မိုးမိုး (အင်းလျား) အပိုင်း ၇ (ဇာတ်သိမ်းပိုင်း)- ကိုကိုမရှိဘဲ အိမ်မှာနေရသည်မှာ မည်သို့မျှ အဓိပ္ပာယ် မရှိဟု ကျွန်မ သဘောပေါက်လာရသည်။ ယောက်ျားတစ်ယောက် အိမ်မှာ မရှိသဖြင့် ကိုကိုပြောသလို ဟင်းဈေးဖိုးက သိသိသာသာ လျော့သွား သည်။ တစ်ယောက်တည်း ဖြစ်သလိုစားလိုက်သည်ကလည်းပါသည်။ ဒီလိုဆိုတော့ လူတွေဟာ အိမ်ထောင်ပြုလို့ ဒုက္ခရောက်ကြရတာလားဟု တွေးမိပြန်သည် ။ တကယ်တော့ အိမ်ထောင်ပြုခြင်းသည်လောကဓမ္မတာ သမားရိုးကျ ဖြစ်စဉ်တစ်ရပ်သာ မဟုတ်ပါလား။ လူတွေ အိမ်ထောင်မပြုဘဲ နေကြလျှင် လောကကြီးသည် ဆိတ်သုဉ်း မသွားနိုင်ပေဘူးလား။
ကျွန်မတို့ နေထိုင်သော ရပ်ကွက်သည် သင့်တင့်သော လူနေမူ အဆင့်အတန်းရှိပါသည်။ အရေးရှိလျှင် ရိုင်းပင်းကူညီတတ်သော သဘောလည်းရှိပါသည်။ စိတ်ထားယုတ်ယုတ်မာမာမရှိကြ။ သို့သော် သူ့အိမ်တွင်းရေးနှင့်သူ ဆူသံ ပူသံကို အမြဲကြားနေရ သည်။ လင်မယား အော်ကြီးဟစ်ကျယ် ရန်ဖြစ်တတ်သည်။ ကလေး များကို လမ်းမပေါ်မရှောင် အရမ်းကာရော ရိုက်တတ်ကြသည်။ ရောက်စကတော့ ဒီလူတွေနှင့်ဆက်ဆံရမှာ အဆင်မှ ပြေပါ့မလားဟု အောက်မေ့ခဲ့ရသေးသည်။ သူတို့သည် မည်သူ့ကိုမျှ ဒုက္ခမပေးကြ။ သူတို့ပြဿနာနှင့်သူတို့ ထွက်ပေါက်ရှာနေကြခြင်းသာဖြစ်ကြောင်း ကြာတော့ ကျွန်မ နားလည်လာသည်။ ဤအတွက်မူ သူတို့သည် မည်သူ့ကိုမျှ ဂရုစိုက်ကြလိမ့်မည်မဟုတ်ချေ။ ပတ်ဝန်းကျင်ကို ဂရုစိုက်၍ ကိုယ့်ပြဿနာကို ကိုယ်တိုးတိုးတိတ်တိတ် ဖြေရှင်းတတ် ကြသည်မှာ အထက်တန်းလွှာတို့ နေထိုင်ရာ ရပ်ကွက်တွင်သာ ဖြစ်လိမ့်မည်ထင်သည်။ကျွန်မသည် တစ်ယောက်တည်း ပေါက်ကရလျှောက်တွေးကာ အိပ်မပျော်တိုင်း ရီလီဆင် ဆေးနှစ်ပြားကို သောက်၍ သောက်၍ အိပ်မိသည်။ ကိုကိုပြောသလို ငိုတော့ မငိုဖြစ်ပါ။
“ဘွားမြင့် ဆုံးပြီ လှိုင်” မျှော်လင့်ထားသော သတင်းဖြစ်သည့်တိုင် အထိတ်တလန့် တော့ ဖြစ်မိသေးသည်။ တယ်လီဖုန်း လက်ကိုင်ကို တင်းတင်း ဆုပ်ကိုင်လိုက်မိပါသည်။ “လှိုင် လာခဲ့မယ် ကိုကို” ကိုကိုသည် မျက်တွင်းဟောက်ပက်ဖြင့် ကျွန်မကို ဆီးကြို ရှာသည်။ အိမ်တွင် လူအတော်စုံနေသည်။ ဖေ့ဖေ့မိတ်ဆွေများ၊ဆွေမျိုးများ စုံလင်စွာ ရောက်နေကြသည်။ တစ်ချိန်က ကိုကိုနှင့် သဘောတူစေ့စပ်ခဲ့သည်ဆိုသော အမျိုးသမီးကိုလည်း တွေ့ရသည်။ “ဘယ်အချိန်က ဆုံးတာလဲ ကိုကို” “ညကပဲ၊ မနေ့ညနေ ၅နာရီလောက် ဆေးရုံကိုပို့လိုက်တယ်” “လှိုင်က အိမ်မှာပဲ ဆုံးသွားတယ် ထင်နေတာ” ကျွန်မ ကိုကိုနှင့်စကားပြောနေစဉ် ကိုကို့ဖေဖေက လှမ်းခေါ် သဖြင့် ကျွန်မတို့နှစ်ယောက် ဖေဖေ့အနားတွင် သွားထိုင်ရသည်။
“မောင်ထွန်းသာကတော့ ချက်ချင်းလာနိုင်မှာမဟုတ်သေးဘူး၊ ဖေဖေတို့ပဲ အသုဘကိစ္စကို စီစဉ်ရမှာပဲ၊ မောင်ကြည်သာ ဒီမှာနေဦးပေါ့” “ဟုတ်ကဲ့” ကျွန်မနှင့်ကိုကိုက ပြိုင်တူပြောလိုက်မိသည်။ ကိုကို့ဖေဖေက ဆက်ပြောသည်။ “ပြီးတော့ မေမေ့ကိစ္စ၊ အဲ မင်းတို့ အဘွားကိစ္စကို ဝိုင်းဝန်း ကူညီရလိမ့်မယ်၊ ခု မေမေဆုံးလို့ ကြည့်လိုက်တော့ မေမေ့ဆီမှာ ငွေတစ်ပြားမှ မရှိဘူး” ဖေဖေက ကိုကို့ကိုကြည့်၍ ပြောလိုက်ပါသည်။ ကျွန်မကအိမ်စပေါ်တင်ထားရသော ငွေနှစ်ထောင်ကို ပြေးသတိရမိသည်။
“ဘယ်ရှိတော့မလဲ၊ ဘယ်အချိန်က ကပ်ချွဲပြီး တောင်းသွား သလဲမှမသိတာ၊ ကျွန်မအခုမှ သိတယ်၊ အစ်ကိုကလဲ မပြောဘူး” ကျွန်မတို့ အိမ်ငှားရန် ငွေနှစ်ထောင် ထုတ်ပေးသည့်ကိစ္စကို တစ်အိမ်သားလုံးက သိကြလိမ့်မည်ဟု ကျွန်မထင်သည်။ ခုတော့ ကြီးကြီးသူဇာက ခုမှ သူသိရသည်ဆိုကာ စိတ်ဆိုးနေပေပြီ။ “အဲဒီ ငွေကို ကျွန်တော် အဆင်ပြေတဲ့အခါ ပြန်ဆပ်ပါ့မယ်လို့ ဖေဖေ့ကို ပြောပြီးသားပါ၊ ခုလဲ ကျွန်တော်တတ်နိုင်သလောက် ရှာပေးပါ့မယ်၊ ကျွန်တော့်တာဝန်ထားပါ” ကိုကိုက ကျွန်မကို မကြည့်ဘဲ ပြန်ပြောလိုက်ပါသည်။ ကျွန်မ ရင်ထဲမှာတော့ နာကျင်လာပါပြီ။ ဆွေမျိုးအားလုံးက ကျွန်မတို့ နှစ်ယောက်ကို တရားခံများအလား ဝိုင်းကြည့်နေကြသည်။
“ငွေနှစ်ထောင်တည်း ဆိုတာရော ကရဲ့ လား မသိဘူး” အေးမြစံသာက ဝင်ပြောလာတော့ ကျွန်မ ပို၍ပင်နာကျည်း မိသည်။ သည်မိန်းကလေးသည် ကျွန်မအပေါ် အမုန်းပွားနေသူသာ ဖြစ်၏။ အိမ်စပေါ်က သုံးထောင်ပေးရသည်မို့ နှစ်ထောင်ထဲ ယူထားသည်ဆိုသည်ကို ကြီးကြီးသူဇာကလည်း ယုံဟန်မတူပါ။ “ဒီမှာ ဖေဖေ၊ ကြီးကြီးသူဇာ၊ လှိုင် အဲဒီငွေကို ကိုကို့လက်ထဲက တဆင့်ရခဲ့တာပါ၊ ဘွားမြင့်က ကြည်ကြည်ဖြူဖြူပေးလိုက်တယ်။ တစ်ခြားအိမ်သားတွေလဲ သိကြတယ်ထင်လို့ လက်ခံခဲ့မိ တာပါ။ ခုလဲ အိမ်ပြန်အပ်လိုက်ရင် ဒီငွေနှစ်ထောင် ပြန်ရမှာပဲ၊ ကိုကိုလဲ ဒုက္ခခံပြီး တစ်ခြားမှာ ရှာမနေပါနဲ့၊ လကုန်ရင် အိမ်ကို ဖယ်ပေး လိုက်ရုံပေါ့၊ သုံးထောင်လုံး ယူချင်လဲ ယူလိုက်ပါ” ကျွန်မသည် ရှေ့နောက် ဘာမျှမစဉ်းစားတော့ဘဲ ပြောချင်ရာ ပြောပြီး ထလာခဲ့ပါသည်။ ရင်ထဲမှလည်း နာကျည်းလှသည်။ ဝမ်း လည်းနည်း ရှက်လည်း ရှက်လှပါသည်။ ကျွန်မရင်ထဲတွင် လောက ကို အံတုလိုစိတ် လုံးဝမရှိတော့ဘဲ အားလုံးကို အလျှော့ပေး၍ ထွက်ပြေးလိုက်ချင်ပါတော့သည်။ အိမ်ပြန်ရောက်လျှင် ခေါင်းအုံးတွင် မျက်နှာအပ်၍ အားပါး တရ ငိုမိပါသည်။
သည်တိုင်းဆိုလျှင်ဖြင့် ကျွန်မတို့အိမ်ထောင်လေး ဆက်လက်ရပ်တည်ရေးမှာ ပို၍ပင် ခက်ခဲသွားပါပြီ။ ကျွန်မတို့မှာ စုဆောင်းထားသော ငွေဟူ၍လည်း တစ်ပြားမှမရှိ။ တစ်လတစ်လအလျင်မီအောင် မနည်းကြိုးစားပြီး သုံးခဲ့ရသည်။ အိမ်စရိတ် မလောက်တိုင်း သမီးလေးဆီ တစ်စုံတစ်ခု ဝယ်ပို့ချင်တိုင်း ချ၍ချ၍ ရောင်းခဲ့သော ရွှေတိုရွှေစလေးများပင် ကုန်သလောက်ရှိပြီ။ကျွန်မတို့အိမ်ထောင်သက်တမ်းတစ်လျှောက်တွင် အပျော်ကြီး ပျော်၍ စိတ်အေးချမ်းသာ နေခဲ့ရသည်များထက် ပူပန်ရခြင်း၊ ငိုကြွေးရခြင်း၊ ဆင်းရဲရခြင်းတို့ကသာ ပိုကဲခဲ့သည်။ ကျွန်မတို့နှစ်ဦးလုံး တစ်ယောက်ပေါ်တစ်ယောက် ချစ်ကြပါ၏။ ဘော်ကြော့နေခဲ့ရ၍ အပျင်းထူတတ်သော ကိုကိုသည်ပင် နောက်ပိုင်းတွင် ကျွန်မ အလိုကိုလိုက်၍ အိမ်တွင်အဆင်ပြေအောင် ကြိုးစားခဲ့သည် ကိုလည်း ကျွန်မအသိဖြစ်သည်။ သို့တိုင် ပြီးပြည့်စုံသော အိမ်ထောင်တစ်ခု အဖြစ်ကား ရောက်မလာခဲ့။ လိုက်လေ ဝေးလေ ဖြစ်ခဲ့ရသည်။ခုတော့ ကျွန်မ လက်မြှောက် အရှုံးပေးချင်ပါပြီ။ ပြဿနာ၏ အရင်းအမြစ်ကို မဖွေရှာချင်တော့။ ပြဿနာကို ရှောင်ပြေးချင်ပြီ။ ဘယ်ကိုပြေးရပါ့။အသုဘကိစ္စ ပြီးသွားသည့်တိုင် ကိုကိုအိမ်ပြန်မလာသေးပါ။ ရုံးကို မကြာခဏ ဖုန်းဆက်ပါသည်။
ကျွန်မသည် အသုဘချသည့် နေ့ကလွဲ၍ ကိုကိုတို့အိမ်သို့ နောက်ထပ်မသွားဖြစ်တော့ပါ။ ကိုကို ပြန်အလာကိုသာ စောင့်နေမိပါသည်။သည်အတွင်း ကျွန်မ စိတ်ကူးရ၍ ကြည်မေဦးနှင့် ဆက်သွယ် မိသည်။ လမ်းများသော ကြည်မေဦးကို ဖုန်းနှင့်အတန်တန် ချိန်းပြီးမှ သူ့ကို သွားတွေ့ရသည်။ သွားတွေ့ရသည် ဆိုသော်လည်း ကြည်မေဦးက ကျွန်မရုံးကို ကားနှင့်လာကြိုပါသည်။ ကားကိုကျင်လည်စွာ မောင်းနှင်နေသော ကြည်မေဦး၏လက် ကလေးများသည် ဖြူဖွေးနုနယ်ဆဲ။ ကျွန်မနှင့် ကြည်မေဦးသည် လက်သည်းအလှပြိုင်၍ ထားခဲ့ဖူးသည်။ ကျွန်မလက်သည်းလေးများ က ပို၍ရှည်သဖြင့် လက်သည်းအရှည်ထား၍ ပိုလှသည်။ လက်သည်း ဆေးဆိုးရာတွင်တော့ ကြည်မေဦးက အသားဖြူသူမို့ ဘာရောင် ဆိုးဆိုးပို၍ လှနေတတ်သည်။ ကျွန်မသည် ကနုကမာရောင်ဆေး ဆိုးထားသော ကြည်မေဦး၏ လက်သည်းကလေးများကို ကြည့်၍ လက်သည်းတုံးတိဖြစ်နေသော ကျွန်မလက်များကို ဝှက်ထား မိသည်။
“မေဦးကလဲ နေနိုင်လိုက်တာ၊ လှိုင့်ဆီတစ်ခေါက်မှ မလာဘူး” ကျွန်မက ကြည်မေဦးကို အပြစ်တင်လိုက်မိသည်။ “ဟဲ ဟဲ ကိုယ်လဲ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားနေရတယ်လေ၊ အစ်ကိုကြီးက ဘာမဆို ကိုယ်တိုင် လုပ်ပေးမှကြိုက်တာကွ၊ ကိုယ် အခု အလုပ်မလုပ်တော့ဘူးလေ။ သူ့ဝေယျာဝစ္စပဲ လုပ်နေတယ်” “အစ်ကိုကြီးမရှိတဲ့အခါ လည်တယ် ပတ်တယ်ဆိုပါတော့ မင်းဆီ ဖုန်းဆက်ရင် မရှိတာကများတယ်” “ကိုယ် ဖဲကစားတတ်နေပြီ” “ဒီလိုပဲ ဖြစ်ရမယ်လေ” ကြည်မေဦးသည် ကားကို အင်းလျားလမ်းထဲသို့ ညင်သာစွာ ကွေ့ လိုက်ပါသည်။ ကြည်မေဦးတို့အိမ်မှာ ခေတ်မီဆန်းပြားလှသည် ကား မဟုတ်။ သို့သော်ခြံကျယ်ကျယ်နှင့် သပ်သပ်ရပ်ရပ်ရှိသည်။ ခြံထဲတွင် ငုပန်းပင်ကြီးများရှိသည်။ အရိပ်ကောင်းသည်။ ကြည်မေဦးက ကျွန်မအတွက် သူကိုယ်တိုင် ဖုတ်ထားသည်ဆိုသော ကိတ်မုန့် နှင့် နက်စ်ကဖီး ကော်ဖီကို တိုက်ကျွေးသည်။
“အေးအေးဆေးဆေးနော်၊ ကိုယ် ပီယာနိုတီးပြမယ်” ကျွန်မက ခေါင်းညိတ်လိုက်သည်။ကြည်မေဦးဘဝကို အားကျသည်တော့ မဟုတ်။ သူ့ကို ကြည့်ပြီး ကျေနပ်နှစ်သိမ့်မိသည်မှာတော့ အမှန်ပင်။ လောကမှာ ပြည့်စုံတယ်ဆိုတာတွေ၊ အေးချမ်း ပျော်ရွှင်စရာတွေ ရှိနေပါသေး လားဟု သဘောပေါက်ရသည်။ သည်တော့လည်း လူ့ဘဝသည် နေချင်စရာကောင်းသူတွေအတွက် ကောင်း၍ မကောင်းသူတွေ အတွက် မကောင်းဘူးဟုသာ ဆိုရတော့မည်။ ဘယ်လိုမှနေဖို့ မကောင်းဟု တစ်ဖက်သတ်ပြော၍ မဖြစ်တော့။
“ဟေ့ ဘာတွေတွေးနေတာလဲကွ၊ ယူချစ်ရက်ရှည်ရှည် အင်း လျားမြေ သီချင်းကို သိပ်ကြိုက်တယ် မဟုတ်လား၊ ကိုယ်တီးပြမယ်” ကြည်မေဦးက ဒါလေးတွေချစ်စရာကောင်းသည်။ ခင်မင် ခဲ့သူတွေနှင့် ပတ်သက်လျှင် သူ ဘာမဆို သတိရတတ်သည်။ “မေဦး” ကျွန်မက ရုတ်တရက်ခေါ်လိုက်၍ သူက စန္ဒယားကို ရုတ် တရက် ရပ်ပစ်လိုက်သည်။ “ဘာလဲ လှိုင်ထိပ်ခေါင်တင်၊ ဒီက သီချင်းနဲ့ ဖြေဖျော်နေတာ ကို ထိပ်ထားက စိတ်ဝင်စားတော်မမူဘူး၊ သူ့မှာ ပြောစရာရှိတယ် မဟုတ်လား၊ ပြောစမ်း” ကြည်မေဦးက စီးကရက်တစ်လိပ်ကို ဟန်ပါပါယူသောက်ရင်း ကျွန်မကို မေးသည်။ “ကိုယ်လဲ သောက်မယ်” ကျွန်မက စီးကရက်တစ်လိပ်ကို လှမ်းယူမည်ပြုသည်။ “လုပ်ပြန်ပြီ၊ အရင်တစ်ခါလဲ ဒီလိုပဲ၊ ပြီးတော့ သောက်နိုင် တာလဲမဟုတ်ဘဲနဲ့” ကြည်မေဦးက စီးကရက်ဘူးကို ဝေးရာသို့ ရွှေ့ လိုက်သည်။
“လှိုင် အရင်တစ်ခါ ပြောထားတဲ့ ပဲခူးကို ပြောင်းဖို့ကိစ္စ လုပ်ပေးပါဦး” ကျွန်မက ပင့်သက်တစ်ချက်ရှိုက်ရင်း ပြောလိုက်မိသည်။ “ပြောင်းဦးမလို့လား၊ ကိုယ်က ယူ မပြောင်းချင်တော့ဘူး မှတ်လို့ပါ” ကြည်မေဦးက ကျွန်မမျက်နှာကို သေသေချာချာ စိုက်ကြည့် နေပါသည်။ “လှိုင် ရန်ကုန်မှာ မနေချင်တော့ဘူး” “ကိုကြည်သာ ကကော” ‘သူ့သဘောပဲ၊ လိုက်ချင်လဲ လိုက်ပေါ့” “ဘယ်လိုလဲကွာ၊ သူတို့ဟာကလဲ” “မမေးပါနဲ့တော့ မေဦးရယ်၊ မင်းအတွက်တော့ လှိုင်ဝမ်းသာ ပါတယ်၊ အဆင်ပြေတယ် မဟုတ်လား” ကြည်မေဦးက စီးကရက်ကို ထိုးချေပစ်လိုက်သည်။ ကြည်မေဦး လှုပ်ရှားသမျှသည် လှပနေဆဲပင်။ “မပြေလဲ ကိုယ်ကတော့ ပြေအောင် ရှာကြံနေမှာပဲ” “အင်းပေါ့လေ၊ ဒါနဲ့ မေဦး၊ သီတာနွယ်တစ်ယောက် ဘယ်လို ဖြစ်ကျန်ခဲ့တာလဲ” ကျွန်မ မေးခွန်းက အဓိပ္ပာယ်များစွာ ပါသွားပေမည်။ ကြည်မေဦးက ကျွန်မကို မျက်ခုံးတစ်ချက် ပင့်ကြည့်သည်။
“ဘာလဲ၊ ယူက ကိုယ့်ပယောဂမကင်းဘူးထင်လို့လား၊ သူ့ သဘောနဲ့သူ ကိုယ်နဲ့ လာတွဲတာပဲ၊ သူက စည်းမရှိဘူးကွ၊ အသား ညိုညို အရပ်မြင့်မြင့်နဲ့လူကြီး သိတယ်မဟုတ်လား၊ ကိုယ်ကပဲ မိတ် ဆက်ပေးလိုက်တာပဲ၊ နောက်တော့ သူက ကိုယ်မသိအောင် ချိန်းလား ဘာလာလုပ်တယ်ကွာ၊ ဒီလူကြီးမှာ မိန်းမကြီးရှိတယ်၊ အချိန်တန်တော့ ထုံးစံအတိုင်း ကိုယ်ကရှောင်နေတာပေါ့၊ သူကတော့ ဇွတ်ဝင်တိုးတယ်” “မေဦးက မတားဘူးလား” “သူသိအောင်တော့ ပြောပြတာပဲ၊ လူကြီးက သူ့ကိုကျောင်း ထားပေးတယ်တဲ့” “ခုတော့ သူ့ဝမ်း သူကျောင်းနေပြီတဲ့” ကြည်မေဦးက ပခုံးလေးကို တွန့်ပြသည်။ “မေဦးရေ မင်းတစ်ယောက်တော့ တည်ငြိမ်နေပါပြီနော်” ကြည်မေဦးက ချစ်စဖွယ်ရယ်မောလေသည်။ “စိတ်ချပါ သူငယ်ချင်းရာ၊ ကိုယ်က သားတွေသမီးတွေလည်း မွေးထုတ်ဦးမှာပါ” အပြန်တွင် ကြည်မေဦးက အိမ်အရောက် လိုက်ပို့ပါသည်။ ကားထွက်ကာနီးတွင် ပြောသွားသေးသည်။
“ယူတို့ စာရေးဆရာမကြီး မြမြသင်းက ကိုယ်တို့အကြောင်း တွေ ရေးထားတာ ဖတ်လိုက်ရပါတယ်၊ အဲဒီအထဲမှာ ကိုယ်က စိတ်ဝင်စားစရာ အကောင်းဆုံး ဇာတ်လိုက်ပဲ၊ ဟဲ ဟဲ” ကျွန်မတစ်ယောက်တည်း အိမ်မှာနေရသည်မှာ ၁၀ရက်ခန့် ကြာသွားပါပြီ။ ကျွန်မမှာ ရုံးကို စိတ်မပါ့တပါ တက်နေရသည်။ ကိုကို့ကိုလည်း ပြန်လာစေချင်လှပြီ။ သည်ကြားထဲ တိုးတိုး၏ သတင်းက ရုံးတွင် လူပြောများလာပြန်သည်။ “ဦးသန်းလွင်နဲ့ တိုးတိုးတို့ လဟာပြင်မှ နှစ်ယောက်တည်း မုန့်စားနေတာ တွေ့ရတယ်” ရုံးတွင်တော့ ကျွန်မနှင့်တိုးတိုး သိပ်မဆုံမိကြပါ။ တစ်ညနေ တွင်တော့ ရုံးမှနေပြီး အဆောင်ကို သွားဖြစ်ခဲ့သည်။ တိုးတိုးကို အခန်းထဲမှာ အဆင်သင့် တွေ့ရလေသည်။ “ဟေ့ တိုးတိုး တို့နှစ်ယောက် ရုံးမှာဆုံတောင်မဆုံမိကြဘူးနော်” ‘တိုးတိုး ရုံးမတက်တာ ငါးရက်ရှိပြီ” တိုးတိုးက မျက်နှာ မသာမယာနှင့် ဖြေသည်။ မြမြသင်းက ကျွန်မကိုမျက်စိတစ်ဖက်မှိတ်ပြသဖြင့် ကျွန်မဘာမျှ ဆက်မမေးမိတော့။
“သူ့ကို အလုပ်သွင်းပေးတဲ့လူကြီးနဲ့ လူတွေက သမုတ်ကြ တာ ရှက်လို့ ရုံးမတတ်တာတဲ့ကွ” တိုးတိုးအပြင်ထွက်သွားမှ မြမြသင်းက ကျွန်မကို ပြောပြသည်။ “အေး လှိုင်လဲ ကြားတယ်၊ လှိုင်တောင် ဟုတ်များ ဟုတ်နေ သလားလို့ စိတ်မကောင်းဘူးကွာ” “သူ့ဘက်ကတော့ မဟုတ်ပါဘူး၊ ဟိုလူကြီးကတော့ မရိုးတာ အမှန်ပဲ၊ အစကတည်းက မဟန်လို့ သူ့ကိုတောင် အဲဒီအလုပ် လက်မခံဖို့ ပြောသေးတယ်၊ သူကလဲ အလုပ်ကို သိပ်လိုချင်နေတာနဲ့” “အေးပေါ့လေ၊ တို့များ မိန်းကလေးတွေ အလုပ်လုပ်စားရ တာလဲ မလွယ်ပါဘူး” ကျွန်မတို့နှစ်ယောက်သည် အဆောင်မှထွက်ပြီး အင်းလျား ကန်ဘက်သို့ လျှောက်ခဲ့ကြသည်။ ကျွန်မက လမ်းလျှောက်ရင်း ကျွန်မတို့ပြဿနာကို ပြောပြမိသည်။
“ဒီတော့ လှိုင်က အိမ်ပြန်အပ်ပြီး ငွေပြန်ပေးချင်တယ်ပေါ့” “ဟုတ်တယ်မြမြရယ်၊ ပြီး လှိုင် ရန်ကုန်မှာလဲ မနေချင်တော့ ဘူး၊ စရိတ်က ကြီးတယ် မဟုတ်လား၊ နှစ်ယောက်လုံး ပဲခူးပြောင်း နေချင်တယ်” “ကိုကြည်သာက ခေါ်လို့ ရပါ့ မလား၊ သူ ဘယ်မှ မပြောင်း ချင်လို့ ရန်ကုန်မှာ ကပ်နေတာပဲဟာ” ကျွန်မက သက်ပြင်းချမိသည်။ “ဒီတစ်ခါတော့ လှိုင်တို့ ပြတ်ပြတ်သားသား ဆွေးနွေးရမှာပဲ။ သူမလိုက်ချင် လှိုင်တစ်ယောက်တည်း ပြန်တော့မယ်” ။“စဉ်းစဉ်းစားစားလဲလုပ်ပါကွာ၊ တော်တော်ကြာ အပျက် အပျက်နဲ့ နှာခေါင်းသွေး ထွက်နေပါ့မယ်၊ မင်းတို့ဟာက မချစ် တာလဲ မဟုတ်ဘဲနဲ့”ကျွန်မသည် အင်းလျားကန်စပ်တွင် ခြေချထိုင်ရင်း ငိုင်နေမိ ပါသည်။
“မြမြရေ အစကလေ ကိုယ်တို့နှစ်ယောက် အင်းလျားရောက် တိုင်း အနာဂါတ်အတွက် မျှော်လင့်ချက်တွေ၊ ကြည်နူးစရာတွေကို တွေးတွေးပြီး အမြဲပျော်ခဲ့တယ်၊ ခုများတော့ ဒီနားရောက်ရင် ကိုယ့်ဘဝမှာ ရည်မှန်းတာတွေ မဖြစ်ခဲ့ပါလားလို့ သတိရပြီး ငိုချင်တယ်” မြမြသင်းက ကျွန်မလက်ကလေးများကို ဆုပ်နယ်ပြီး အားပေး ရှာပါသည်။ “ကိုကို ပြန်လာပြီနော်၊ ကိုကို သိပ်ပင်ပန်းနေသလားဟင်” “လှိုင်ကော သိပ်အားငယ်နေတာပဲလား” ကိုကိုက ကျွန်မပခုံးလေးကိုဆုပ်ကိုင်ကာ နဖူးပြင်ကို ညင်ညင် သာသာ နမ်းလိုက်ပါသည်။ “အားငယ်စရာတွေလဲ မတွေးတော့ပါဘူး ကိုကိုရယ်၊ ကိုကိုနဲ့ တော့ ဆွေးနွေးချင်တာလေးတွေ ရှိနေတယ်” “ဖြေးဖြေးပေါ့ လှိုင်ရာ၊ ကဲလာ” ကိုကိုက ကျွန်မကို အိပ်ရာဆီ ဆွဲခေါ်သွားပါသည်။ ကျွန်မကို ရင်ခွင်ထဲမှာထား၍ အကြာကြီး ဖက်ထားလိုက်ပါသည်။
“ကိုကို” ကျွန်မက လူးလွန့်ပြီး ခေါ်လိုက်စဉ်တွင် ကိုကိုအိပ်ပျော်နေ ပါပြီ။ ကိုကို့မျက်နှာကို ငေးမောရင်း ကျွန်မရင်တွင် အမည်မဖော် နိုင်သော ဝေဒနာတစ်ရပ်ကိုသာ ခံစားနေရသည်။ နံနက်လင်းလျှင်လင်းချင်း ကျွန်မအိပ်ရာမှထပြီး ဈေးသွား သည်။ ရုံးပိတ်ရက်မို့ ကိုကို့အတွက် ကိုကိုကြိုက်မည့် ဟင်းလျာ များကို ရွေး၍ဝယ်လာခဲ့သည်။ ကျွန်မ ချွေးတလုံးလုံးဖြင့် ချက်ပြုတ် နေသည်ကို ကိုကိုက သဘောကျစွာဖြင့် ကြည့်နေသည်။ “သိပ္ပံမောင်ဝရေးခဲ့တဲ့ စာတစ်ပုဒ်ကို သတိရမိတယ်” ကိုကို အိမ်ထောင်သက်တမ်း တစ်လျှောက်လုံးတွင် အခမ်း အနားဆုံး ပြင်ဆင်ထားသော ထမင်းဝိုင်းကို ကြည့်၍ ပြောလိုက် ပါသည်။
“ဘာများလဲ ကိုကိုရဲ့” “ဆရာကတော်ကြီးက ကျောင်းသူတွေကို ဟင်းချက်သင်တာ လေ၊ ကင်ပွန်းချဉ်ရွက် ဟင်းချက်နည်းချည်းပဲ သင်တယ်တဲ့၊ ကြက် သား ဟင်းချက်နည်းလဲ သင်တတ်ပါတယ်တဲ့၊ ဝယ်မချက်နိုင်လို့ မသင်ရတာတဲ့” ကျွန်မက ပြုံးပြီး ကိုကို့ထမင်းပန်းကန်ထဲကို ဟင်းများ ခပ် ထည့်ပေးနေမိသည်။ ကိုကို အားပါးတရစားသည်ကိုကြည့်ပြီး ကျွန်မ ကြည်နူးမိပါသည်။ ကြည်နူးမှု၏ နောက်မှ သက်ပြင်းတစ်ချက် ရှိုက်ဖြစ်အောင် ရှိုက်လိုက်မိသေးသည်။ “လှိုင်တို့ ယူထားတဲ့ငွေ ပြန်ပေးဖို့ကိစ္စ ဘယ်လိုလုပ်မလဲကိုကို” ထမင်းစားပြီးလျှင် ကျွန်မပြောချင်တာတွေ ပြောရန် စကား စလိုက်မိပါသည်။
“ဘွားမြင့် ဈာပနကတော့ ဝိုင်းဝန်းကူညီကြလို့ ပြီးသွားပါပြီ။ အကြွေးလဲတင်သွားတယ်၊ ကိုကိုတို့ ဝိုင်းဆပ်ကြမှာပေါ့” “ငွေအတွက်တော့ အပင်ပန်းမခံပါနဲ့တော့ ကိုကိုရယ်၊ အိမ်ပြန်အပ်ပြီး ပြန်ပေးလိုက်ပါ၊ နို့မို့ဆိုရင် ကြီးကြီးသူဇာ ကျေနပ်မှာ မဟုတ်ဘူး” “ကိုကိုတို့က ဘယ်မှာ သွားနေကြမလဲလှိုင်” ကိုကိုက ကျွန်မကိုကြည့်ရင်း မေးလာပါသည်။ ကိုကိုကိုယ် တိုင်က ငွေအတွက် ပြောမထွက်၍သာ ဖြစ်ရမည်။ ပြန်ပေးလိုပုံ ရပါသည်။ “လှိုင်တော့ ပဲခူးမှာ ပြန်နေချင်တယ်၊ ကိုကိုလဲလိုက်ခဲ့ပေါ့၊ အလုပ်ပြောင်းလို့ မရတောင် ထွက်လိုက်ပါလား ကိုကိုရယ်၊ ဈေးရောင်းစားရင် ဒီထက်မက ရပါတယ်၊ ခုတိုင်းဆိုရင် ကိုကိုလဲ ရာထူး တိုးလာမှာမှ မဟုတ်တာ၊ လှိုင်လဲ စာရေးဘဝကတက်ဖို့ မလွယ်ပါဘူး၊ ရန်ကုန်လူနေမှုစရိတ်နဲ့ ဒီလိုပဲ လုံးချာပတ်ချာ လည်နေမှာပဲ” ကိုကိုအံ့သြသွားပါသည်။ ကျွန်မကိုလည်း မဖြစ်နိုင်တာတွေ ပြောနေသည့်အလား အထူးအဆန်းသဖွယ် ကြည့်နေပါသည်။
“ကြံကြံဖန်ဖန် လှိုင်ရယ်၊ အလုပ်ထွက်ပြီး ဈေးရောင်းစားမယ် ရယ်လို့၊ ဈေးရောင်းတော့ကော ဘယ်လောက်ရမှာမို့လဲ၊ ခုခေတ် မှာ မှောင်ခိုလုပ်မှ ဖြစ်မယ်၊ ပြီးတော့ ရန်ကုန်ကိုပစ်ပြီး တောမှာ နေချင်ရတယ်လို့” “ကိုကိုကလဲ ပဲခူးက တောမဟုတ်ပါဘူး၊ ကိုကို့ရန်ကုန်က ရော ဘယ်လောက်များ ကောင်းလို့လဲ၊ ပျော်စရာ ရွှင်စရာ မက်စရာ တွေ ရှိတာတော့ မှန်ပါရဲ့၊ ဒါပေမယ့် ကိုယ်မှ မခံစားနိုင်တာ၊ အများစုဟာလည်း လှိုင်တို့လိုပါပဲ၊ သူများ တိုက်ကြီးနဲ့ နေရပေမယ့် ကိုယ်က တဲသာသာလေးနဲ့ နေရတယ်၊ သူများ ကားစီးနေပေမယ့် ကိုယ်က လမ်းလျှောက်နေရတယ်၊ သူများက ပေါ်ဆန်းမွှေးတို့ ဘာတို့ စားနေပေမယ့်” “တော်ပါတော့ လှိုင်ရာ၊ လှိုင် ပြောလိုက်ရင် စိတ်ပျက်စရာ တွေချည်းပဲ၊ ကိုယ်ရောက်နေတဲ့ အခြေအနေမှာ စိတ်ချမ်းသာအောင် မနေတတ်ဘူး” ကိုကို့အနေနှင့် ရန်ကုန်က ခွာဖို့ကို လုံးဝ စိတ်ကူး၍ ရပုံ မပေါ်ပါ။ ခါးခါးသီးသီးဖြစ်နေပါသည်။ အလုပ်ထွက်ပြီး လိုက်ခဲ့ ဖို့ကတော့ ဝေးလာဝေး။ ကိုကိုတို့ မျိုးရိုးက အရာရှိ အရာခံမျိုး ပေမို့ အခြားအလုပ်ကိုလည်း အထင်မကြီးတတ်ကြပါပေ။ ကျွန်မ အလိုသာဖြင့် တောမှာခြံဝယ်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးသာ လုပ်နေလိုက်ချင်တော့သည်။ ကိုကိုကတော့ အိမ်အလုပ်ကိုပင် စိတ်မဝင်စားသူမို့ တူရွင်းကိုင်ဖို့ကိုတော့ ယောင်လို့ပင် စိတ်ကူးမည် မဟုတ်ပါ။
“ကဲဒါဖြင့် ကိုကိုရယ်၊ တကယ့်ပြဿနာက လှိုင်တို့ ဘယ်မှာ နေကြမလဲ” “ကိုကိုတို့ အိမ်မှာ နေပါလားလှိုင်ရယ် ဟင်၊ ခုဆို ဘွားမြင့်လဲ မရှိတော့ဘူး၊ အိမ်မှာ ဖေဖေက လွဲရင် မားမားမတ်မတ် ရပ်တည်မယ့် လူတောင် မရှိတော့ဘူး၊ ဖေဖေကလဲအသက်ကြီးပြီ” ဒါနဲ့ပါဆိုလျှင် ကိုကိုတို့အိမ်မှာ လိုက်နေဖို့ ခေါ်သည်မှာ သုံးခါရှိသွားပါပြီ။ တကယ်တော့ နေလို့မဖြစ်မှန်း ကိုကိုသိပြီးဖြစ် ပါသည်။ ကြံရာမရ၍ ပြောခြင်းဖြစ်သည်ဟုသာ ကျွန်မထင်ပါသည်။ “မဖြစ်ဘူးလို့ ဘယ်နှစ်ခါ ပြောရမလဲကိုကို၊ ကိုကိုတို့အိမ်မှာ နေဖို့ရယ်၊ ပဲခူးမှာ နေဖို့ရယ် ဆိုတာတွေက တကယ့်ပြဿနာမဟုတ် ပါဘူး ကိုကို၊ တကယ် အဖြေရှာရမှာက လှိုင်တို့အိမ်ထောင်လေး ဆက်လက်တည်တံ့နိုင်အောင် ဘယ်လို ဖန်တီးကြမလဲဆိုတာပါ” “လှိုင့်စကားက နက်နဲလှချည်လား၊ ကိုကိုတို့နှစ်ယောက်တည်း ဆက်နေနိုင်အောင်ဆိုရင် ဒီထက် စပေါ်နည်းနည်းပေးရတဲ့ အိမ်လေး တစ်လုံး ရှာကြတာပေါ့ကွယ်” ကျွန်မ ခေါင်းကို အသာရမ်းပြမိပါသည်။
သည်ခေတ်မှာ စပေါ်နည်းနည်းနဲ့ အိမ်တစ်ခုလုံးရဖို့ဆိုတာ စိတ်ကူးယဉ်အိပ်မက် သာဖြစ်ပါလိမ့်မည်။ အိမ်ရှင်တွေက တစ်ဦးဆင်းသွားလျှင် နောက် တစ်ဦးဆီမှ ပိုတောင်းဖို့ အသင့်ရှိနေကြသည်။ သူတို့ကိုလည်း အဆိုးမဆိုသာ။ အစစအရာရာ စရိတ်စက တက်နေသည် မဟုတ်လား။ လူတွေကများလာသည်။ တိုးပွားလာသည်။ သူနှင့်အမျှ နေစရာက တိုးလာသည်မှ မဟုတ်ပါဘဲ။ ဝတ်စရာ စားစရာက များလာသည်မှ မဟုတ်ပါဘဲ။ လူတစ်ယောက်အတွက် အရေးကြီးဆုံးကလည်း စားဖို့ နေဖို့ ဝတ်ဖို့။ “မဖြစ်နိုင်တာတွေ ပြောမနေပါနဲ့တော့ ကိုကိုရယ်၊ လှိုင်တို့ အတူနေကြသမျှ ဒုက္ခတွေကို ရင်ဆိုင်နေရဦးမှပဲ၊ တကယ်တော့ လှိုင်တို့ လက်မထပ်ဘဲ ရည်းစားပဲ ထားနေခဲ့ကြရင် ကောင်းမှာ” “ကြည့်စမ်း၊ လှိုင့်မှာ ဘယ်လို အတွေးမျိုးတွေ ဝင်နေပြီလဲ။ ဒီတစ်ခါတော့ သတ္တိနည်းတာ လှိုင်ကိုယ်တိုင် ဖြစ်နေပါရောလား၊ အိမ်ထောင်ရေး အဘိဓမ္မာရှင်မကြီးရဲ့” “ပြောတော့ကိုကို ပြောတော့၊ လှိုင်တော့ အားလုံးကို လက်မြှောက် အရှုံးပေးချင်နေပြီ” ကိုကိုသည် ကျွန်မကို နားမလည်စွာ ကြည့်နေဆဲဖြစ်ပါသည်။ ကျွန်မမျက်လုံးအိမ်တွင်းဝယ် မျက်ရည်များ ပြည့်လျှမ်းလာပါသည်။ ကိုကိုက ကျွန်မမျက်နှာကို ရင်ခွင်တွင်းသို့ သွင်းကာ သက်ပြင်းကို ရှိုက်လိုက်ပါသည်။
“ကိုကိုတို့နှစ်ယောက်လုံး အေးအေးချမ်းချမ်း နေနိုင်မယ့် နည်းလမ်းကို ရှာပါရစေဦး လှိုင်ရယ်” ရုံးဆင်းချိန်တွင်မှ ကျွန်မ ဈေးဝင်ဝယ်ရသည်။ ၃၈ လမ်းဈေး၊ ဂွတ္တလစ်ဈေး၊ ကြုံရာဈေးတွင် ဝယ်သည်။ ယနေ့တော့ ၃၈ လမ်း ဈေးကို ဝင်ဖြစ်သည်။ ကိုကိုတို့ အိမ်နှင့်နီးသဖြင့် သည်ဈေးတွင် မျက်နှာသိများနှင့် မကြာခဏဆုံရသည်။ သည်နေ့တွင် ကိုကိုတို့ လမ်းထဲမှ စကားပြောကောင်းသော ဒေါ်မြကြည်နှင့် တွေ့ရသည်။ ကျွန်မ အလျင်စလို ဈေးဝယ်ရသည်မို့ သာမန်အပြုံးဖြင့် နှုတ်ဆက်ကာ ဆက်လျှောက်ခဲ့သည်။ ဒေါ်မြကြည်ကမူ တစ်စုံတစ်ခု ပြောလိုဟန်ဖြင့် ကျွန်မနောက်က လိုက်လာပါသည်။
“ဘာတွေ ဝယ်မလို့လဲ တူမ” “ဘာဝယ်ရမှန်း မသိပါဘူး အဒေါ်ရယ်၊ ပုဇွန်နည်းနည်းဝယ် ပြီး ဖလံတောင်ဝှေး ကြော်ရ ကောင်းမလားလို့” “အေးလေ၊ ညည်းတို့လဲ တော်တော်ကြပ်တည်းသွားမှာပဲနော်” သူ့စကားက ဆန်းသလိုလိုဖြစ်နေ၍ ကျွန်မ ခေတ္တ ရပ်လိုက် မိသည်။ “ရှင် ” “ဪ ဒေါ်မြင့်ဆုံးသွားတော့ ဆေးကုရတာရော၊ သဂြိုဟ် ရတာရော ငွေ အတော်ကုန်သွားဆို၊ သူတို့ ကလဲအေ၊ တော်ရုံ လုပ်တာမဟုတ်ဘူး၊ အသုဘတောင် ခမ်းခမ်းနားနား ချချင်တာ၊ ကြွားချင်တာက အလွန်ပဲ၊ သေတဲ့လူကလဲ သေပြီးမှဟာကို” ကျွန်မ ဘာပြောရမည်မသိသေး။ သူ့စကားကို စောင့်နား ထောင်နေရသည်။
“ဒါနဲ့ နေဦး၊ ငါနဲ့တော့ မဆိုင်ပါဘူး၊ ငွေက သူတို့က ဆပ်မှာလား၊ ညည်းတို့က ဆပ်မှာလား” ကျွန်မ အပြေးအလွှားတွေးလိုက်မိပါသည်။ သည်မိန်းမကြီး သည် အတိုးကြီးပေး၍ ငွေချေးသူတစ်ဦးဖြစ်ကြောင်းကိုလည်း သတိရ လိုက်သည်။ “ဝိုင်းဆပ်ရမှာပေါ့လေ၊ အင်း ငွေက ဘယ်လောက်ပါလိမ့်” ကျွန်မက ရောယောင်၍ မသိမသာ စကားတောက်ကြည့်ရပါသည်။ “မောင်ကြည်သာ လာယူသွားတာပဲလေ၊ တစ်ထောင်ရယ်ပေါ့” ‘ဪ ဟုတ်လား၊ ကိုကိုက ငွေချေးရတယ်သာ ပြောတယ်။ ဘယ်လောက်လို့ မပြောလို့ပါ၊ ကျွန်မ ကျွန်မ သွားဦးမယ်နော်” “အေး အေး”ကျွန်မသည် ဈေးကိုပင် ဖြောင့်အောင် မဝယ်နိုင်တော့ဘဲ အိမ်သို့ ပြန်လာခဲ့ပါသည်။ ကိုကိုပြန်မရောက်သေးပါ။ ခုတလော ကိုကိုကလည်း ငေးငေးငိုင်ငိုင်ရှိလှသည်။ ကျွန်မ မသိအောင် ပြဿနာတွေကို တစ်ယောက်တည်း ဖြေရှင်းနေပြီ ထင်ပါသည်။ ငွေကို အားလုံးသဘောတူချေးသည်လား၊ ကိုကိုတစ်ယောက်တည်းအနေနှင့် ချေးသည်လားမသိ။ သည်မိန်းမကြီးက အတိုးယူတာ ကလည်း များပါဘိ။ တစ်ရာကို တစ်ဆယ်တိုးဆိုလား။ ကျွန်မ ကိုကို့ကိုလည်း ဖွင့်မမေးရက်တော့ပါ။ တတ်နိုင်လျှင် ကျွန်မလည်း ကိုကို မသိအောင် ကိုကို့ပြဿနာကို ရှင်းပေးလိုက်ချင်ပါသည်။
ကိုကို့မှာ အကြွေးတစ်ထောင်တင်နေပါပြီ။ သည်အကြွေးကို ဘယ်လိုဆပ်မှာပါလိမ့်။ ကျွန်မကို ဖြည်းဖြည်းမှ ဖွင့်ပြော၍ လခထဲက ဆပ်မည်လား။ တစ်လတစ်လ အကြွေသာ ဖဲ့ဆပ်နေလျှင် လခထုတ်ရောင်းစရာ ရွှေတိုရွှေစက ကုန်သလောက်ရှိပြီ။ အဝတ်အသစ် ဝယ် ချင်တိုင်း အဟောင်းတွေကို ချ၍ချ၍ ရောင်းရသဖြင့် အဝတ်ဟောင်းပင် ရောင်းစရာမရှိ။ နောက်ဆုံး နို့ဆီခွက်ဘူးခွံပင် မကျန်တော့ပါချေ။ကိုကို့တွင် ကျွန်မမသိသော အခက်အခဲတွေ ရှိနေသည်လား ဟု ကျွန်မသည် ကိုကိုအိပ်ပျော်နေစဉ် ကိုကို ကိုယ်နှင့်မကွာ ကိုင်ဆောင်လေ့ရှိသော ဒိုင်ယာရီလေးကို ခိုးဖတ်လိုက်သည်။ ဒိုင်ယာရီ ထဲတွင်တော့ ထူးထူးခြားခြား ရေးမှတ်ထားသည်ကို မတွေ့ရ။ ရုံးမှငွေစုငွေချေးအသင်းတွင် ငွေချေးရန် ရေးဖြည့်ထားသည့် လျှောက် လွှာကို တွေ့ရသည်။ ချေးယူမည့်ငွေက ၉ဝဝ ကျပ်။ ဆပ်မည့်လက ၁၀ လ။ကျွန်မသည် သက်ပြင်းကိုသာ တွင်တွင်ချမိပါသည်။ ကိုကို့ကို လည်း စိတ်ဆင်းရဲအောင် ဘာမျှမမေးချင်တော့။ တစ်ခုခုကို ဆုံးဖြတ် ရန်သာ စဉ်းစားနေမိသည်။နောက်ဆုံး ယတိပြတ်ဆုံးဖြတ်ပြီး ကိုကို့ကို ရင်ဆိုင်လိုက် ပါသည်။
“ဒီမှာ ကိုကို၊ လှိုင် ပြောတာ သေသေချာချာ နားထောင် ပါဦး၊ လှိုင်တို့ အိမ်ခန်းကို ပြန်အပ်လိုက်ရအောင်၊ ပြန်ရမယ့်စပေါ် ငွေကို ဆပ်စရာရှိတာဆပ်ပြီး အဲ ကြီးကြီးသူဇာတို့ကိုပေးပြီး လှိုင် တို့ ငွေပြန်စုကြမယ်လေ၊ ငွေစုပြီးမှ နောက်ထပ် အိမ်ရှာကြတာပေါ့၊ မဟုတ်ဘူးလား” “အိမ်ပြန်အပ်ပြီး ဘယ်မှာ သွားနေကြမလဲ” ကျွန်မက ကိုကို့မျက်နှာကိုမကြည့်ဘဲ ခပ်ပေါ့ပေါ့ ရယ်ကာ ပြောလိုက်ပါသည်။ “ဒီလိုလေ ကိုကိုရဲ့ ၊ အကြံကုန် ဂဠုန်ဆားချက်ရတာပေါ့၊ လှိုင်က မေမေတို့ဆီ ခဏပြန်နေ၊ ကိုကိုကလဲ ကိုကိုတို့အိမ် ပြန်နေ၊ ဒီကြားထဲမှာ ငွေကို စုထား၊ မကောင်းဘူးလား ဟင်၊ ပြီးတော့ ကိုကို” “ဆိုစမ်းပါဦး၊ ပြီးတော့ ဘာဖြစ်သေးလဲ” “ဟိုလေ လှိုင် လှိုင်၊ ပဲခူးကို အလုပ်ပြောင်းဖို့ တင်ထားတယ်” ကိုကိုကကျွန်မကို ရီဝေစွာ ကြည့်နေပါသည်။ “လှိုင် ကိုကို့ကို ပစ်သွားတော့မလို့လား” ကျွန်မက ကမန်းကတန်းထကာ ကိုကို့လက်မောင်းများကို ဆုပ်ကိုင်လိုက်မိပါသည်။
“မဟုတ်ပါဘူး ကိုကိုရယ်၊ ဒီနည်းပဲရှိလို့ ဒီနည်းပဲကြံရတာ ပါ၊ ခုလဲ လှိုင်တို့ သမီးလေးကို ပစ်ထားရတာပဲ၊ ကိုကို့မှာ ဒီထက် ကောင်းတဲ့ နည်းလမ်းရှိရင် ပြောပါ ကိုကို” ကိုကို တွေဝေသွားပါသည်။ အိပ်ရာပေါ်တွင် ပစ်လှဲကာ မျက်နှာကျက်ဆီသို့ ငေးနေပါသည်။ ငွေအတွက် အိမ်ထောင်အတွက်ကိုကို သောကရောက်နေရသည်ကို မကြည့်လိုတော့ပါ။ ကိုကိုသာ သူ့အိမ်မှာပြန်နေလျှင် ကိုကိုတို့ မိသားစု အတော်အဆင်ပြေသွား ပါမည်။ ကိုကိုတို့မှာ ဟန်သာရှိ၍ လက်ထဲတွင် ငွေတစ်ပြားမှမရှိ။ အစ်ကိုကြီး ကိုထွန်းသာတို့ကလည်း မထောက်ပံ့နိုင်တော့။ ဖေဖေ ပင်စင်လစာကလည်း မဖြစ်လောက်။ ကိုကိုသာ တာဝန်ကို မျှယူ လျှင် ဖေဖေစိတ်ချမ်းသာပါလိမ့်မည်။ အိမ်စပေါ်ငွေ ပြန်ရလျှင် အကြွေးဆပ်ဖို့သာ ရှိသည်။ ကြီးကြီး သူဇာတို့အတွက်လည်း မဟုတ်တော့။ ငွေက ကုန်ပြီးနှင့်ပြီ။
ကျွန်မတို့နှစ်ယောက် လက်တွဲမဖြုတ်ဘဲ ဖြစ်သမျှကိုရင်ဆိုင် ကြပါစို့ ဆိုရင်ကော။ အကြွေးဆပ်ရမည့်ငွေနှင့် ကုန်ကျစရိတ် အထွေထွေကိုနုတ်လိုက်လျှင် စားဖို့ပင် ကျန်မည်မထင်။ တစ်နေ့ တစ်နေ့ စိတ်ညစ်ရတာနှင့်ပင် အသက်တိုရော့မည်။ ပျော်စရာလည်း ရှာတွေ့မည်မထင်။ ရန်ဖြစ်ပြီးမှ လမ်းခွဲရတာနှင့်စာလျှင် ချစ်လျက်နှင့် မလွှဲသာလို့ ခွဲရတာကမှ တော်ဦးမည်။ကျွန်မသည် အိပ်မပျော်ဘဲနှင့် ကြိုးစား၍ မျက်စိမှိတ်ထား သော ကိုကို့ဘေးမှနေ၍ သက်ပြင်းကို ခိုးရှိုက်ကာ မျက်ရည်မကျ အောင် ငိုနေမိပါသည်။
“မနီနီလှိုင် ခွင့်တစ်လယူမယ်နော်” “ဟုတ်ကဲ့ ရှင့်၊ ကျွန်မမေမေ နေမကောင်းလို့ပါ၊ ပဲခူးက လူကြုံနဲ့ ခေါ်လိုက်လို့ပါ” “သံကြိုးစာ ပြနိုင်ရင် ပိုကောင်းတာပေါ့၊ လုပ်သက်ခွင့်က သုံး လေးရက်တော့ ကြိုတင်ရတယ်၊ ဒါပေမယ့် လုပ်ပေးလိုက်ပါ့ မယ်လေ” “ကျေးဇူးပါပဲ ဦးလေးရယ်”ကျွန်မ ခွင့်စာတင်ပြီး အိမ်သို့ပြန်လာခဲ့ပါသည်။ အိမ်တွင် ကိုကိုမသိအောင် တိတ်တဆိတ် ပြင်ဆင်ထားသော အဝတ်အစား များကို ယူသည်။ ကိုကို့ အတွက် အသင့်ရေးထားသောစာကို စားပွဲပေါ်တွင် တင်ထားကာ ဘူတာရုံသို့ ထွက်ခဲ့ပါသည်။ သည် တစ်ခါတော့ ကျွန်မနေထိုင်ခဲ့ရာ အိမ်ကလေးကို ငဲ့စောင်း၍မျှ လှည့်မကြည့်တော့ပါ။ မျက်ရည်လည်း မကျတော့ပါ။ ရင်ထဲမှာ တော့ နာနေသည်။ကိုကိုရယ်အိမ်ထောင်တစ်ခုကို အချစ်နဲ့ထူထောင်ရင် ပြည့်စုံ ပြီလို့ ထင်ခဲ့တယ်၊ တကယ်တမ်းကျတော့ စိတ်ကူးယဉ်နဲ့ လက်တွေ့ဘဝဟာ တစ်ခြားစီပါပဲ။
လှိုင်တို့ ချစ်ခဲ့ကြတုန်းက ဆီပြဿနာ ဆန်ပြဿနာ တွေ မတွေးခဲ့မိဘူး၊ နေစရာဆိုတာ ရှာရင် တွေ့မှာပဲလို့ လွယ်လွယ်ပဲ ထင်ခဲ့တယ်၊ တကယ့်တကယ်ကျမှ နေဖို့ စားဖို့ဆိုတာ အချစ်ထက် ကြီးမားတဲ့ ပြဿနာတွေပါလား ဆိုတာ သိခဲ့ရပြီ။ဒီလိုပဲ လူ့ လောကဓမ္မတာ အိမ်ထောင်ပြုကြတာ မဆန်းပါဘူး၊ အိမ်ထောင်ရှင်တွေမှ ကမ္ဘာနဲ့အဝန်းပါ။ စားဝတ်နေရေး ကျပ်တည်းကြတာလဲ ကမ္ဘာနဲ့ အဝန်းပါ။ ဒီဒဏ်တွေကို မခံနိုင်လို့သာ အိမ်ထောင်ကွဲကြစတမ်းဆိုရင် ခက်ရချည်ရဲ့။ ဒါပေမယ့် ကိုကိုရေနေ့စဉ်နဲ့အမျှ လူတွေဟာ ဒေါသထန်နေကြတယ်။ ကိုယ်ချင်းစာတရားတွေ ခေါင်းပါးနေကြတယ်၊ ညှာတာ စိတ်တွေ ကင်းမဲ့နေကြတယ်၊ မိမိတစ်ဝမ်းတစ်ခါးဝဖို့အတွက် ခြေထောက် တစ်နေရာစာ ရပ်ရဖို့အတွက် ဆိုရင် တစ်ဖက် လူကို အခွင့်အရေး နည်းနည်းလေးမှ မပေးနိုင်ကြဘူး။
ဒီလိုစိတ်ထားမျိုးတွေဟာ လူတွေရဲ့ရင်မှာ တစ်စတစ်စ ကြီးထွားနေကြပြီ၊ ကိုယ်ကျင်လည်ရာ ပတ်ဝန်းကျင်မှာတောင် မလွှဲမရှောင်သာ လွှမ်းမိုးစ ပြုနေကြပြီ၊ ကိုယ်တိုင်ပါဝင်ရမယ့်မိသားစု အပေါ်မှာပါ ဝင်ရောက် နှောင့်ယှက်လာပြီဆိုရင်တော့ လူတွေဟာ အိမ်ထောင်မပြုဘဲ တစ်ဦးတည်း ရပ်တည် နေတာကမှ ကောင်းပါလိမ့်ဦးမယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြလွန်းလို့ အတူ နေခဲ့ကြတဲ့ လှိုင်တို့နှစ်ယောက်မှာ ချစ်တင်းစကားဆိုနေကြ ရမယ့်အစား နေ့စဉ် စားဝတ်နေရေး ပြဿနာတွေအကြောင်းပဲ စဉ်းစားပြောဆိုနေခဲ့ကြရတယ်။ အိမ်ထောင်သက်တမ်း တစ်လျှောက်လုံး ကိုကို့အတွက် ရော လှိုင့်အတွက်ပါ ကြည်နူးစရာဆိုလို့ တစ်ကွက်ကလေးမှ မတွေ့ခဲ့ရဘူး။ လှိုင်တို့ရဲ့ အိမ်ထောင်လေးကို နည်းအမျိုးမျိုးနဲ့ ကျား ကန်ခဲ့ကြပြီးပါပြီ။ ခုတော့ လှိုင့်မှာ အင်အား မရှိတော့ပါဘူး၊ ခြေကုန်လက်ပမ်း ကျနေပါပြီ၊ ဒီတော့ လှိုင် လက်မြှောက် အရှုံးပေးလိုက်ပါပြီ၊ စိတ်ဓာတ် ပျော့ညံ့သူရယ်လို့ လှိုင့်ကို သတ်မှတ်ရင်လဲ ခံရမှာပါပဲ။ ကိုကို့ကို လှိုင်လွတ်လပ်ခွင့်ပေးပါတယ်။ လှိုင်တော့ သမီးလေးနဲ့ အတူ။ကိုကိုရဲ့လှိုင် ရထားဥသြသံက ကျွန်မရင်ထဲအထိ ပဲ့တင်သံ ခတ်သွားပါ သည်။ ကျွန်မ မျက်လုံးအစုံက ဘာကိုမျှ သဲသဲကွဲကွဲ မမြင်ရပါ။ ကျွန်မစိတ်ထဲမှာ ကိုကိုတစ်ယောက် ကျွန်မဆီ ပြေးလာနေသည်ဟု ထင်ပါသည်။
“လှိုင် လှိုင်” အို ကိုကိုပါလား။ တကယ့်ကို ကိုကိုပါပဲ၊ ကျွန်မထင်နေ ခြင်းမဟုတ်။ ကျွန်မဘေးမှ ပြတင်းပေါက်နားတွင် ကိုကိုရောက် နေပါပကော။ “ကိုကို လှိုင် သွားမယ်ဆိုတာ ဘယ်လိုလုပ်သိ” ကိုကို့မျက်နှာတွင် ချွေးပြန်နေပါသည်။ ကိုကိုက အသက်ကို ပြင်းပြင်းရှုလိုက်ရှာပါသည်။ “လှိုင် ရုံးကို ကိုကို ဖုန်းဆက်မိတယ်၊ ဒီတော့ လှိုင်ခွင့်တင်ပြီး အိမ်ပြန်သွားတယ်ဆိုတာနဲ့ နေများမကောင်းလို့လားလို့ အိမ်ကို လိုက်ခဲ့ပါတယ်၊ လှိုင့်စာကိုတွေ့ရော” ကျွန်မသည် စိတ်ထဲမှ အံကိုတင်းတင်းကြိတ်၍ထားမိပါသည်။ “လှိုင်ရယ် ကိုကို ဘာလုပ်ရမှန်းတောင်မသိတော့ဘူး”ကိုကိုသည် ရထားပေါ်ပဲ တက်လာတော့မလိုလို၊ ကျွန်မကိုပဲ ဆွဲခေါ်တော့ မလိုလိုနှင့် ဗျာများနေပါသည်။ ကျွန်မမှာ မလှုပ်မယှက်ကျောက်ရုပ်သဖွယ် မြဲမြဲမြံမြံကြီး ထိုင်နေပါသည်။ သည်နေရာမှ ကျွန်မကိုယ်တိုင် ဘယ်လိုမှ ကြွ၍ရမည်ပင် မထင်ပါ။
“အေးပါလေ၊ လှိုင့်ကို ကိုကို တားလို့လဲ မရတော့ပါဘူး၊ ဒါပေမယ့်လှိုင်ရယ်၊ လှိုင် စိတ်ပြေလက်ပျောက်နေပြီး ပြန်လာခဲ့ပါ။ လှိုင့်စာထဲကလိုတော့” ကျွန်မသည် စကားတစ်ခွန်းကို ကြိုးစား၍ ပြောလိုက်ရပါသည်။ “ဒီလကုန်ရင် လှိုင်တို့အိမ်ကို ပြန်ယူဖို့ အိမ်ရှင်ကို ပြောခဲ့ပြီးပြီ၊ နောက်ငှားမယ့် လူကတောင် အိမ်ကို လာကြည့်ပြီး စရံငွေပေး သွားပြီလေ” “အို လှိုင်ရယ်” “ကိုကို့အခက်အခဲတွေကို လှိုင်သိတယ်ကိုကို၊ လှိုင်လဲဝိုင်းပြီး မဖြေရှင်းပေးတတ်ဘူး၊ လှိုင်တတ်နိုင်တာ ဒီနည်းပဲရှိ” ဒုတိယအကြိမ် ရထားက ဥသြဆွဲလိုက်ပါသည်။ ဘီများ ကလည်း တစတစရွေ့ ရှားစပြုနေပါပြီ။
ကိုကိုသည် ငေးငေးငိုင်ငိုင် နှင့် ကြက်သေသေကာ ရပ်နေပါသည်။ ကိုကို့မျက်လုံးအစုံတွင် မျက်ရည်တွေဝဲလျက်။အငိုလွယ်သော ကျွန်မသည် မျက်ရည်မကျတော့ပါ။ ကိုကို အသွင် ဝိုးဝါး ပျောက်ကွယ်စပြုမှ မျက်လုံးအစုံကို မှိတ်လိုက်ပါသည်။ ထိုအခါမှ မျက်စိထဲတွင် အသွင်အမျိုးမျိုးကို ပြိုးပြိုးပြက် ပြက် မြင်နေရသည်။ အသံအမျိုးမျိုးကို ဝိုးတိုးဝါးတား ကြားနေရသည်။ ခေါင်းထဲတွင် ရီဝေလာပါသည်။ ကိုကို၏ မျက်ရည်ဝဲသော မျက်နှာ၊ ကြည်မေဦး၏ ဝင့်ထယ်သော အပြုံး၊ တိုးတိုး၏ နွမ်းလျသော အသွင်၊ သီတာနွယ်၏ မထေမဲ့မြင် ရယ်သံလေး၊ ထွေးထွေး၏ ကြေကွဲသော ရှိုက်သံသဲ့သဲ့။
ပြီးပါပြီ။
စာရေးဆရာမ မိုးမိုး (အင်းလျား) ရေးသားသော ပျောက်သောလမ်းမှာ စမ်းတဝါး စာအုပ်မှ ကူးယူဖော်ပြသည်။