ကံကြမ္မာကို ယုံကြည်သူ

ကံကြမ္မာကို ယုံကြည်သူ အပိုင်း(၅၊ ၆)

ကံကြမ္မာကို ယုံကြည်သူ – အပိုင်း ၅

နွားပိန်ကန်သော နေ့က သိပ်မကြာခင်မှာ ကျရောက်လာခဲ့တော့တာ ဖြစ်သည်။ အဲဒီနေ့က သူတို့ အလုပ်ရှင်သူဌေးက သူတစ်ဦးတည်းကို အထူးတလည် တွေ့ဖို့ တောင်းဆိုခဲ့တာဖြစ်သည်။
“သူဌေးက တွေ့ချင်လို့တဲ့၊ ရှင့်ကို အခေါ်ခိုင်းလိုက်ပါတယ်”
သူ့ရင်ထဲ ဒိန်းခနဲ ဆောင့်ခုန်သွားခဲ့သည်။ သူဌေးက တွေ့ခွင့်တောင်းသတဲ့။ သူတစ်ယောက်တည်းကိုတဲ့။ သူက သူ့ကို အထင်သေးကြသည့် လုပ်ဖော်ကိုင်ဖက်တွေကို ခပ်ကြောကြော တစ်ချက် လှမ်းကြည့်ပြီး သူဌေးအခန်းထဲ ရင်ကော့ဝင်ခဲ့သည်။
“ကဲ … ထိုင်ပါဦး”
သူက သူဌေးရှေ့မှာ ခပ်မတ်မတ် ဝင်ထိုင်လိုက်သည်။ သူဌေး ဘာပြောမလို့ပါလိမ့်။ သူ့အတွက် ရာထူးတစ်နေရာ တိုးမြှင့်ပေးမလို့လား၊ လခတိုးပေးမှာလား။ သူ ရင်တခုန်ခုန် စောင့်စားနေရပါသည်။
“မင်း ဒီတစ်လထဲမှာ ခွင့်ယူတာ ဆယ်ရက်ရှိပြီနော်”
“ဟုတ်ပါတယ်၊ ကျွန်တော် ဖယ်ရီမမီလို့ပါ”
“ဖယ်ရီ မမီရင် လိုင်းကားစီးလို့ မရဘူးလား”
“ရုံးချိန်ဆို လိုင်းကားတွေက ကျပ်တော့ အရမ်းပင်ပန်းပါတယ်”
“ဪ… ဪ … ဒါဆိုလည်း မင်း ဒီနေ့ကစပြီး မပင်ပန်းရတော့ပါဘူးကွာ”

သူ မမျှော်လင့်တဲ့ စကားတွေဟာ သူ့နားထဲ အတင်းတိုးဝင်လာပါသည်။ ရုံးပျက်တာ၊ အချိန်မလေးစားတာ၊ အလုပ်မှာ ပေါ့လျော့တာ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင့်တင့်အောင် မပေါင်းတာ၊ စကားလုံးတွေက မြားအစင်းစင်းလို သူ့ထံမှာ လာရောက်ထိုးစိုက်ကြသည်။ ရုံးခန်းအဝင်က မော့ခဲ့သော သူ့ ခေါင်းဟာ ပြန်အထွက်မှာ ငိုက်စိုက်ကျနေခဲ့ပါသည်။

ကံကြမ္မာကို ယုံကြည်သူ – အပိုင်း ၆ ဇာတ်သိမ်း

သူအလုပ်ပြုပ်သွားပြီး မကြာခင်မှာပင် သူ့မိဘတွေ ငှားရမ်းထားခဲ့သော တိုက်ခန်းကလေး နှစ်စေ့သွားလေသည်။ အိမ်လခငွေ ထပ်မပေးနိုင်တော့တာမို့ သူ ထိုအိမ်မှဆင်းပြီး အဆောင်တစ်ခုသို့ ပြောင်းရွှေ့လာခဲ့ရသည်။ ထိုနေ့ညနေမှာပင် သူစိတ်ဓာတ်ကျစွာ မြို့ထဲလမ်းတွေပေါ်မှ လျှောက်သွားရင်း သူတို့အိမ်နီးချင်းဖြစ်ခဲ့သော ဒေါ်နုနုရဲ့ ပုတိဖွားသမီးကလေးကို ပြန်တွေ့ရလေသည်။ သူမက ဝတ်ကောင်းစားလှဖြင့် ကုမ္ပဏီတံဆိပ်ပါ ကားပေါ်က ဆင်းလာခြင်းဖြစ်သည်။
“ဟယ် … အစ်ကို မတွေ့ရတာကြာပြီနော်၊ ဘယ်သွားမလို့လဲ”
သူမက ဝမ်းသာအားရ နှုတ်ဆက်ပြီး သူမကတော့ ကုမ္ပဏီတစ်ခုမှာ စက္ကရီတေရီ လုပ်နေကြောင်း၊ ဒေါ်လာဖြင့်ရကြောင်း ရွှန်းရွှန်းဝေအောင် ပြောသွားခဲ့သည်။ သူကတော့ အလုပ်တစ်ခုခုရရန် အပူတပြင်း ရှာဖွေနေဆဲ။
တစ်နေ့မှာ သူ ပေါင်မုန့်စက်ရုံမှာ လုပ်ခဲ့စဉ်က သင်တန်းတွေ လျှောက်တက်နေသော သူ့လုပ်ဖော်ကိုင်ဖက် ဘင်္ဂဖွားလေးနှင့် ပြန်ဆုံရလေသည်။ သူပြန်တွေ့ချိန်မှာ ဘင်္ဂဖွားလေးက မထင်မှတ်လောက်အောင် ပြောင်းလဲ
တိုးတက်နေခဲ့ပြီ။ ကုမ္ပဏီက ပေးထားသော ကားလေးကို ကိုယ်တိုင်မောင်းလျက် ရာထူးကောင်းကောင်း၊ လခကောင်းကောင်းကိုလည်း ရရှိနေခဲ့ပြီဖြစ်သည်။

သူသည် သူ့ကို နည်းနည်းလေးမှ ငဲ့ကွက်ကြည့်ဖော်မရသော သူ့ကံကြမ္မာနှင့် သူဇာတာကို စိတ်ဆိုးစပြုလေသည်။ ဘင်္ဂဖွားလေးရဲ့ ကားနောက်ပိုင်းကို လှမ်းကြည့်ရင်း သူ ခပ်တောင့်တောင့် ငြိမ်သက်ကျန်ခဲ့ရသည်။တကယ်ဆို သူက အဓိပတိဖွား၊ တနင်္လာသားတစ်ယောက်ဖြစ်ပါသည်။

စာရေးဆရာမ ပုညခင်ရေးသားထားသော နှင်းဆီရနံ့ ဝတ္ထုတိုများ စာအုပ်မှ ကူးယူဖော််််််ပြသည်။

ကံကြမ္မာကို ယုံကြည်သူ

ရသ

OpenMoreOnline

Related Posts