွင်းရွေးချယ်စေသည်။ ထိုယာယီရွေးချယ်မည့် အတွင်းရေးမှူးချုပ်အမည်စာရင်း၌ မြန်မာနိုင်ငံမှ ဦးသန့်လည်း ပါဝင်ခဲ့သည်။ အများက ရွေးချယ်တင်သွင်း၍သာ သူ့အမည်ပါခဲ့သော်လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာအတွက် ဦးသန့်သိပ်စိတ်မဝင်စားလှပေ။
ထိုစဉ်က ဦးသန့်သည် တာဝန်ထမ်းဆောင်ရင်း စာရေးခြင်း၊ အလုပ်ကို အားသွန်နေချိန်ဖြစ်သည်။ မိမိအဖို့ ဘဝရပ်တည်ချင်သည့် ပုံစံမှာ သတင်းစာသမား၊ စာရေးဆရာ၊ အယ်ဒီတာစသည်တို့ဖြင့် တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းလိုသူဖြစ်သည်။ သို့သော်လည်း ကြားနေနိုင်ငံများ၊ လက်ဝဲလက်ယာနိုင်ငံများနှင့် အနောက်အုပ်စုအပါအဝင် ဆိုဗီယက်တို့က ဦးသန့်အား များစွာသဘောကျနေကြလေသည်။
လစ်လပ်နေသော ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရာထူးတွင် သက်တမ်းစေ့သည်အထိ ယာယီအတွင်းရေးမှူးချုပ်က တာဝန်ထမ်းဆောင်သွားရမည်ဖြစ်သည်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ အမည်စာရင်းရွေးချယ်ပွဲတွင် ဦးသန့်ကိုထောက်ခံသူပေါင်း များစွာရှိလေသဖြင့် ဦးသန့်အဖို့ ငြင်းဆန်၍ မဖြစ်နိုင်တော့ပေ။
ထို့ကြောင့် လုံခြုံရေးကောင်စီ၏ ရွေးချယ်ဆုံးဖြတ်ချက်ဖြင့် ဦးသန့်အား ၁၉၆၁-ခုနှစ်၊ နိုဝင်ဘာလဆန်းတွင် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ရာထူးအဖြစ် တင်သွင်းခဲ့သည်။ အထွေထွေညီလာခံမှလည်း ဦးသန့်အား ခန့်အပ်ကြောင်း အတည်ပြုကြေငြာခဲ့သည်။ ယင်းအတွင်းရေးမှူးချုပ်နေရာအား ရွေးချယ်ရာတွင် များစွာအခက်အခဲတို့ ရှိခဲ့ပြီး လုံခြုံရေးကောင်စီ၏ တံခါးပိတ်အစည်းအဝေးပင် စည်းဝေးခဲ့ရသည်အထိ ရှိခဲ့ကြသည်။ ဦးသန့်ကို ရွေးချယ်ပြီးသည့်နောက် ဥက္ကဌသည် စင်မြင့်ထက်မှ ဤသို့ ကြေငြာပေးခဲ့သည်။
” ဦးသန့်သည် နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်လွန်းပေသည်။ အတိုက်အခံပြုသူနှစ်ဖက်စလုံး၏ နှလုံးရင်ဝမ်းကို အေးချမ်းစေသည့် အံ့ဘွယ်ငြိမ်းချမ်းရေး ဗိသုကာ တစ်ဦးဖြစ်သည်။ သူ့ကို အမြဲတမ်းအထွေထွေအတွင်းရေးမှူးချုပ်ရာထူး ခန့်အပ်သည်မှာ လွန်စွာ လျှော်ကန်သင့်မြတ်လှပေသည်။ ရုရှားတို့ အနေဖြင့် တစ်စုံတစ်ရာ ကန့်ကွက်လိုခြင်းအလျဉ်းမရှိပါကြောင်း အသိပေးအပ်ပါသည်”
ဦးသန့်နှင့်အတူ စင်ပြိုင်ရွေးချယ်ရန် လျာထားခြင်းခံရသူတို့မှာ အိုင်ယာလန်နိုင်ငံသံအမတ်ကြီး ဖရက်ဒရစ်ဘိုလန်ပါဝင်ခဲ့သော်လည်း ဥရောပတိုက်သားတစ်ယောက် အတွင်းရေးမှူးချုပ်လုပ်ပြီးနောက် ယခုထပ်မံ၍ ဥရောပတိုက်သားပင် ထပ်မရွေးချယ်သင့်သောမူအရ ဘိုလန်သည် နောက်ဆုတ်သွားသည်။
ထို့အတူ ကျူးနစ်ရှားသံအမတ်ကြီး မွန်ဂီဆလင်းသည်လည်း ဒက်ဟမ်းမားရှိုးကွယ်လွန်ပြီး ၃၂-နာရီအတွင်း အထွေထွေညီလာခံဥက္ကဌအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရသဖြင့် အထွေထွေညီလာခံအတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်တင်မြှောက်မည်ဆိုပါက သင့်တော်သော်လည်း ရာထူး ၂-ခုဖြစ်နေမည်ဖြစ်သည်။ ယင်းကြောင့်ရုရှားမှ ဗီကိုအာဏာသုံး၍ ချလိမ့်မည်သာဖြစ်မည်။ မဖြစ်နိုင်သောအခြေအနေမို့ စာရင်းမှပယ်ဖျက်ခဲ့သည်။
နောက်ဆုံးအဆင့်အနေဖြင့် ဘိုလန်နှင့် ဦးသန့်တို့ ၂-ဦးကိုသာ စီစစ်၊ စဉ်းစားရွေးချယ်ခဲ့ကြသည်။ ဦးသန့်သည် ကိစ္စရပ်တိုင်း၌ သူကိုယ်တိုင် စကားပြောခြင်းထက် သူတစ်ပါးပြောသည့်စကားကို ပို၍ နားစိုက်ထောင်လေ့ရှိသည်။ သူစကားပြောသောအခါတွင်လည်း ခိုင်လုံသော၊ ဖြစ်နိုင်သော ရှုထောင့်မှနေပြီး အလေးအနက်ပြောဆို တတ်သူဖြစ်သည်။ အင်အားကြီးနိုင်ငံများဖြစ်သဖြင့် အမေရိကန်ဘက်မှသော်လည်းကောင်း၊ ဆိုဗီယက်ဘက်မှသော်လည်းကောင်း သို့မဟုတ် ၂ ဦး ၂ ဘက်စလုံးမှသော်လည်းကောင်း ရပ်တည်ပေးရန် ဝန်လေးသူသာဖြစ်သည်။
အမှန်ကိုသာဆုပ်ကိုင်၍ အကောင်းမြင်သမားတစ်ဦးဖြစ်သည်။ အာရှတိုက်မှ အိန္ဒိယဝန်ကြီးချုပ်နေရူး၊ အင်ဒိုနီးရှား သမ္မတဆူကာနို၊ ကမ္ဘောဒီးယားမင်းသားကြီး သီဟနုတို့က ဦးသန့်ကို လိုလိုလားလား ထောက်ခံပေးကြသည်။ ကုလသမဂ္ဂတွင် တာဝန်ထမ်းဆောင်ဆဲ နှစ်ကာလများအတွင်း၌ ဦးသန့်တွင် မုန်းတီးသူ ဟူ၍ မရှိခဲ့ပေ။
ထိုအချက်သာမကသေး၊ အင်အားကြီးနိုင်ငံများ၏ သိက္ခာရှိသော အရာရှိကြီးများနှင့် ဆက်ဆံရာတွင် ပျော့ပြောင်းလာအောင် ဆက်ဆံနိုင်သည့်အချက်က နိုင်ငံငယ်များ၏ ကိုယ်စားလှယ်များအား ကျေနပ်မှုကို ရစေသည်။
မည်သို့ပင်ဆိုစေ … ဦးသန့်အဖို့ လူမှန်နေရာမှန်သို့ ရောက်ရှိသွားလေသည်ဟုသာ ကောက်ချက်ဆွဲရမည်ဖြစ်သတည်း။
–သန်းထွန်း(လှည်းကူး)ရေးသားသော ဦးသန့်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်သည်။