နာကျင်မှုတွေအကြောင်း

နာကျင်တယ်ဆိုတာမှာ စိတ်အာရုံကို မူတည်ပြီး ဖြစ်တဲ့ နာကျင်မှု (ဥပမာ အသည်းကွဲတာလို) မျိုးတွေလည်း ရှိပါတယ်။ ခုဆောင်းပါးမှာ ပြောချင်တာကတော့ ရုပ်ခန္ဓာပေါ် မူတည်ပြီးမှ ဖြစ်တဲ့ နာကျင်မှုတွေအကြောင်းပါ။

  • ရောဂါတော်တော်များများမှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာက ဘာလဲဆိုတော့ နာကျင်မှု (Pain) ဖြစ်ပါတယ်။ ခေါင်းကိုက်တာ၊ ခြေလက်ကိုက်ခဲတာလို အသေးစားတွေကနေစပြီး အစာအိမ်နာတာအလယ်၊ နှလုံးသွေးကြောပိတ်လို့ ရင်ဘတ်အောင့်တာအဆုံး နာကျင်မှုတွေချည်းပါပဲ။ တစ်ခုခု ထိခိုက်ဒဏ်ရာ ရရင်လည်း နာကြတာပဲ။ ကင်ဆာဖြစ်လို့ နောက်ဆုံးအဆင့် ရောက်နေပြီဆိုလည်း ပြင်းထန်တဲ့ နာကျင်မှုကို ခံစားကြရတယ်။ ဒီတော့ မနာရရင် သိပ်ကောင်းမှာပဲ၊ နာရတာ ပင်ပန်းဆင်းရဲလိုက်တာလို့ ထင်ရတယ်။
  • Dr. John ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲ ကြည့်ဖူးတယ်။ ဆရာဝန်တွေအကြောင်းပေါ့။ အဲ့ထဲမှာ ဇာတ်ဝင်ခန်းတစ်ခု ပါတယ်။ ကောင်လေးတစ်ယောက်က ဆေးခန်းလာပြတယ်။ လက်မှာ ဓါးခုတ်ခံထားရတဲ့ ဒဏ်ရာနဲ့။ ပုံမှန်ဆို လူးလိမ့်အော်ဟစ်နေရမှာ။ သူ့ကြည့်လိုက်တော့ အေးဆေးပဲ။ အပြုံးတောင် မပျက်ဘူး။ အကုန်လုံးကလည်း အံ့သြနေကြတယ်။ တကယ်တော့ ဒီကောင်လေးက Congenital Insensitivity to Pain လို့ ခေါ်တဲ့ နာကျင်မှုကို ခံစားနိုင်စွမ်း မရှိတဲ့ မွေးရာပါရောဂါ ရှိနေတာ။ အင်မတန်မှတော့ ရှားပါတယ်။ အဲ့တော့ ဓါးဒဏ်ရာ ရလည်း မနာဘူး။ ချုပ်ရင်လည်း ထုံဆေးပေးစရာ မလိုဘူး။ ရုတ်တရက်ဆို အတော်ကောင်းတယ် ထင်ရတယ်။ ဒါပေမဲ့ အဲဒါဟာ အင်မတန်မှကို အန္တရာယ်များတဲ့ ရောဂါ ဖြစ်ပါတယ်။ဘာလို့ဆိုတော့ နာကျင်မှုဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကနေ သူတို့ အဆင်မပြေတော့ဘူး၊ တခုခု လုပ်ပေးပါ ဆိုတဲ့အကြောင်းကို ဦးနှောက်ဆီ သတင်းလှမ်းပို့နေတာပဲ။ ဥပမာ မျက်စိယားလို့ ပွတ်တယ် ဆိုပါတော့။ လူတိုင်း လုပ်ဖူးကြမယ်။ ဘယ်သူမှ မျက်စိထိခိုက်လောက်အောင် အတင်းမပွတ်ဘူး။ နည်းနည်း နာလာပြီဆို ရပ်လိုက်မယ်။ သူတို့ကျ အဲ့လိုမဟုတ်ဘူး။ နာတာကို မသိတော့ မျက်ကြည်လွှာ ပျက်စီးသွားသည်အထိ ပွတ်ပစ်လိုက်တာမျိုး ရှိမယ်။ အရိုးကျိုးလည်း ကျိုးမှန်း မသိဘူး။ ခြေထောက်သံစူးလည်း စူးမှန်းမသိဘူး။ ဒီတော့ စဉ်းစားကြည့်။ ပြဿနာ ဘယ်လောက်များမလဲ ဆိုတာ။ ခန္ဓာကိုယ်တွင်းမှာလည်း ဘာတွေ ဖြစ်နေတယ် မသိနိုင်ဘူး။ ရုတ်တရက် ခေါက်ခနဲ သေချင်သေသွားနိုင်တယ်ပေါ့။ အဲ့တုန်းကတော့ ဒီလိုပဲ ကြည့်မိလိုက်တာ ဆိုပေမဲ့ ခုနောက်ပိုင်း တရားထိုင်ဖြစ်တဲ့အခါ အဲဒါလေးကို ပြန်သတိရတယ်။ နာကျင်မှုဆိုတာ ဆက်သွယ်ပြောဆိုမှုတစ်ခုပါလား ဆိုတာမျိုး မြင်မိလာတယ်ပေါ့။ဆီးချိုသမားတွေဆိုလည်း အဲ့ပြဿနာ ရှိတယ်လေ။ ဆီးချိုမထိန်းနိုင်လို့ အာရုံကြောပြဿနာ ဝင်လာတဲ့အခါ ခြေတွေ လက်တွေ ထုံလာတယ်။ လက်ကတော့ အမြဲတွေ့နေရတော့ တော်သေးတယ်။ ခြေထောက်ကျ တော်ရုံ မကြည့်မိတတ်ကြဘူး။ ဒီတော့ အနာဖြစ်နေမှန်း မသိတာမျိုး ဖြစ်တတ်တယ်။ ဆီးချိုကလည်း ရှိတော့ အနာက တော်တော်နဲ့ မကျက်ဘူး။ အဲ့လိုကနေ ပြဿနာ အတော်ပေးတာတွေ ကြားဖူး၊ ကြုံဖူးကြလိမ့်မယ်။ ဓမ္မတာလာလို့ ကိုက်ခဲရင် တအားခံရခက်တော့ ဒီလိုနာကျင်မှုတွေ မရှိချင်ဘူးလို့ ပြောကြတယ်။ ကိုယ်ဝန်ဆောင်မိခင်သာ အဲ့လိုမနာတတ်ဘူးဆို ဘယ်လောက် အဆင်မပြေ ဖြစ်သွားမလဲ စဉ်းစားကြည့်ပေါ့။
  • ပုံမှန်ဆို ရောဂါတစ်ခုခု ဖြစ်မ​နေရင် ခန္ဓာကိုယ်က မနာကျင်ဘူး။ အဲဒါ ဘာလို့လဲဆိုတော့ အနေအထားလေးတွေ ပြောင်းပြောင်းပေးနေလို့။ ထိုင်တာ များရင် ထတယ်။ ထနေတာ များရင် ထိုင်တယ်။ လမ်းလျှောက်ပါ များရင် ထိုင်နားတယ်။ အိပ်ပါများရင် ထထိုင်တယ်။ ဟိုဘက်စောင်း ဒီဘက်စောင်း လုပ်တယ်။ ခန္ဓာကိုယ်က အချက်ပြလိုက်တဲ့အပေါ် မူတည်ပြီး တုံ့ပြန်နေတော့ ဝေဒနာ မပေါ်ဘူးပေါ့။အဲ့လိုပဲ ခေါင်းကိုက်တယ်၊ ဗိုက်အောင့်တယ်ဆို ဒါ ခန္ဓာကိုယ်ကနေ အချက်ပြလိုက်တာ။ အဲဒီအခါ ဆေးသောက်လိုက်မယ်။ ဒီတော့ သက်သာသွားမယ်။ အူအတက် ပေါက်တာ၊ အစာအိမ် ပေါက်တာလိုမျိုးကျ သောက်ဆေးနဲ့ မရတော့ဘူး။ ခွဲစိတ်မယ်။ နာ​နေတာ​တွေ သက်သာသွားမယ်။​ပြောရရင် ခန္ဓာကိုယ်က အချိန်နဲ့အမျှ ဖောက်ပြန်ပျက်စီးနေတယ်။ သူ အဆင်မပြေတော့တဲ့အခါ အချက်ပြမယ်။ ဒီအပေါ် မူတည်ပြီး ကိုယ်နေဟန်ထား ပြောင်းတယ်။ ဆေးသောက်တယ်။ ခွဲစိတ်တယ်။ အဲ့တော့ ဝေဒနာက ငုပ်ငုပ်သွားတယ်။သို့သော် တစ်နေ့ကျရင်တော့ မလွဲမသွေ ဘယ်သူမှ ဖျောက်ပေးလို့ မရတဲ့ နာကျင်မှုဝေဒနာ ကြုံလာကြရမှာပဲ။ ဆေးသောက်၊ ဆေးထိုး၊ ခွဲစိပ်၊ ဆေးသွင်း ဘာမှ လုပ်လို့ မရတော့တဲ့ အခြေအနေမျိုးပေါ့။ ဒါကြောင့် ဆေးပညာမှာလည်း Palliative care ဆိုတာ ရှိတယ်။ အသက်ကယ်ဖို့ မဟုတ်တော့ဘူး။ နောက်ဆုံးအချိန် ရောက်နေတဲ့သူတွေကို တတ်နိုင်သမျှ ဝေဒနာ သက်သာအောင်ပဲ လုပ်ပေးတဲ့ စောင့်ရှောက်မှုမျိုး။ အဲ့ထက် တစ်ဆင့်မြင့်လာတော့ Euthanasia ဆိုတာ ရှိလာတယ်။ Mercy killing တဲ့။ ပြင်းထန်တဲ့ ဝေဒနာ ခံစားနေရသူကို ငြင်သာစွာနဲ့ အသက်ထွက်ခွင့် ပေးလိုက်တာ။ တချို့နိုင်ငံတွေမှာတော့ တရားဝင် ခွင့်ပြုတယ်။ သတ်သေကြတဲ့ လူတွေ၊ စစ်​ကြော​ရေးမှာ နှိပ်စက်တာ ဘယ်လိုမှ မခံနိုင်​တော့လို့ ​သတ်လိုက်တာမှ ​တော်ဦးမယ် ဆိုတဲ့သူ​တွေလိုပေါ့။ သေခြင်းတရားထက် ပိုကြောက်စရာကောင်းတွေ ဘဝမှာ ရှိလာတဲ့အခါ သေခြင်းတရားကိုပဲ ရွေးချယ်လိုက်ကြတော့တာမျိုး။ ပြောချင်တာက လူတွေရဲ့ နာကျင်မှုကို တုံ့ပြန်တဲ့ ပုံစံအမျိုးမျိုးပေါ့။ နေ့စဉ်နဲ့အမျှ ကိုယ်နေဟန်ထား ပြောင်းပြောင်းပေးနေရာကနေ ငြင်သာစွာ သေဆုံးခွင့်အထိ ရှိတယ်။ ခုနောက်ပိုင်း ကမ္ဘာမှာပါ ခေတ်စားလာတဲ့ ဝိပဿနာ တရားအားထုတ်တယ်၊ တရားရှုမှတ်တယ် ဆိုတာသည်လည်း အဲလို တုံ့ပြန်မှုတွေထဲက ပုံစံတစ်မျိုးပဲလို့ မြင်မိတယ်။
  • ဗုဒ္ဓဘာသာမှာ အသေတတ်ဖို့ လိုတယ်ဆိုတဲ့ စကားရှိတယ်။ စာမေးပွဲ ဖြေသလိုပဲ၊ တစ်နှစ်လုံး ဘယ်လောက်ပဲ စာလုပ်ထား လုပ်ထား၊ စာမေးပွဲနေ့မှာ နေမကောင်းဖြစ်လို့ မဖြေနိုင်ရင် ကျမှာပဲလေ။ တစ်နှစ်လုံးလည်း စာလုပ်ထားဖို့ လိုတာ မှန်ပေမဲ့ ဖြေတဲ့နေ့မှာ ကောင်းကောင်းဖြေနိုင်ဖို့လည်း လိုတယ်။ ဒါကြောင့် အနေမှန်ဖို့ လိုသလို အသေတတ်ဖို့လည်း လိုတယ်ပေါ့။ မဟုတ်ရင် တစ်ခုခုကို စွဲပြီး မကျွတ်မလွတ် ဖြစ်တာ၊ ပြိတ္တာ ဖြစ်တာ စသဖြင့် ရှိတတ်တယ်ပေါ့။အဲဒီအခါ သေခါနီးမှာ ကြုံရတဲ့ ဝေဒနာတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ဖို့ လိုလာတယ်။ ဒါတွေကို ပင်ပန်းဆင်းရဲစွာ ခံစားနေရရင် အသေတတ်ဖို့ဆိုတာ သိပ်မလွယ်ဘူး။ ဒီအတွက် အသေမဦးခင် ဉာဏ်ဦးအောင် တရားအားထုတ်ကြ လို့ ပြောကြတာ။
  • အဲ့တော့ ဟုတ်ပြီ၊ ဒီနာကျင်မှုတွေကို ဘယ်လိုကိုင်တွယ်မလဲ။ အပေါ်မှာ ပြောခဲ့တဲ့ နာကျင်မှုဆိုတာ အချက်ပြနေတာ ဆိုတဲ့ အချက်ကလေးကို ပြန်သတိရလိုက်။တကယ်တော့ နာကျင်တယ်ဆိုတာ ရုပ်ခန္ဓာ အစိုင်အခဲ အသားတုံးကြီးက သိတာ မဟုတ်ဘူး။ စိတ်က သိတာ။ ခုနကလို လူနာမျိုးဆို သူ့ခန္ဓာကိုယ်မှာ ဓါးဒဏ်ရာကြီး ရှိနေတယ်လေ။ သူ့စိတ်ကသာ သိမနေတာ။ ကိုယ်တိုင်ကိုလည်း စဉ်းစားကြည့်ဦး။ တစ်ခါတလေ ရုပ်ရှင်ဖြစ်ဖြစ်၊ ဂိမ်းဖြစ်ဖြစ် ဆော့နေရင် ခြင်ကိုက်နေတာ မသိဘူးမို့လား။ ခြင်ကတော့ ဒီအသားစိုင်ကြီးကို ကိုက်နေတာပဲ။ စိတ်က တခြားရောက်နေတော့ ဒါကို မသိဘူး။ ယားတယ်၊ စူးတယ် မခံစားရဘူး။ ဒါကြောင့် Pain management မှာ Distraction လို့ ခေါ်တဲ့ အာရုံလွှဲတဲ့နည်း ဆိုတာ ရှိတယ်။ အသက်ပြင်းပြင်း ရှူခိုင်းတာတို့၊ စကားပြောပေးနေတာတို့၊ သီချင်းသံလေး ဖွင့်ထားပေးတာတို့ စသဖြင့် လုပ်ပေးလိုက်တော့ လူနာရဲ့ စိတ်က နာကျင်မှုပေါ် မရောက်တော့ရင် အလိုလိုနေရင်း ဝေဒနာ သက်သာသွားရော။ တအားပြင်းထန်တဲ့ ဝေဒနာတွေဆိုရင်တော့ ဒီနည်းနဲ့ မရလောက်ဘူးပေါ့။ သိစေချင်တာက “ဖြစ်တာက ခန္ဓာကိုယ်မှာ၊ နာတာကို သိတာက စိတ်မှာ” ဆိုတာပါပဲ။ဆေးပညာမှာ Phantom limb pain ဆိုတာ ရှိသေးတယ်။ ခြေ၊ လက် စသဖြင့် ဖြတ်တောက်လိုက်ရရင် အဲဒီဖြတ်လိုက်တဲ့ အစိတ်အပိုင်းတွေမှာ နာနေသလို ခံစားရတာ။ တကယ်ဆို ရှိတောင် မရှိတော့ဘူး။ ဖြတ်လိုက်ပြီ။ ဒါပေမဲ့ အဲဒီအစိတ်အပိုင်းတွေနဲ့ ဆက်သွယ်ထားတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းတွေက တုံ့ပြန်မှု လုပ်တဲ့အခါ နာတယ်လို့ ခံစားနေရတာ။ကိုမာဝင်​နေတဲ့သူ၊ သတိလစ်​နေတဲ့သူကိုလည်း အပ်နဲ့ သွားထိုးကြည့်။ နာမှန်း၊ စူးမှန်း သိမှာ မဟုတ်ဘူး။ အသိစိတ်မှ ရှိမ​နေတာကိုး။
  • တကယ်ဆို နာတာတစ်ခုတည်း မဟုတ်ပါဘူး။ ဝေဒနာလို့ ခေါ်လိုက်တော့ ရောဂါဝေဒနာကိုပဲ ထင်ကြတာ။ အမှန်က အင်္ဂလိပ်လိုဆို ပိုရှင်းတယ်။ Experience တဲ့။ တွေ့ကြုံခံစားခြင်းပေါ့။ ဥပမာ အစားစားတယ်။ အတွေးက တစ်နေရာရောက်နေရင် ထမင်းသာ ကုန်သွားတယ်။ ဘာအရသာမှန်းတောင် မသိလိုက်ဘူး ဆိုတာမျိုး။ ပြောချင်တာက အရသာကို လျှာက သိတာ မဟုတ်ဘူး။ စိတ်က သိတာ။ လျှာကနေ ပေးပို့လိုက်တဲ့ သတင်းကို စိတ်က လက်မခံလိုက်ဘူးပေါ့။အဲ့လိုပဲ၊ တစ်နေရာရာကိုသာ ကြည့်နေတယ်။ မမြင်ဘူး။ တစ်ခုခုကို နားထောင်နေတယ်။ မကြားဘူး။ ဒါမျိုးတွေ ဖြစ်ဖူးကြလိမ့်မယ်။ ဒီလောက်ဆို ခန္ဓာကိုယ်က ခံစားတာ မဟုတ်ဘူး။ စိတ်ကသာ ခံစားတာဆိုတာ ကွဲပြားသွားလိမ့်မယ် ထင်တယ်။
  • ဗုဒ္ဓဘာသာမှာ ပြောတဲ့ “ကိုယ်မှာ နာစေ၊ စိတ်မှာ မနာစေနဲ့” ဆိုတာ အဲဒါပေါ့။ ခန္ဓာကိုယ်မှာတော့ ဒါတွေ ဖြစ်နေမယ်။ စိတ်ကတော့ လိုက်မပင်ပန်းနဲ့လို့ ဆိုလိုတာ။ ဘေးလူတစ်ယောက်လို ကြည့်နေခိုင်းတဲ့ သဘောမျိုး။ လူနာတစ်ယောက် ရင်ဘတ်အောင့်လို့ အော်ဟစ်ပြီး ဆေးရုံထဲ ရောက်လာမယ်။ ဆရာဝန်ကတော့ သူ အောင့်နေတာ မဟုတ်တော့ တည်တည်ငြိမ်ငြိမ်နဲ့ လုပ်စရာရှိတာ လုပ်သွားမယ်။ တကယ်လို့ သူကပါ လူနာအောင့်သလို လိုက်အောင့်နေရင် ဘယ်လိုလုပ် တည်ငြိမ်နိုင်ပါ့မလဲ။အဲ့လိုပဲ၊ နာကျင်မှုကို ရင်ဆိုင်တဲ့နေရာမှာလည်း ဆရာဝန်က လူနာကို ကြည့်သလို၊ စိတ်က ခန္ဓာကိုယ်ကို အရှိအရှိအတိုင်း ရှုမှတ်နေနိုင်မယ်ဆို စိတ်က ယောက်ယက်မခတ်ဘူး။ မခတ်တော့ ဝေဒနာ ခံစားရတာလည်း သက်သာမယ်။ သေခါနီးအချိန်ဆိုလည်း စာမေးပွဲ ကောင်းကောင်း ဖြေနိုင်မယ်ပေါ့။
  • ပြန်ချုပ်ရရင် နာကျင်မှုဆိုတာ ခန္ဓာကိုယ်ရဲ့ အချက်ပြမှုတွေပါပဲ။ အဲဒါကို စိတ်က သိသိပေးတဲ့ အလေ့အကျင့် လုပ်ထားမယ် (တရားရှုမှတ်ထားမယ်) ဆို တစ်ချိန်ကျ နာရ၊ သေရတဲ့အခါ အတိုင်းအတာတစ်ခုထိ အဆင်ပြေနိုင်ပါတယ်။ သေတာက ဝေးပါသေးတယ် ဆိုရင်တောင် နာကျင်မှုဆိုတာကတော့ အချိန်မရွေး ဖြစ်နေနိုင်တယ်လေ။ မွေးကတည်းက​နေ ​သေသည်ထိ နာကျင်မှုနဲ့ ရုန်းကန်​နေရတာမို့လား။ အဲ့လို အားထုတ်ရင်းနဲ့ ခန္ဓာကိုယ်ဟာ အတော်လေးကို နာကျင်လွယ်ပါလားလို့ မြင်လာမယ်။ နာတာ​ရော သိတာ​ရောဟာလည်း ကိုယ် ဘာမှ မတတ်နိုင်ဘဲ သူ့ဟာသူ သဘာဝအလျောက် ဖြစ်နေတာပါလားလို့ သဘောပေါက်လာနိုင်ပါတယ်။ ဒီဆောင်းပါးက နာကျင်မှုအကြောင်း ဆေးပညာ ဗဟုသုတတချို့ကို အခြေခံပြီး မျှဝေထားတာပါ။ ဝိပဿနာကို အချိန်အကြာကြီး အားထုတ်ထားသူတွေအတွက် မရည်ရွယ်ပါဘူး။ လောကမှာ ချမ်းသာ၊ ဆင်းရဲ၊ ယောက်ျား၊ မိန်းမ၊ လူမျိုး၊ ဘာသာ၊ ဘယ်လိုပဲ ကွဲပြားကြပါစေ၊ ဒီခန္ဓာကိုယ် ရလာရင် နာကျင်မှုဆိုတာတော့ ခံစားကြရမှာပဲ။ ဒါကြောင့် နာကျင်မှုနဲ့ ပတ်သက်လို့ တွေးစရာလေးတွေ ပိုရသွားစေဖို့ ရည်ရွယ်ရေးသားလိုက်တာပါ။ မလှုပ်မယှက် နာရီဝက်လောက်ဆက်တိုက် တရားထိုင်လို့ ခန္ဓာကိုယ်ကနေ အချက်ပြမှုတွေ ပေါ်လာတဲ့အခါမှာလည်း အရင်ထက်ပိုပြီး ရှုမှတ်ရတာ အဆင်ပြေသွားလိမ့်မယ် မျှော်လင့်သလို၊ ဝိပဿနာဆိုတာ လူမျိုး၊ ဘာသာနဲ့ မဆိုင်ဘဲ ဘယ်သူမဆို လုပ်လို့ရတယ် ဆိုတာလည်း မြင်သာသွားမယ် ထင်ပါတယ်။

နာကျင်မှုတွေအကြောင်း ကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

 သုတ 

openmoreonline

Related Posts