hapeye

ဒါကိုမလုပ်လျှင် ချောက်ကျမည် (အပိုင်း – ၂)

ယေဘုယျအားဖြင့် လူတို့သည် အခြားလူများ၏ နာမည်ထက် မိမိ၏နာမည်ပေါ်တွင် ပို၍ စိတ်ဝင်စားကြောင်းကို လူလားမြောက်စအရွယ်ကပင် ဂျင်ဖားလေးသည် ကောင်းစွာ သိလေသည်။ ထို့ကြောင့် သင့်တွင် မိတ်ဆွေသစ်တစ်ဦး တိုးလာလျှင် ထိုမိတ်ဆွေသစ်၏နာမည်ကို ကောင်းစွာမှတ်သားထား၍ ထိုလူနှင့် တွေ့သောအခါ သူ၏နာမည်ကို တွေးမနေရဘဲနှင့် ခေါ်နိုင်အောင် ခေါ်ပါ။ ထိုကဲ့သို့ မိမိ၏နာမည်ခေါ်သံကို ကြားရသောသူသည် အလွန်နှစ်သိမ့် ကျေနပ်သွားပေလိမ့်မည်။ သို့ရာတွင် ထိုသူ၏နာမည်ကို မေ့လျှင်သော်လည်းကောင်း၊ နာမည်စာလုံးပေါင်း မှားလျှင်သော်လည်းကောင်း ထိုလူသည် သင့်အပေါ် များစွာ စိတ်ပျက်ပေလိမ့်မည်။ သက်သေတစ်ခု ပြပါအံ့။ တစ်ခါတုန်းက ပဲရစ်မြို့တော်တွင် စကားပြောနည်းသင်တန်းကို ဖွင့်လှစ်ပြီးလျှင် ထိုမြို့တွင်နေသော အမေရိကန်လူမျိုးများထံသို့ စာရေးသားအကြောင်းကြားလေသည်။ ပြင်သစ်လူမျိုး ပုံနှိပ်စက်ရိုက်သမားတို့သည် အင်္ဂလိပ်စာကို ကောင်းစွာမတတ်သောကြောင့် နာမည်များကို ပုံနှိပ်စက်ရိုက်ရာတွင် အမှားမှားအယွင်းယွင်း ဖြစ်သွားလေသည်။ ပဲရစ်မြို့တော်ရှိ အမေရိကန် ဘဏ်မန်နေဂျာကြီးတစ်ဦးမှာမူကား သူ့နာမည်ကို အမှားမှားအယွင်းယွင်း စာလုံးပေါင်းရမည်လားဟု ဒေါသထွက်ပြီးလျှင် ကျွန်ုပ်ထံသို့ အပြစ်တင်စာတစ်စောင်ကို ပြင်းပြင်းထန်ထန် ရေးသားပေးပို့ဖူးလေသည်။

အန်ဒရူးကာနက်ဂျီသည် အဘယ်ကြောင့် ထမြောက်အောင်မြင်သနည်း။ သူ့ကို သံမဏိဘုရင်ဟု ခေါ်ကြသည်။ သို့ရာတွင် သူကိုယ်တိုင် သံမဏိအလုပ်ကို အနည်းငယ်မျှသာ နားလည်လေသည်။ သူ့ထံတွင် အလုပ်လုပ်နေသော ရာပေါင်းများစွာသော အလုပ်သမားများသည် သံမဏိအလုပ်ကို သူ့ထက်ပိုနားလည်ကြသေး၏။

သို့ရာတွင် သူသည် လူများကို မည်ကဲ့သို့ ထိန်းသိမ်းရမည်ကို ကောင်းစွာ သိရှိ၏။ ထိုအသိဉာဏ်သည် သူ့ကို သူဌေးဖြစ်အောင် လုပ်ပေးခဲ့၏။ ငယ်စဉ်တောင်ကျေး ကလေးဘဝကပင် အသင်းဖွဲ့စည်းခြင်း၊ လူတွေအပေါ်တွင် ခေါင်းဆောင်လိုခြင်း စသည်တို့တွင် များစွာ ဝါသနာပါခဲ့၏။ လူများသည် မိမိတို့၏ နာမည်များကို အမြတ်တနိုးထားကြောင်းကို သူသည် ဆယ်နှစ်သားအရွယ်လောက်ကပင် ကောင်းစွာ သိရှိခဲ့၏။ သူ့ကို တစ်ဖက်သားတို့ ဝိုင်းဝန်းကူညီအောင် ထိုအသိဉာဏ်ကို အသုံးချခဲ့ဖူး၏။ သက်သေထူပါအံ့။ ကလေးသူငယ်ဘဝနှင့် စကော့တလန်ပြည်တွင် နေစဉ်က ပဋ္ဋိသန္ဓေ အရင့်အမာရှိသော ယုန်တစ်ကောင်ကို ဖမ်းမိလေသည်။ များမကြာမီ ယုန်မကြီးမှ ယုန်ကလေးများ ပေါက်ဖွားလာလေသည်။ ထိုယုန်သားအမိတို့ကို ကျွေးရန် မြက်မရှိသော်လည်း ကာနက်ဂျီ၏ ထက်မြက်သော အကြံဉာဏ်ရှိလေသည်။ ထို့ကြောင့် အိမ်နီးချင်း ကလေးအဖော်များကို ခေါ်ပြီးလျှင် ယုန်ကလေးတွေ စားဖို့ မြက်ရှာပေးရင် ‘ရှာပေးတဲ့လူရဲ့ နာမည်ကိုယူပြီး ဟောဒီ ယုန်ကလေးတွေကို မှည့်မယ်’ ဟုပြောရာ သူအလိုရှိသော မြက်များကို လုံလောက်စွာ ရရှိဖူးလေသည်။ ထိုအဖြစ်အပျက်ကို ဘယ်တော့မှ ကာနက်ဂျီသည် မမေ့နိုင်ချေ။

နှစ်ပေါင်း အတော်ကြာသောအခါ အလုပ်ခွင်တွင်လည်း ထိုနည်းကို သုံးခြင်းဖြင့် ဒေါ်လာငွေသန်းပေါင်းများစွာ ရရှိဖူးလေသည်။ သာဓကပြပါအံ့။ သူသည် သံမဏိ သံလမ်းများကို ပင်ဆီဗေးနီးယား မီးရထားကုမ္ပဏီသို့ ရောင်းချင်၏။ ဂျေ အဂ္ဂါ သွမ်မဆင် သည် ထိုအခါက ပင်ဆီဗေးနီးယား မီးရထားကုမ္ပဏီ၏ ဥက္ကဌကြီး ဖြစ်၏။ ထို့ကြောင့် ပစ္စဗတ်မြို့တွင် သံမဏိစက်ရုံကို ဆောက်လုပ်ပြီးလျှင် ထိုစက်ရုံကြီးကို ‘အဂ္ဂါ သွမ်မဆင် သံမဏိစက်ရုံကြီး’ ဟူ၍ အမည်ပေးလေသည်။

ကောင်းပြီ။ သင်တို့ကို ပုစ္ဆာတစ်ပုဒ် မေးပါရစေ။ ဖြေနိုင် မဖြေနိုင်ကို စမ်း၍ ကြည့်ကြပါ။ ပင်ဆီဗေးနီးယား မီးရထားကုမ္ပဏီသည် သံမဏိမီးရထားလမ်းများကို အလိုရှိသောအခါ မည်သည့်ကုမ္ပဏီတွင် ဝယ်မည်ဟု သင် ထင်ပါသနည်း။

ဆီးယားရိုဗတ် သံမဏိကုမ္ပဏီမှ ဝယ်ယူမည်လား။ အဂ္ဂါသွမ်မဆင် ကုမ္ပဏီမှ ဝယ်ယူမည်လား။ သေချာစွာ စဉ်းစား၍ ဖြေပါ။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts