မျှော်လင့်ချက်တွေ ပစ်လိုက်ပါ

မျှော်လင့်ချက်တွေ ပစ်လိုက်ပါ

ကောင်းဆုံးကတော့ မျှော်လင့်ချက်ထားတာတွေ စွန့်ပစ်လိုက်ပါ။
တချို့ကတော့ အဖေအမေသေရင် အမွေတွေရမှာပဲ မျှော်လင့်ပြီး မိဘတွေ သေမယ့်ရက်ကို ထိုင်စောင့်နေသူလည်းရှိရဲ့။ ကျွန်တော်တို့မှာ အမွေမျှော်အကျင့်၊ အမွေပေးတဲ့အလေ့ကြောင့် ကိုယ်ခြေထောက်ပေါ်ကိုယ်မရပ်၊ ကိုယ်လုပ်သင့်တဲ့အလုပ်ကို မလုပ်၊ ကြိုးစားအားထုတ်မှု လျော့နေတတ်ပါတယ်။ လက်ကြောမတင်းချင်ကြဘူး။
သုံးချင်စွဲချင်လှပြီ။ အမေအဖေက မသေနိုင်သေး။ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ဆိုတော့ မကြံကောင်း မစည်ကောင်းတာတွေကို လုပ်တာလည်းရှိရဲ့။ အမွေလိုချင်လို့ အဖေကို သားနဲ့ချွေးမက မီးရှို့ပြီးသတ်တဲ့အကြောင်းလည်း သိကြမှာပါ။
ဘဝမှာ ကိုယ့်ဘဝကို ကိုယ်ပဲ ထူထောင်မယ်ဆိုတဲ့ စိတ်ဓာတ်ကသာ အကြံ့ခိုင်ဆုံး၊ အသေချာဆုံး ဖြစ်ပါတယ်။  ကိုယ့်အားကိုယ်ကိုးမယ်လို့ ဆုံးဖြတ်လိုက်ရင် ဘယ်သူ့မှလည်း မျှော်စရာ မလိုတော့ဘူး။ ဘယ်သူ့ဆီကမှ ရရမရရ ဘာမျှမထူးဘူး။ အကောင်းဆုံးကတော့ တခြားသူဆီက ဘာမျှ မမျှော်လင့်ဘဲ ရပ်တည်တဲ့သူဟာ ခွန်အား အရှိဆုံးပါပဲ။
အခြားသူတွေရဲ့ အားပေးတဲ့ လက်ခုပ်သံကြားရပြီး အားတက်တာကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လဲနေရင် ပြန်ထမယ်။ မတ်မတ်ရပ်တည်နိုင်အောင် ကြိုးစားမယ်။ ကိုယ့်ဘဝကို ကိုယ့်ဟာကိုယ် ထူထောင်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး ကြိုးစားကြည့်စမ်းပါ။ ဒါဆိုရင် အောင်မြင်မှုဆီ အရောက်ပို့မယ့် ခွန်အားတွေ ကိုယ့်မှာရှိပြီ။
ဒါကြောင့် တခြားသူတွေဆီက ဘာမှ မမျှော်လင့်နဲ့။  အမျှော်တွေ အားလုံး မေ့ပစ်လိုက်ကြစို့။ အခုချိန်ကစပြီး ကိုယ့်ခြေထောက်ပေါ်မှာ ကိုယ်ရပ်လို့ ကိုယ့်အောင်မြင်ရေးခရီးကို ကိုယ် ဆက်ကြပါစို့။


ကျော်ရင်မြင့် ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

#OpenYourBusinessOnline

Related Posts