လူကို ရင့်ကျက်စေသော အကြောင်းများ

ကျွန်တော့်ကို လွန်ခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်လောက်ကသာ တရားထိုင်ဖို့အကြောင်းတွေ လာပြောရင် လိုက်လုပ်မိမှာ မဟုတ်ဘူး။ မသိဘူးလားဆို သူ့ရဲ့ အကျိုးကျေးဇူးကို သိနေတာပဲ။ သို့သော် ကိုယ်နဲ့ ဆိုင်တယ်၊ ကိုယ့်အတွက် လိုအပ်တယ် မထင်ခဲ့မိဘူးပေါ့။ပြီးခဲ့တဲ့ နှစ်မှာတော့ အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ထိခိုက်နစ်နာရတာတွေ၊ ပြိုလဲရတာတွေ အများကြီး ရှိခဲ့တယ်။ အဲဒါတွေကို ကုစားဖို့ ကြိုးစားတော့ ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ တရားတော်ကနေတဆင့် ဗုဒ္ဓအဆုံးအမတွေ နာယူဖြစ်ခဲ့တယ်။ ဒီကနေမှ တရားထိုင်ကြည့်ရင်းကနေ ခုလို သူများတွေကို ပြန်တိုက်တွန်းဖြစ်တဲ့ အခြေအနေထိ ရောက်လာခဲ့တယ်။ ရုပ်တွေ ရင့်ရော်လာတာကို တစ်ရက်၊ တစ်မနက်၊ တစ်လလောက်နဲ့ မသိနိုင်ဘူး။ တစ်နှစ်ဆိုရင်တောင် သိပ်မပြောင်းသေးဘူး။ ၃-၄ နှစ်လောက်ဆို သိသာလာပြီ၊ တဖြည်းဖြည်း ပြောင်းလဲလာတယ် ဆိုတာ။အဲ့လိုပဲ၊ ကိုယ့်စိတ်ရဲ့ ရင့်ကျက်မှုဆိုတာလည်း တစ်နေ့တစ်နေ့ချင်းစီမှာ မသိသာဘူး။ ၆ လ ၁ နှစ်နဲ့လည်း မသိသာသေးဘူး။ ကိုယ့်ဘ၀ ဖြတ်သန်းမှုကို ပြန်ဆန်းစစ်ကြည့်လိုက်တော့မှ သတိထားမိနိုင်တာမျိုး။ တူညီတဲ့ ပြဿနာ၊ အခက်အခဲတွေ ကြုံရပေမဲ့ ကိုယ့်ရဲ့ ဖြေရှင်းပုံ၊ နှလုံးသွင်းပုံတွေက အရင်နဲ့ မတူတော့တာကို တွေ့လာရတယ်။ ရင့်ကျက်မှုဆိုတာက ရုပ်ရင့်တာလိုတော့ သူ့အလိုလို ရလာတာ မဟုတ်ဘူး။ အသက်ကြီးတိုင်းလည်း မဖြစ်ဘူး။ အဓိကအားဖြင့် အချက် ၃ ချက်က အထောက်အကူပြုတယ်လို့ မြင်ပါတယ်။

၁။ ဘဝအတွေ့အကြုံ (Life experience) အခုကာလလိုပေါ့။ အဆင်မပြေမှု၊ ကိုယ်စိတ်နှစ်ပါး ဆင်းရဲမှု၊ မရေရာ မသေချာမှု၊ လုပ်တိုင်း မဖြစ်မှု စတာတွေကို တစ်ပြိုင်တည်း ကြုံလိုက်ရတဲ့အခါ ပြိုလဲတယ်။ အဲ့ကနေ အားကိုးရှာရင်း တရားထိုင်ခြင်းကို တွေ့ရှိတယ်။ ဘဝနဲ့ ပတ်သက်လို့၊ စိတ်နဲ့ ပတ်သက်လို့ သိထားတာတွေ ပြောင်းသွားတယ်။ ၂၀၂၀ က ကျွန်တော်နဲ့ အခု ကျွန်တော်၊ မတူတော့တာတွေ အများကြီး ရှိတယ်။ ပစ္စည်းဥစ္စာ၊ အောင်မြင်မှု၊ လောကဓံ စတာတွေအပေါ်မှာ ခံယူချက်တွေလည်း မတူတော့ဘူး။ ဒါ ဘာကြောင့်လဲဆို ဘဝက ပေးလာတဲ့ အခက်အခဲတွေကြောင့်ပဲ။ဒါကြောင့်လည်း အမြဲပြောလေ့ရှိတယ်။ ဘဝမှာ အဆင်ပြေမှု၊ အောင်မြင်မှုတွေက လူကို ပျော်ရွှင်စေတာ မှန်ပေမဲ့ အခက်အခဲတွေ၊ ဒုက္ခတွေကသာ လူကို ပိုရင့်ကျက်စေတာ။ သန်မာစေတာ။ ပြည့်ဝစေတာပါ။ အဆိုးတွေကို ကျော်ဖြတ်နေရစဉ်မှာတော့ ပင်ပန်းတယ် ခံစားမိပေမဲ့ ကျော်ဖြတ်ပြီးသွားတဲ့အခါကျ ပိုအဆင့်မြင့်တဲ့ ဗားရှင်းတွေ ဖြစ်လာကြတာကို တွေ့ရလိမ့်မယ်။ ကျွန်တော့်ကို အရင်လိုဘ၀ ပြန်သွားမလား မေးကြည့်။ မသွားချင်တော့ဘူး။ ပိုအဆင့်မြင့်လာတဲ့ ခုလက်ရှိ ကျွန်တော့်ကိုပဲ လိုချင်ပါတော့တယ်။

၂။ စဉ်ဆက်မပြတ် လေ့လာမှု (Lifelong learning)ပညာရပ်တစ်ခုခုကို လေ့လာတယ် ဆိုတာထက် ဒီနေရာမှာ အသိအမြင် ဗဟုသုတ ကြွယ်ဖို့ကို ဆိုလိုတယ်။ ကလေးနဲ့ လူကြီးဘ၀ ဘာကွာလဲဆို အသိအမြင် ကွာတာပဲ။ ပိုသိလာလေ၊ ဦးနှောက်ကြီးလာလေ၊ အမြင်ကျယ်လာလေ၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်လာလေပဲ။ နိုင်ငံခြား ၁၀ ခေါက် ရောက်ဖူးသူနဲ့ ၉ ခေါက် ရောက်ဖူးတဲ့သူ မကွာပေမဲ့ တစ်ခါမှ မရောက်ဖူးသေးတဲ့သူနဲ့ တစ်ခါ ရောက်ဖူးတဲ့သူကတော့ အပြတ်အသတ် ကွာတယ်။ ဒီတော့ ဖုန်းဆင်းမ်ကတ်ကို ၁၅၀၀ နဲ့ ရောင်းပေးလို့ ကျေးဇူးတင်လိုက်တာ ဆိုပြီး မချီးကျူးတော့ဘူးပေါ့။ ဒါ ကမ္ဘာမှာ ဘာမှ မထူးဆန်းတဲ့ကိစ္စ ဆိုတာ သိသွားတာကိုး။ ကလေးဆို လိမ်လို့ ညာလို့ ရတယ်ဆိုတာ ကလေးက သိပ်မသိသေးလို့ပါ။ အသက်ကြီးသည်ထိလည်း လေ့လာမှုအား မကောင်းလို့ မသိသေးဘူးဆို အဲ့လိုပဲ လိမ်တာ၊ ညာတာ၊ မှိုင်းတိုက်တာ ခံနေရဦးမှာပဲပေါ့။ ဒါကြောင့် ဆရာဖေမြင့်စကား ယူသုံးရရင်၊ နေ့စဉ်နဲ့အမျှ ဦးနှောက်ဟာ အလေးချိန် ပိုစီးလာဖို့ လိုပါတယ်။

၃။ ရသစာပေ (Literature)သုတစာပေက ဦးနှောက်ကို ဖွံ့ဖြိုးစေတယ်ဆိုရင် ရသစာပေက နှလုံးသားကို ဖွံ့ဖြိုးစေတယ်။ ကိုယ်ချင်းစာတတ်စေတယ်။ ဘဝနဲ့ ပတ်သက်လို့ ကျယ်ပြန့်တဲ့ အမြင်တွေ ရလာစေတယ်။ အခက်အခဲတွေ ကြုံရတဲ့အခါမှာလည်း မှန်မှန်ကန်ကန် နှလုံးသွင်းပြီး ရင်ဆိုင်ကျော်ဖြတ်ရဲတဲ့ သတ္တိကို ပေးတယ်။ ဒါကြောင့် လူတစ်ယောက် ရင့်ကျက်ဖို့မှာ ရသစာပေကလည်း အင်မတန် အရေးကြီးပါတယ်။ရင့်ကျက်တယ်ဆိုတာ တကယ်တော့ တခြားလူဘက်ကနေ တွေးပေးနိုင်တဲ့ စွမ်းရည်ပါ။ ပြောရရင် ကိုယ်ချင်းစာတရား (Empathy) ပေါ့။ အဲ့လို တွေးပေးနိုင်ဖို့က ကိုယ့်အခြေအနေ၊ ကိုယ့်ဘဝနဲ့ပဲ လိုက်တိုင်းတာနေလို့ မရဘူး။ သူတို့ ဘဝတွေကိုလည်း သိမှရမယ်။ အဲ့လိုသိဖို့ ဘာလုပ်ရလဲဆိုတော့ ဘဝတွေအကြောင်း ရေးသားထားတဲ့ ရသစာပေတွေကို ဖတ်ရတယ်။အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေးတစ်ယောက်ကို နားလည်ဖို့ ကိုယ်တိုင် အဲ့လိုဘ၀ ရောက်စရာမှ မလိုတာ။ အဲ့လို ရောက်ဖူးမှပဲ နားလည်နိုင်မှာလည်း မဟုတ်ဘူး။ သူတို့ဘဝတွေအကြောင်း စာထဲ ဖတ်ဖူးရင်၊ ရုပ်ရှင်ထဲ ကြည့်ဖူးရင်၊ နင့်နင့်သီးသီး ခံစားဖူးရင် အတိုင်းအတာတစ်ခုထိတော့ နားလည်နိုင်သွားတာပဲ။အဲ့လိုပဲ၊ လူကုန်ကူးခံရတဲ့သူ၊ မိဘနဲ့ခွဲပြီး တခြားအိမ်မှာ မျက်စိသူငယ် နားသူငယ်နဲ့ အိမ်အကူ လာလုပ်ရတဲ့သူ၊ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် မပြည့်ဝတဲ့ အမျိုးသားတစ်ယောက်ရဲ့ ခံစားချက်၊ အိမ်ထောင်ရေး အဆင်မပြေတဲ့ အမျိုးသမီးရဲ့ ဘဝ၊ လူမှုအသိုင်းအဝိုင်းရဲ့ စံသတ်မှတ်ချက်တွေနဲ့ အံမဝင်တဲ့ LGBT တစ်ယောက်၊ အလှူလာလုပ်တဲ့ မိသားစုက မိစုံဖစုံနဲ့ ကလေးကို အားကျစိတ်၊ သိမ်ငယ်စိတ်တွေနဲ့ ကြည့်နေရတဲ့ မိဘမဲ့ကျောင်းက ကလေးလေး စတဲ့ စတဲ့ ဘဝတွေကို နားလည်လာမယ်။ နားလည်လာတော့ ကိုယ်ချင်းစာတတ်လာမယ်။ အဲဒီအပြင် ဘဝမှာ ကိုယ်မျှော်လင့်မထားတာတွေ၊ မဖြစ်ချင်တာတွေ ဖြစ်လာနိုင်ပါလား ဆိုတာကို သဘောပေါက်လာတယ်။ ငယ်ငယ်က ရေခဲမုန့် စားချင်တာ မစားရဘူးဆို ကျွန်တော်တို့ အော်ငိုကြတယ်။ ဘာလဲဆိုတော့ ဘဝရဲ့ အစိုးမရခြင်းတွေကိုမှ လက်မခံနိုင်သေးတာ။ အသက်ကြီးလာတော့ ရေခဲမုန့်မရလည်း အော်ငိုနေလို့မှ မပြီးပဲ၊ တခြားရှိတာတစ်ခုခု စားရမှာပေါ့ ဆိုပြီး လက်ခံနိုင်လာတယ်။ ရှေ့ဆက်နိုင်လာတယ်။

ဒီ ၃ ချက်မှာ ဘဝအတွေ့အကြုံဆိုတာက အများအားဖြင့် Involuntarily ကိုယ့်ဆန္ဒကြောင့် မဟုတ်ဘဲ ရလာတာ။ ​လောကဓံက​နေ ​မလိုချင်ဘဲ ကိုယ့်လက်ထဲ အတင်းထိုးထည့်​ပေးလိုက်တာ။ လေ့လာမှုနဲ့ ရသစာပေကတော့ Voluntarily ပေါ့။ ကိုယ်နဲ့ပဲ အဓိကဆိုင်တယ်။ ရင့်ကျက်တယ် ဆိုတာ နေရင်းထိုင်ရင်းတော့ ရလာတဲ့ ကိစ္စ မဟုတ်ဘူး။ ရင့်ကျက်ပါတယ် ဆိုတဲ့ လူတစ်ယောက်ရဲ့ ရင်ဘတ်မှာ တခြားသူ မသိနိုင်တဲ့ ဒဏ်ရာတွေ အများကြီးရှိတယ်။ အဲဒါတွေကို အနာကျက်အောင် လုပ်ရင်းနဲ့မှ လူဆိုတာ ရင့်ကျက်လာကြတာပဲ။ အဲ့တော့ ဘဝက ဆိုးရွားတဲ့ အတွေ့အကြုံတွေ၊ အခက်အခဲတွေ ပေးလာရင် ကိုယ့်ကို ပိုရင့်ကျက်လာစေဖို့ အခွင့်အလမ်း ဖန်တီးပေးတာလို့ မှတ်ယူလိုက်ပါ။ သံပုရာသီး ပေးလာရင် သံပုရာရည် လုပ်သောက်ချင်သောက်၊ မုန့်ဟင်းခါးထဲ ထည့်ညှစ်ပြီး စားချင်စားပေါ့။ ကျန် ၂ ခုအတွက်ကတော့ ကိုယ်တိုင်လုပ်ယူမှ ရလိမ့်မယ်။ ပြောခဲ့ပြီးသလိုပဲ၊ စိတ်တွေ ရင့်ကျက်လာတာက ရုပ်တွေ ရင့်ရော်လာတာနဲ့ မတူဘူး။ သူ့အလိုလို ဖြစ်မလာဘူး။ ကိုယ်တိုင် လုပ်ယူရတယ်။ ကြိုးစားရတယ်။ အားထုတ်ရပါတယ်။

လူကို ရင့်ကျက်စေသော အကြောင်းများ အကြောင်းကို Dr Phio Thiha facebook page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

 သုတ အတွေးအခေါ်

openmoreonline

Related Posts