နိဒါန်း
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် လက်ခီ (Laches) ကထာမှ ကောက်နုတ်သော စာပိုဒ် ၁၆ မှ ၂၆ အထိ ဖြစ်သည်။လက်ခီကထာသည် ပလေးတိုး စာရေးစအခါက ရေးခဲ့သော စာစုထဲကစာဖြစ်သည်ဟု ယူဆကြပါသည်။ စာရေးစအခါက ပလေးတိုးရေးသော ကထာစာတမ်းတို့၏ လက္ခဏာတစ်ခုသည် ယေဘုယျအားဖြင့် ဂရိလူမျိုးတို့ အစဉ်အလာအားဖြင့် ယုံကြည်လေးစားသော ဂုဏ်သိက္ခာတရားများ၏ အနက်အဓိပ္ပာယ်ကို ရှေးဦးစွာ ဖွင့်တတ်ခြင်း ဖြစ်သည်။ တစ်ဖန် အနက်ဖွင့်ရာတွင် ပလေးတိုးသည် အတိအကျ အဆုံးအဖြတ်ပေးခြင်း မပြုသော်လည်း ဆော့ခရတ္တိ၏ သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်းကို သုံးခြင်းအားဖြင့် အယူအဆအဟောင်းတို့တွင် အပြစ်ရှိနေလျှင် ထိုအပြစ်ပေါ်လာအောင်လည်းကောင်း၊ အတွေးအခေါ် ရှင်းလင်းလာအောင်လည်းကောင်း၊ ဝိဇ္ဇာအသိတရားသာ ခေါင်ချုပ်ဖြစ်ကြောင်း နှစ်သက်လက်ခံကြအောင်လည်းကောင်း အနက်ဖွင့်တတ်ခြင်း ဖြစ်သည်ဟု ဆိုကြပါသည်။
လက်ခီကထာ ဖြစ်လာပုံသည် ဤသို့ဖြစ်သည်။ အက်သင်းမြို့တွင် စစ်သူကြီးနှစ်ဦးဖြစ်သော လက်ခီနှင့် နိုက်စိအတို့၏ စစ်အတတ်သင်ကျောင်းသို့ စစ်သူကြီးများ၏ မိတ်ဆွေနှစ်ဦး ရောက်လာကြသည်။ ရောက်လာကြခြင်းအကြောင်းမှာ သားငယ်များ၏ ပညာသင်ကြားရေးအတွက် တိုင်ပင်ရန်ဖြစ်သည်။ စစ်အတတ်သင်ကျောင်းတွင် ချပ်ဝတ်တန်ဆာဝတ်၍တိုက်သော နည်းအသစ်ကို ခင်းကျင်းပြသနေသည်ဖြစ်ရာ အဆိုပါမိတ်ဆွေနှစ်ဦးသည် သူတို့၏သားငယ်များအား ထိုတိုက်နည်းအသစ်ကို သင်ပေးခြင်း ပြုသင့် မပြုသင့် မေးမြန်းကြသည်။ အဖြေပေးကြရာတွင် စစ်သူကြီးနှစ်ဦးသည် သဘောကွဲနေကြသဖြင့် ထိုအခါက ထိုနေရာတွင် ရှိနေသော ဆော့ခရတ္တိထံမှ အကြံဉာဏ်တောင်းကြသည်။ ဤသို့ဖြင့် လက်ခီ၊ နိုက်စိအ၊ ဆော့ခရတ္တိတို့သုံးဦး၏ ဆွေးနွေးပွဲ ဖြစ်လာသည်။ နောင်အခါတွင် ထိုဆွေးနွေးပွဲတွင် ဆွေးနွေးကြပုံတို့ကို ပလေးတိုးက စာတမ်းရေးခဲ့ခြင်း ဖြစ်သည်။ ထိုစာတမ်းကိုပင် လက်ခီကထာသည် ခေါ်လာကြသည်။
ဖော်ပြလတ္တံ့သော စာပိုဒ်တို့သည် ရှေးခေတ်ဂရိတို့၏ ဂုဏ်သိက္ခာလေးပါးအနက် သူရသတ္တိဂုဏ်သိက္ခာ၏ သဘောကို ဖွင့်ဆိုသောအပိုင်း ဖြစ်သည်။ ထိုအပိုင်းတွင် လက်ခီနှင့် ဆော့ခရတ္တိတို့သည် ရှေးဦးစွာ ဆွေးနွေးကြသည်။ ပြေလည်ပုံမပေါ်သောအခါ နိုက်စိအနှင့် ဆော့ခရတ္တိတို့ ဆွေးနွေးကြပြန်သည်။ နောက်ဆုံးတွင် သူရသတ္တိသည် မည်သို့သော သဘောဖြစ်၏ဟု အတိအကျအဆုံးအဖြတ် မပေးခဲ့ကြသော်လည်း ဆွေးနွေးချက်တို့ကို ထောက်ခြင်းအားဖြင့် သူရသတ္တိတွင် မည်သို့သော လက္ခဏာများရှိတတ်သည်ကိုကား ကောက်ယူနိုင်သည်။ ထိုလက္ခဏာများအနက် ကြောက်ထိုက် မကြောက်ထိုက်၊ ရဲထိုက် မရဲထိုက်၊ အမှား အမှန်၊ အကောင်း အဆိုးတို့ကို ခွဲခြားသိမြင်တတ်သော ဝိဇ္ဇာအသိတရားကို အဓိကလက္ခဏာအဖြစ်ဖြင့် ကောက်ယူနိုင်ပါသည်။
တစ်ဖန် လက်ခီကထာတွင် သူရသတ္တိ၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် အမှန်သို့ရောက်အောင် ပို့ပေးတတ်သော ဆော့ခရတ္တိ၏ သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်းသည် အလွန်ထင်ရှားပါသည်။ ထို့ပြင် ထိုကထာတွင် စစ်သူကြီးနှစ်ဦးအနက် (၁) လက်ခီသည် အတွေးအခေါ်အရာတွင် နိုက်စိအလောက် မလျင်ပုံ၊ လက်တွေ့သက်သက်ကိုသာ အားကိုးချင်ပုံ၊ တစ်ဖက်သားကို မယုံသင်္ကာရှိတတ်ပုံ၊ စိုက်လိုက်မတ်တတ် ပြောတတ်ပုံ၊ ဆော့ခရတ္တိကို လေးစားပုံ၊ ဆော့ခရတ္တိကြောင့် အယူအဆပြောင်းလာပုံတို့ကိုလည်းကောင်း၊ (၂) နိုက်စိအသည် လက်ခီထက် ပို၍ ဉာဏ်ကြီးပုံ၊ သည်းခံတတ်ပုံ၊ အမြော်အမြင်ရှိပုံတို့ကို လည်းကောင်း၊ (၃) ဆွေးနွေးပွဲတွင် စစ်သူကြီး နှစ်ဦးစလုံးအတွက် အဆင်ပြေအောင် ဆော့ခရတ္တိက ထိန်းသိမ်းပေးတတ်ပုံကိုလည်းကောင်း ပလေးတိုးသည် သရုပ်ဖော်တတ်ပါပေသည်ဟုလည်း အဆိုရှိပါသည်။ ထိုသို့ ဆို၍ ပလေးတိုး၏ အရေးအသားကို ချီးကျူးကြပါသည်။
စာပိုဒ် ၁၆
ဆော့ခရတ္တိ။ ။ အချင်း လက်ခီ၊ မိတ်ဆွေနှစ်ဦး (စစ်သူကြီးနှစ်ဦး၏ မိတ်ဆွေနှစ်ဦး)သည် သူတို့၏သားငယ်များအား ဂုဏ်သိက္ခာကို သိစေချင်ကြသည်။ ဤသို့ဖြင့် လူတော်လူကောင်း ဖြစ်လာစေချင်ကြသည်။ ဖြစ်စေချင်ကြသည့်အတိုင်း ဖြစ်လာကြအောင် မည်သို့ပြုလျှင် သင့်မည်နည်းဟု ကျွန်ုပ်တို့ကို မေးလာကြပြီ။
လက်ခီ။ ။ ဟုတ်ပါသည်။
ဆော့။ ။ ထိုသို့တပြီးကား၊ ဂုဏ်သိက္ခာသဘောကို ကျွန်ုပ်တို့ကိုယ်တိုင် ရှေးဦးစွာသိကြရလိမ့်မည်၊ သိကြမည်မဟုတ်ပါက အဘယ်မှာလျှင် အကြံဉာဏ်ပေးနိုင်ကြမည်နည်း။
လက်။ ။ ဆော့ခရတ္တိ၊ ဟုတ်ပေ၏။
ဆော့။ ။ လက်ခီ၊ ကျွန်ုပ်တို့သည် ဂုဏ်သိက္ခာသဘောကို သိထိုက်ကြမည် မဟုတ်ပါလော။
လက်။ ။ သိကြရမည်သာ။
ဆော့။ ။ သို့မှသာ ကျွန်ုပ်တို့သိသမျှကို ပြောပြနိုင်ကြမည် ဖြစ်သည်။
လက်။ ။ ဟုတ်ပါသည်။
ဆော့။ ။ ကောင်းပြီ၊ မည်သည့်အချက်မှစ၍ စဉ်းစားကြမည်နည်း။ ကျွန်ုပ်၏ဆန္ဒကို ပြောရမည်ဖြစ်လျှင် အားလုံးနှင့်ဆိုင်သော ဂုဏ်သိက္ခာသဘောကို ယခုချက်ချင်း မစဉ်းစားချင်သေးပါ၊ ဝန်လေးလွန်းလှပါသည်။ အစိတ်အပိုင်းတစ်ခုလောက်၏ သဘောကိုပင် သိနိုင် မသိနိုင် စမ်းကြည့်ချင်သည်၊ ပို၍လွယ်မည် ထင်သည်။
လက်။ ။ ဆော့ခရတ္တိ၊ အသင်၏ဆန္ဒအတိုင်း ပြုပါ။
ဆော့။ ။ ကောင်းပြီ၊ ဂုဏ်သိက္ခာတွင် မည်သည့်အစိတ်အပိုင်းကို ရွေးကြမည်နည်း၊ ချပ်ဝတ်တန်ဆာကိုဝတ်၍ စစ်ထိုးရာတွင် အရာရောက်အောင် ပြုပေးတတ်ခြင်းနှင့်ဆိုင်သော အစိတ်အပိုင်းကို ရွေးသင့်သည်ဟု ကျွန်ုပ်သဘောရသည်၊ ထိုအစိတ်အပိုင်းသည် ယေဘုယျအားဖြင့် သူရသတ္တိ မဟုတ်ပါလော။
လက်။ ။ ဟုတ်ပါသည်။
ဆော့။ ။ ထိုသို့တပြီးကား သူရသတ္တိ၏သဘောကို သိကြရအောင် ရှေးဦးစွာ အားထုတ်သင့်ကြသည်။ သူရသတ္တိ၏ သဘောကို သိပြီးသောအခါကျမှသာ ထိုသားငယ်တို့ လိုက်နာနိုင်သမျှ လိုက်နာနိုင်ကြအောင်၊ လေ့လာနိုင်သမျှ လေ့လာနိုင်ကြအောင် နည်းနာတို့ကို စဉ်းစားကြမည်။ ထို့ကြောင့် အချင်းစစ်သူကြီး လက်ခီ၊ သူရသတ္တိဟူသည် အဘယ်နည်း၊ အသင်သိသမျှ ပြောပြပါဘိ။