ပညာဗဟုသုတရှာမှီးကြရာ၌ အထွေထွေဗဟုသုတရှာမှီးခြင်း၊ တစ်ခုတည်းသောပညာရပ်ကို ကမ်းတစ်ဖက်ရောက်တတ်မြောက် ကျွမ်းကျင်အောင် ရှာမှီးခြင်းဟူ၍ နှစ်နည်းရှိလေရာ အမျိုးပေါင်းစုံလင့်ရန် ရည်ရွယ်ချက်နှင့် အထွေထွေဗဟုသုတရှာမှီးသောနည်းမှာ မည်မျှပင်စုံလင်၍ မည်မျှလောက်ခေါက်မိစေကာမူ ဓနဥစ္စာကြွယ်ဝရေးအတွက် များစွာအသုံးမဝင်ချေ။ သိပ္ပံကျောင်းကြီးများ၌ ကျောင်းဆရာအဖြစ်နှင့် အသက်မွေးမြူကြသော ပရော်ဖက်ဆာ ဆရာကြီးများကဲ့သို့ ခက်ခဲနက်နဲလှပသော ပညာရပ်မျိုးစုံ စုံလင်အောင်တတ်မြောက်ကျွမ်းကျင်သူဟူ၍ ရှားပါးပေလိမ့်မည်။ သို့ရာတွင် များစွာသောဆရာကြီးတို့သည် စားရ,သောက်ရရုံမျှရှိ၍ ဓနဥစ္စာပေါကြွယ်ဝသော သူဌေးကြီးများအဖြစ်သို့ ရောက်နိူင်ကြသည် မရှိချေ။ ၎င်းဆရာကြီးများသည် မိမိတို့တတ်မြောက်ထားသော ပညာဗဟုသုတကို သူတစ်ပါးတို့အား သင်ပြပေးရုံမျှလောက်သာ အသုံးပြုတတ်၍ ငွေရှာမှုအတွက် ထိုပညာကို အသုံးမချကြချေ။
စုဆောင်းလေ့လာထားသော ပညာကို ဉာဏ်ဖြင့်အစီအစဉ်ပြုလုပ်၍ ငွေရှာမှီးမှုအတွက် ရည်ရွယ်ချက်နှင့် အသုံးမချခဲ့လျှင် ပညာဗဟုသုတ သက်သက်သည် ငွေကိုဆွဲဆောင်နိူင်သော အစွမ်းမရှိချေ။
ဤအချက်ကိုသဘောမပေါက်ဘဲ ဗဟုသုတစုံခဲ့လျှင် လိုချင်တာရနိူင်သည်ဟု မှားယွင်း ထင်မှတ်တတ်ကြသည် ဖြစ်သောကြောင့် များစွာသောသူတို့သည် တစ်သက်တာတွင်မကြီးပွားနိူင်ဘဲ အချွတ်ချွတ် အချော်ချော် ဖြစ်ရှာရလေသည်။ တတ်မြောက်ထားသော ပညာကို တစ်စုံတစ်ခုသော ရည်မှန်းချက်အတွက် ဉာဏ်ဖြင့်စီစဉ်ကာ အသုံးပြုတတ်မှ သာလျှင် ထိုပညာ၏တန်ဖိုးသည် ပေါ်ထွက်လာနိူင်သည် ဖြစ်ချေ၏။
ခေတ်ကာလကျောင်းကြီးများသည် ကျောင်းသားများအား ပညာဗဟုသုတရရှိစေမှုအတွက်သာလျှင် သင်ကြားပေး၍ ရရှိပြီးသော ပညာကို ဘယ်ကဲ့သို့ စီစဉ်၍ အသုံးပြုရမည်ဟု ပြသမပေးကြခြင်းမှာ အလွန်အရေးကြီးသော ချွတ်ယွင်းချက်ကြီး တစ်ခုဖြစ်ချေ၏။
များစွာသောသူတို့က သိပ္ပံကျောင်းကြီးများ၌ ပညာသင်ဖူးမှသာ ပညာတတ်သည်ဟု မှတ်ထင်တတ်ကြ၏။ အမေရိကန်ပြည်၌ အကြွယ်ဝဆုံး သူဠေးကြီးတစ်ီဥးဖြစ်သော ဟင်နရီဖို့သည် ကျောင်း၌ ၆တန်းမျှသာ ပညာသင်ခဲ့ဖူးသော်လည်း သာမန်အလုပ်သမားတစ်ယောက် ဘဝမှသူဠေးကြီး အဖြစ်သို့ရောက်အောင် စွမ်းဆောင်နိူင်ခဲ့လေသည်။
စင်စစ်မှာ ဗဟုသုတ မျိုးစုံလင်အောင် လေ့လာလိုက်စားထားသော သူတစ်ယောက်ကို ပညာရှိ လူစွမ်းကောင်း ဟူ၍ခေါ်ဝေါ်လိုက်သည်မဟုတ်။ သူတစ်ပါးတို့၏ အခွင့်အရေးကို ထိခိုက်ကျူးကျော်ခြင်းမရှိစေရဘဲ မိမိ၌ရှိသော ဉာဏ်များကို အကျိုးအများဆုံးရှိအောင် စီစဉ်အသုံးချတတ်သော သူကိုသာလျှင် ပညာရှိလူစွမ်းကောင်းဟူ၍ ခေါ်ဆိုထိုက်ပေ၏။
ပထမကမ္ဘာစစ်ကြီးအတွင်း၌ အမေရိကန်ပြည်ထုတ် သတင်းစာတစ်စောင်က မစ္စတာဖို့အား စစ်ဖြစ်ဖို့ မလိုလားသော ပညာမဲ့တစ်ယောက်ဟူ၍ ခေါင်းကြီးပိုင်းတွင်ရေးသား စွပ်စွဲခဲ့ဖူးရာ မစ္စတာဖို့သည် ထိုသတင်းစာကို အသေရေဖျက်မှုနှင့် တရားစွဲခဲ့ဖူး၏။ ရုံးတော်၌စစ်ဆေးသည့်အခါ တရားခံ၏ရှေ့နေများသည် ပစ္စတာဖို့အား ပညာမဲ့တစ်ယောက်ဖြစ်ကြောင်း ထင်ရှားစိမ့်သောငှာ မေးခွန်းများထုတ်ကြ၏။ မစ္စတာဘယ်နီဒစ် အာနိုးဆိုသူကား မည်သို့သော ပုဂ္ဂိုလ်မျိုးဖြစ်သနည်း… ၁၇၇၆ ခုနှစ်တွင် အမေရိကန်သူပုန်တို့ အရေးကို နှိမ်နင်းရန်အတွက် ဗြိတိသျှအစိုးရက စစ်သားပေါင်းမည်မျှစေလွတ်ခဲ့သနည်း စသော မေးခွန်းမျိုးတို့ဖြင့် စမ်းသပ်မေးမြန်းလေရာ မစ္စတာဖို့သည် မပြောဆိုနိူင်ဘဲ ရှိခဲ့၏။
ယင်းကဲ့သို့ ဗဟုသုတ သက်သက်ဖြစ်သော မေးခွန်းပုစ္ဆာပေါင်းမြောက်မြားစွာတို့ကို ရှေ့နေများက ဉာဏ်ရှိသလောက် တစ်ခုပြီးတစ်ခု ဆက်လက်မေးမြန်းကြလေရာ နောက်ဆုံး၌ မစ္စတာဖို့သည် အခံရခက်လာသည်နှင့် မေးခွန်းထုတ်သောရှေ့နေအား လက်ညှိုးထိုးလျက်ပြောနေသည်မှာ အနက်အဓိပ္ပာယ်မရှိသော သင်၏မေးခွန်းမျာ ကို ကျွန်ုပ်ဖြေဆိုရမည်ဖြစ်လျှင် ကျွန်ုပ်၏စားပွဲ၌တပ်ထားသော ဆိုင်ရာဆိုင်ရာခလုတ်ကိုနှိပ်လိုက်ရုံမျှနှင့် ကျွန်ုပ်၏အလုပ်နှင့်ပတ်သတ်၍ ကျွန်ုပ်မေးလိုသမျှသောမေးခွန်းပုစ္ဆာများကို သွက်သွက်လက်လက်ဖြေနိူင်မည့်သူများကို ကျွန်ုပ်တို့ငှားထားသည်။ ကျွန်ုပ်တို့သိလိုသမျှကို သိရအောင် ဤနည်းအတိုင်း စီမံထားပါလျက်အရာမရောက်သော သင်၏မေးခွန်းများကို ဖြေဆိုနိူင်ရန်အတွက် ကျွန်ုပ်၏ဉီးနှောက်ရှုပ်ခံ၍ အဘယ်ကြောင့်မှတ်သားထားရန်လိုသည်ဟု သိပါရစေဟု တုံ့ပြန်ချေဆိုလိုက်ရကား မေးခွန်းထုတ်သော ရှေ့နေမှာ အကျပ်ရိုက်သွားသည့်ပြင် နားထောင်နေကြသူ ပရိတ်သတ်အပေါင်းတို့သည်လည်း ထိုချေဆိုချက်သည် ပညာမဲ့တစ်ယောက်၏ ချေဆိုချက်မဟုတ်ကြောင်း ကောင်းကောင်းကြီး ကျေနပ်သွားကြလေကုန်၏။
အလိုရှိသောပညာကို အလိုရှိသောအချိန်တွင် ကောက်ခါငင်ခါရနိူင်အောင် စီမံထား၍ ထိုပညာတို့ကို အသုံးချနိူင်အောင် နေရာတကျစီမံတတ်သော သူကိုသာလျှင် ပညာရှိဟူ၍ခေါ်ဆိုထိုက်၏။ ဟင်နရီဖို့သည် ဆိုင်ရာဆိုင်ရာပညာရပ်တစ်ခုတွင် ကမ်းတစ်ဖက်ရောက်တတ်မြောက်ထားသော သူများကို မိမိလက်အောက်တွင် လခစားထားပေး၍ ကောက်ခါငင်ခါအသုံးပြုခဲ့ခြင်းအားဖြင့် အကြွယ်ဝဆုံးသော သူဌေးကြီးတစ်ီဥးအဖြစ်သို့တိုင်ရောက်ခဲ့လေသည်။ ထိုပညာရပ်တစ်ခုစီကို သူ၏ဦးခေါင်းထဲ၌မှတ်သားထားရန် မလိုချေ၊ ဤစာအုပ်မျိုးကို ဖတ်ရှုရန်လိုသည်ဟု သိနားလည်သဖြင့်၊ ဖတ်ရှုလျက်ရှိသူတစ်ယောက်သည် အထက်ပါသက်သေ၏ အဓိပ္ပာယ် လေးနက်သောအဖြစ်ကို သိနားလည် နိုင်လောက်ပေလိမ့်မည်။
သည်ရည်မှန်းထားသောငွေကို မရမီ သင်လုပ်ကိုင်လျက်ရှိသော အလုပ်အကိုင်နှင့်ပတ်သတ်၍ သိသင့် သိခွင့်ရှိသမျှသော အချက်အလက်တို့ကို တစ်ဖက်ကမ်းခတ် တတ်မြောက်အောင် ဆည်းပူးထားဖို့ လိုပေလိမ့်မည်။ အလုပ်ကြီးအခြေသို့ရောက်သဖြင့် ကိုယ်တိုင်ဆည်းပူးရန် မတတ်နိုင်ခဲ့လျှင် ပညာရပ်တစ်ခုစီ ဗိုလ်ဆွဲသော လူတစ်စုရှိစေဖို့ စီမံထားရချေမည်။
အချို့သော သူတို့သည် သိပ္ပံကျောင်းကြီးများ၌ သင်ခဲ့ရသော ပညာမျိုး မတတ်ခဲ့သည့်အတွက် မိမိတို့ကိုယ်ကို ကိုယ်ပညာမတတ်ဟု မှတ်ထင်ကာ အထင်အမြင် သေးတတ်ကြလေသည်။ ကိုယ့်ကိုယ်ကို အထင်အမြင်သေးခြင်းသည် ကိုယ့်အစွမ်းကို ယုံကြည်ခြင်းမရှိတတ်သဖြင့် ကြီးပွားရေးတွင် အနှောင့်အယှက်ကြီးဖြစ်စေရကား ဟင်နရီဖို့၏ ပုံသက်သေကို ကြပ်ကြပ်ကြီး နှလုံးသွင်းကြရချေသည်။
အပိုင်း(၂)အားဆက်လက်ဖတ်ရှုရန်>>>
ဆရာကြီးရွှေဥဒေါင်း အကြံဉာဏ်ဖြင့်ကြီးပွားရေး စာအုပ်မှကူးယူဖော်ပြပါသည်။