တ် ရင့်ကျက်တည်ငြိမ်ခြင်း

စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်ခြင်း (အပိုင်း ၂)

ဘဝနှင့်ပတ်သက်သော စစ်မှန်သည့် ခံယူချက်

စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်ခြင်း (အပိုင်း ၂) – စိတ်ဓာတ်ရင့်ကျက်သော အရွယ်ရောက်ပြီးသူတစ်ဦးသည် ဘဝနှင့် ပတ်သက်သည့် စစ်မှန်သော ခံယူချက်တို့ ရှိရမည်ဖြစ်သည်။ ယင်းတို့ကား –

၁။ အချိန်ကို စနစ်တကျ နားလည်အသုံးချတတ်ခြင်း၊

၂။ ကြောင်းကျိုးဆက်နွယ်မှုတို့ကို သိနားလည်ခြင်း၊

၃။ စစ်မှန်သော ဘဝပန်းတိုင်ရှိခြင်း၊

၄။ စိတ်ကူးဆန္ဒပြုရုံဖြင့် မပြီးပဲ လက်တွေ့လုပ်ဆောင်မှ အကောင်အထည်ပေါ်တတ်ကြောင်း သဘောပေါက်ခြင်း၊

၅။ ဘဝအတွက် ဆီလျော်သော ရွေးချယ်မှုတို့ ပြုလုပ်နိုင်စွမ်းရှိခြင်း၊

၆။ ဓမ္မဓိဌာန်ကျခြင်းတို့ ဖြစ်ပေ၏။

အချိန်အကြောင်း စနစ်တကျ နားလည်မှုသည် အရေးပါ၏။ ငယ်ရွယ်သူကလေးတို့ကား စက္ကန့်၊ မိနစ် နာရီတို့၏ အတိုင်းအတာပမာဏကို ရေလည်စွာ နားမလည်ကြချေ။ သူတို့အဖို့ အချိန်သည် လိုအပ်သလို ဆွဲဆန့်၍ အသုံးချနိုင်သော အရာတစ်ခုဟု ထင်မှတ်ထားတတ်ကြ၏။

ရင့်ကျက်၍ အရွယ်ရောက်ပြီးသူကမူ မိမိပြုလုပ်ရမည့် လုပ်ငန်းများအတွက် အချိန်မည်ရွေ့မည်မျှ လိုအပ်ကြောင်းကို စနစ်တကျ ဇယားဆွဲတတ်ရမည်ဖြစ်သည်။ မိမိမမျှော်လင့်ထားသည့် အခက်အခဲ အနှောင့်အယှက်တို့ကြောင့် ခန့်မှန်းထားသည့်အချိန်နှင့် မလုံမလောက်ဖြစ်တတ်ကြောင်းကိုလည်း ရင့်ကျက်ပြီးသူတို့သည် ဘဝအတွေ့အကြုံအရ သိရှိကြ၏။

အရွယ်ရောက်ပြီးစေကာမူ စိတ်ဓာတ်မရင့်ကျက်သေးသူတစ်ဦးကား ကလေးငယ်တို့ တွေးသကဲ့သို့ အချိန်ဟူသည် ဆွဲဆန့်နိုင်သောအရာဟု သဘောထားတတ်ကြ၏။ သူတို့အဖို့ အချိန်သည် အ‌ရေးပါလှသည်ဟု မထင်ပေ။ အချိန်ကို စနစ်တကျ သုံးစွဲတတ်ပါက ဘဝတွင် အောင်မြင်မူ သရဖူ ဆောင်းနိုင်ကြောင်းကို စိတ်ဓာတ်မရင့်ကျက်သူတို့ နားလည်သဘောပေါက်ခြင်း မရှိကြပေ။

ကလေးငယ်တို့သည် သဘာဝဖြစ်ရပ်များ၏ ကြောင်းကျိုးဆက်နွယ်မှုကို နားလည်နိုင်စွမ်း မရှိကြပေ။ မုန့်ပဲသရေစာတို့သည် ထမင်းလောက် အာဟာရမဖြစ်ကြောင်း ကျန်းမာရေးနှင့် မညီညွတ်ကြောင်းကို ကလေးတို့ မသိပေ။

သို့သော် ကျောင်းနေချိန်သို့ ရောက်သည့်အခါတွင်ကား သူ့ဘဝအတွေ့အကြုံနှင့် ဆက်စပ်သောဖြစ်ရပ်တို့၏ ကြောင်းကျိုးဆက်နွယ်မှုကို သိတတ်လာ၏။ စာမကျက်လျှင် စာမေးပွဲကျမည်ကို လည်းကောင်း၊ အတန်းထဲတွင် သူငယ်ချင်းနှင့် စကားပြောနေပါက ဆရာက ဆူပူ ဆုံးမမည်ကို လည်းကောင်း ကလေးသည် သိတတ်လာ၏။ သို့ရာတွင် ဆယ်ကျော်သက်အရွယ်တွင်ကား ကြောင်းကျိုးဆက်နွယ်မှုတို့ကို သတိလစ်သွားတတ်ပြန်၏။ ပုံစံအားဖြင့် လူကြီးမိဘက စည်းကမ်းပေးသည်ကို ချုပ်ချယ်မှုသည်ဟု ထင်တတ်ခြင်း၊ မလိုအပ်သောနေရာတွင် စွန့်စားမှုပြုခြင်းတို့ ဖြစ်သည်။ စိတ်ဓာတ် ရင့်ကျက်သော အရွယ်ရောက်ပြီးသူတစ်ဦးကား မိမိပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသမျှတို့သည် အကြောင်းနှင့်အကျိုး ဆက်စပ်မှုနိယာမအောက်ဝယ် တည်ရှိကြောင်း ကောင်းစွာ သဘောပေါက်ကြကုန်၏။

ကလေးဘဝကမူ စိတ်ကူးထဲတွင် ဖြစ်လိုရာ ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ ရှင်ဘုရင်ဖြစ်လိုက်၊ တစ်ခါတစ်ရံ သူ‌‌‌‌‌ဌေးကြီးဖြစ်လိုက် တစ်ခါတစ်ရံ လေသူရဲတစ်ဦးဖြစ်လိုက်နှင့် စိတ်ကူးပေါက်ရာဘဝပန်းတိုင်များသို့ ရှေးရှုတတ်သည်။ အရွယ်ရောက်လာသောအခါတွင်မူ မိမိစိတ်ကူးယဉ်ထားသော ပန်းတိုင်နှင့် မိမိကိုယ်ပိုင်စွမ်းရည်တို့ ကိုက်ညီမှုရှိမရှိကို ဘဝပေးအသိဖြင့် ဆင်ခြင်တတ်လာ၏။ ပုံစံမှာ မူလတန်း အလယ်တန်း အဆင့်လောက်က နာမည်ကျော် ဆရာဝန်ကြီးတစ်ဦးကို အားကျ၍ ဆရာဝန်တစ်ဦးဖြစ်ရန် စိတ်ကူးယဉ်ထားသော လူငယ်ကလေးသည် အခြေခံပညာရေးအထက်တန်းတွင် (ခ) စာရင်းနှင့်ချည်းသာ အောင်သောအခါတွင် စိတ်ကူးယဉ်ခဲ့သလို ကိုယ်ပိုင်စွမ်းရည်က မလိုက်နိုင်ကြောင်းကို သိမြင်လာသည်။

စိတ်ဓာတ်ရင့်ကျက်သူတစ်ဦးကား မိမိကိုယ်ပိုင်အရည်အချင်းများ၊ စွမ်းရည်ထူးများ၊ ကျွမ်းကျင်မှုများအပေါ် အခြေတည်၍ မည်သည့်ဘဝ ပန်းတိုင်သည် မိမိအတွက် အသင့်တော်ဆုံးနည်းဟု ဆင်ခြင်နိုင်သည်။ မိမိစွမ်းရည် သနာအထုံတို့နှင့် ကိုက်ညီသော လုပ်ငန်းများကို ဆောင်ရွက်မှသာ ပေါက်မြောက်အောင်မြင်ရုံမျှမက ဘဝတစ်သက်တာ ပျော်ရွှင်မှုသုခကိုပါ ရရှိနိုင်မည်ဖြစ်ကြောင်းကိုလည်း သိတတ်ပေသည်။ ထို့ကြောင့် သူတို့၏ ဘဝပန်းတိုင်တို့သည် စိတ်ကူးယဉ်မဆန် အောက်ခြေမလွတ် စစ်မှန်သောသဘောကို ဆောင်ပေ၏။

စိတ်ဓာတ်ရင့်ကျက်သူတစ်ဦးကား “တစ်နေ့နေ့ တစ်ချိန်ချိန်” ဟူသော မပြတ်မသား တွေးခေါ်မှုမရှိပေ။ လှုပ်ရှားမှုဖြင့် လက်တွေ့ အကောင် အထည်ဖော်၏။ ကျွမ်းကျင်စွာ ရေကူးနေသူတို့ကိုကြည့်ပြီး ငါလည်း တစ်နေ့ သူတို့လို ကူးတတ်ရမည်ဟု ကမ်းစပ်၌ထိုင်၍ ဆန္ဒပြုကာသာ နေမည်မဟုတ်။ ရေကူးတတ်အောင်သင်ဖို့ နည်းလမ်းရှာမည်။ ရေကူးကျွမ်းကျင်အောင် ကြိုးစားသင်ယူမည်။ ယင်းသို့ ကိုယ်ထိလက်ရောက် မလုပ်သမျှ ရေကူးတတ်မည်မဟုတ်ကြောင်းကို စိတ်ဓာတ်ရင့်ကျက်သူသည် ကောင်းစွာ နားလည်သဘောပေါက်ပေ၏။

လောကရှိ လူအားလုံးတို့သည် ဘေးအန္တရာယ်ကို ကြောက်ရွံ့ကြသည်။ အကုသိုလ်ကို စက်ဆုပ်ကြသည်။ အမှားအယွင်းပြုမိမှာ စိုးရိမ် တတ်သည်။ ဆင်းရဲဒုက္ခခံရမည်ကို ပူပန်ကြောင့်ကြတတ်သည်။ လောကခံတရား ရှစ်ပါးအနက် အခြံအရံပေါခြင်း၊ လာဘ်ရခြင်း၊ ချီးမွမ်းခံရခြင်း၊ ချမ်းသာခြင်း စသည့်အကောင်းတရားလေးပါးနှင့်သာ တွေ့ကြုံ၍ အခြံအရံမဲ့ခြင်း လာဘ်မရခြင်း၊ ကဲ့ရဲ့ခံရခြင်း၊ ဒုက္ခဖြစ်ခြင်း စသော အဆိုးတရားလေးပါနှင့် မဆုံလိုကြပေ။ သူတစ်ပါးဒုက္ခနှင့်ကြုံလျှင် မိမိကြုံရမည်မဟုတ်ဟု မျှော်လင့်တတ်ကြသည်။ စင်စစ် ယင်းသဘောထားသည် စိတ်ဓာတ်မရင့်ကျက်သူတို့အဖို့သာ ဖြစ်ပေ၏။

စိတ်ဓာတ်ရင့်ကျက်သူတို့ကား လောကဓံရှစ်ပါးကို လက်ခံသည်။ သူတစ်ပါးတွေ့ကြုံရသည့် ဒုက္ခမျိုးလည်း မိမိတွေ့ကြုံနိုင်သည်ဟု မျှော်လင့်ထားသည်။ ဒုက္ခနှင့်ကြုံလျှင် ခံနိုင်ရည်ရှိရန် အဆိုးကို ကျော်လွှားနိုင်ရန် ကြိုတင်ပြင်ဆင်ထားတတ်ကြသည်။ အစိုးရဌာနနှစ်ခုမှ အလုပ်ခန့်စာ နှစ်စောင်ကို မရှေးမနှောင်း လက်ခံရရှိသော လူငယ်တစ်ဦးသည် အလုပ်တစ်ခုကိုသာ လက်ခံရမည်ဖြစ်၏။

ယင်းသို့ “နှစ်ခုအနက် တစ်ခုရွေး” ကိစ္စမျိုးကို ကျွန်ုပ်တို့သည် ဘဝသက်တမ်းတလျှောက်တွင် တချိန်မဟုတ် တချိန် ရင်ဆိုင်ရတတ်၏။ မရင့်ကျက်သောပုဂ္ဂိုလ်တို့ကား မရနိုင်၊ မဖြစ်နိုင်မှန်းသိလျက်နှင့် နှစ်ခုစလုံးကို လိုချင်နေတတ်၏။ ရွေးချယ်ပြီးပါကလည်း မရွေးချယ်သည့်အရာကပင် ကောင်းသလိုလို စိတ်ဒွိဟဖြစ်နေတတ်၏။ စိတ်ဓာတ်ရင့်ကျက်သူတို့ကား နှစ်ခုစလုံးမရနိုင်မှန်းသိသည်နှင့်တပြိုင်နက် တစ်ခုကို ပြတ်သားစွာ ရွေးချယ်တတ်ကြ၏။ မိမိရွေးချယ်မှုကိုလည်း ကျေနပ်၍ ယင်းအတွက် သောကပွားခြင်း၊ စိတ်ဒွိဟဖြစ်ခြင်းတို့ကိုလည်း မခံစားရတတ်ပေ။

ကလေးငယ်တစ်ဦးသည် အရာရာကို သူ့ရှုထောင့်မှသာ ကြည့်တတ်သည်။ လောကတွင် ကောင်းသည် ဆိုးသည်ဟူသော အရာတို့သည် သူနှင့် တိုက်ရိုက်ပက်သက်သည့် ကောင်းခြင်းဆိုးခြင်းဖြစ်၏။ အနီရောင်ကို သူမကြိုက်လျှင် ယင်းအရောင်သည် မကောင်းသောအရောင် ဖြစ်လာသည်။ သကြားလုံးကို သူကြိုက်နှစ်သက်သည်ဖြစ်ရာ ယင်းသည် လောကတွင် အကောင်းဆုံးသောအရာဖြစ်၍ ကလေးလူကြီး အားလုံးကြိုက်နှစ်သက်သင့်သည်ဟု သူယူဆသည်။

မရင့်ကျက်သော အရွယ်ရောက်ပြီးသူတစ်ဦးသည်လည်း အထက်က ဆိုခဲ့သည့် ကလေးငယ်ကဲ့သို့ပင် အရာရာကို သူနှင့်ဆက်စပ်၍ စဉ်းစား တတ်၏။ “မောင်ဘ နှာခေါင်းကြီးက ချွန်လိုက်တာ” ဟု တစ်စုံတစ်ဦးက ပြောသံကြားလျှင် ငါ့နှာခေါင်းအကြောင်းရော ဘယ်လိုများပြောကြလိမ့်မလဲဟု စဉ်းစား၏။

စိတ်ဓာတ်ရင့်ကျက်သော အရွယ်ရောက်ပြီးသူတစ်ဦးကား အရာရာကို ဓမ္မဒိဋ္ဌာန်ကျကျ ရှုမြင်ဆင်ခြင်တတ်သည်။ အခြားသူများ၏ ပျော့ညံ့ ချက်ကို မြင်တတ် ဝေဖန်တတ်သကဲ့သို့ သူ့ ပျော့ညံ့ချက်ကိုလည်း ဆင်ခြင်တတ် ဝန်ခံတတ်၏။ အခြားသူတစ်ယောက် နမော်နမဲ့နိုင်မှုကြောင့် ချော်လဲသည်ကို ရယ်မောနိုင်သကဲ့သို့ သူ၏ နမော်နမဲ့နိုင်မှုကြောင့် ချော်လဲလျှင်လည်း သူ့ကိုယ်သူ ရယ်မောတတ်ပေသည်။ တနည်းဆိုရသော် သူသည် ကိုယ်ပိုင်ခံစားမှုနှင့် ဦးနှောက်၏ ဆုံးဖြတ်မှုတို့ကို ခွဲခြားနိုင်စွမ်း ရှိသည်ဟု ဆိုရပေမည်။ စိတ်ဓာတ်မရင့်ကျက်သူကား သူတပါးချော်လဲလျှင် ရယ်မောတတ်သော်လည်း မိမိချော်လဲ၍ အခြားသူတို့က ရယ်မောလျှင်မူ မနှစ်သက်တတ်ကြပေ။ သူတပါး၏အပြစ်ကိုသာ မြင်တတ်၍ မိမိကိုယ်ကိုမူ ခြောက်ပြစ်ကင်းသဲလဲစင်ဟု ထင်တတ်ကြပေသည်။

စာရေးဆရာ ‌ဒေါက်တာကျော်စိန် ရေးသားထားသော သင့်ဘဝတွက်တာ အသုံးချ စိတ်ပညာ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts