ကူညီပါရစေ (ဇာတ်သိမ်းပိုင်း)

ကူညီပါရစေ အပိုင်း (၁)

ကူညီပါရစေ အပိုင်း (၁) – သူသည် ရန်ကုန်မြို့လယ်သို့ မရောက်ဖြစ်တာ လအနည်းငယ်ကြာသွားပြီ။ သူ့အနေဖြင့် အကြောင်းကိစ္စမရှိဘဲ မြို့ထဲလာလေ့မရှိ။

အကြောင်းကိစ္စ ဆိုတာကလည်း မြို့ထဲက ရုံးတစ်ရုံးကို သွားရန်သော်လည်းကောင်း၊ ရုပ်ရှင် ကြည့်ရန်သော်လည်းကောင်း၊ ကုန်တိုက်တွေ မီနီမတ်ကတ်တွေမှာ ပစ္စည်းဝယ်ရန်သော်လည်းကောင်း စသည်ဖြင့် ဖြစ်နိုင်သည်။ သူ့အဖို့တော့ ဒါတွေလုပ်စရာ မလိုချေ။ ရန်ကုန်မြို့လယ်က ရုံးပြင်ကနားကြီးများမှာ သူနှင့် ဘာမှမဆိုင်။ သူတို့မြို့နယ်က ရုံးကလေးကိုတောင် အိမ်ထောင်စုစာရင်းလုပ်ဖို့က တစ်ခါ၊ နိုင်ငံသားစိစစ်ရေးကတ် ပျောက်သွားတုန်းက တစ်ခါသာ ရောက်ဖူးသည်။ မြို့လယ်မှာ ရုံတင်နေသော ရုပ်ရှင်ကားကြီးတွေကိုလည်း တကူးတကန့် သွားမကြည့်နိုင်ပါ။ သူတို့ဆီက ရုံကလေးကို လာပြသည့်အခါ ကြည့်ချင်ကြည့်။ ဒါမှမဟုတ် ဗီဒီယိုရုံမှာပြသည့် ကားတွေကြည့်လိုက်လျှင် ပြီးသည်။ ကုန်တိုက်ကြီးတွေ၊ မီနီမတ်ကတ်တွေ ဆိုတာကလည်း ပိုက်ဆံပေါပေါသုံးနိုင်မှ ဝင်လို့ကောင်းတာကလား။ သူဝယ်လိုသော ရေနံဆီမီးအိမ်တို့၊ ငါးသုံးလုံး ရော်ဘာဖိနပ်တို့က မီနီမတ်ကတ်တွေ၊ စူပါမတ်ကတ်တွေမှာ ဝယ်လို့မရှိ။ သူတို့မြို့နယ်ရှိ ဈေးထဲက ကိုစန်းမောင်တို့ ကုန်စုံဆိုင်မှာ ဝယ်မှရသည်။

သည်တော့ တော်ရုံနှင့် မြို့ထဲမရောက်ဖြစ်တာ သိပ်ဆန်းလှသည်တော့ မဟုတ်ချေ။ သည်နေ့တော့ ရပ်ကွက်ထဲမှ ဦးကုလားက ခိုင်းသဖြင့် မြို့ထဲထွက်လာခဲ့ခြင်း ဖြစ်၏။ ဘုန်းကြီးဆွမ်းကပ်ချင်သောကြောင့် သတ်သတ်လွတ်ဒံပေါက် ဝယ်ပေးပါဟု အကူအညီတောင်းထားသည်။ ထို့ကြောင့် လမ်းသုံးဆယ်မှတ်တိုင်မှာ ဆင်းပြီး ဆူးလေဘုရားလမ်းအတိုင်း အထက်ဘက်သို့ လျှောက်လာခဲ့သည်။ သက်သတ်လွတ်ဒံပေါက် ရနိုင်မည့်နေရာကို ဦးကုလားက သေသေချာချာ ညွှန်လိုက်သည်။ ရဲရင့်ရုပ်ရှင်ရုံ အနောက်ဘက်ကပ်လျက် သုံးဆယ့်သုံးလမ်းထဲရှိ လစ်ဘာတီမုန့်ဆိုင်မှာ ရသည်။ သူသည် ငိုက်စိုက် ငိုက်စိုက် လျှောက်လာရင်း ဗိုလ်ချုပ်လမ်းနှင့်ဆုံရာ အရောက်တွင် ညာဘက်ကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်သွား၏။ ရဲရင့်ရုံကို ရှာလို့မတွေ့တော့။ သူ ခေါင်းကုတ်လိုက်သည်။ လမ်းမှားတာတော့ မဖြစ်နိုင်။ ရဲရင့်ရုံဆိုတာကို သူ မသိတာလည်းမဟုတ်။ ဟိုအရင်တုန်းက ‘ရှိုးလေး’၊ ‘စေလိုနား’ စသော နာမည်ကြီး အိန္ဒိယရုပ်ရှင်တွေ နှစ်ခါ၊ သုံးခါ လာကြည့်ဖူးသည်။ မြို့ထဲအရောက်အပေါက်နည်းသည့်တိုင် သည်လောက်တော့ မျက်စိလည်စရာ အကြောင်းမရှိ။ ရဲရင့်ရုံဆိုတာ ပပဝင်းရုံနှင့် မျက်နှာချင်းဆိုင်ပဲဆိုပြီး လမ်းတစ်ဘက်သို့ ဖျတ်ခနဲယောင်၍ ကြည့်မိ၏။ ပပဝင်းရုံက ဖျက်ထားပြီးနေပြီ။ ဒါတော့ သူ သိသည်။ ပပဝင်းနှင့် မျက်နှာချင်းဆိုင်ဆိုတော့ ဟိုဘက်ခြမ်းမျက်နှာချင်းဆိုင်များလားဟု ဇဝေဇဝါဖြစ်ချင်သွားမိသေးသည်။ လှမ်းကြည့်တော့ မီးရထားရုံကြီးကို မြင်ရသည်။

သူသည် ရဲရင့်ရုံနေရာတွင် အုတ်ကျိုးအုတ်ပဲ့တွေ ပုံထားသော ကွက်လပ်ကြီး ဖြစ်နေသည်ကို တအံ့တဩ ကြည့်နေမိ၏။ အံ့ဩနေလို့မပြီးသေး။ ဒံပေါက်ဝယ်ဖို့က ရှိသေးသည်။ ဆယ့်တစ်နာရီအရောက်ပြန်နိုင်မှ ဆွမ်းကပ်ဖို့ မီနိုင်မည်။ ထို့ကြောင့် ကွက်လပ်ကြီးကို ပတ်ပြီး သုံးဆယ့်သုံးလမ်းထဲ ဝင်လာသည်။ လစ်ဘာတီမုန့်ဆိုင်ကို ရှာမတွေ့ဘဲ ဖြစ်နေပြန်၏။ အနီးအနားမှာ မေးကြည့်တော့ ရဲရင့်ရုံဖျက်ရာတွင် မုန့်ဆိုင်လည်း ပါသွားကြောင်းသိရ၏။ သက်သတ်လွတ်ဒံပေါက် ဝယ်လို့မရကြောင်း ဦးကုလားကို အချိန်မီ ပြန်ပြောမှ ဖြစ်မည်။ ဒါမှ အခြားတစ်ခုခု အမြန်စီစဉ်နိုင်မည်။ ပန်းဆိုးတန်းမှတ်တိုင်မှ ဘတ်စ်ကား ပြန်စီးမည်ဟု စိတ်ကူးပြီး … အောက်ဘက်သို့ ဆင်းလာသည်။ အနော်ရထာလမ်းကို ဖြတ်ကူး၊ မဟာဗန္ဓုလ ပန်းခြံလမ်းအတိုင်းလျှောက်၊ မဟာဗန္ဓုလလမ်းကို ဖြတ်ကူးမည်အပြုမှာပင် ပလက်ဖောင်းအစွန်းမှာ ရပ်နေသော အဘွားအိုကြီးတစ်ယောက်ကို တွေ့လိုက်ရသည်။

အဘွားကြီးမှာ အတော်အသက်ကြီးပြီ။ ခုနှစ်ဆယ်ကျော် ရှစ်ဆယ်အတွင်းလောက်ရှိမည်။ မျက်စိလည်း ကောင်းပုံမရ။ လက်ဝါးကလေးကို နဖူးပေါ်မှ အလေးပြုသလို ကာပြီးကြည့်နေသည်။ ချီတုံချတုံ ဖြစ်နေပုံလည်းပေါ်သည်။ လမ်းကူးဖို့ အခက်အခဲ ဖြစ်နေသည်ထင်၏။ ထိုနေရာမှာ လမ်းကလည်း ကျယ်သည်။ ကားကလည်း ရှုပ်သည်။ ကားများသည် ဆူးလေဘုရားကို ကွေ့ပြီး အရှိန်နှင့် ထွက်လာသဖြင့် ဝှီးခနဲ ဝှီးခနဲ ဖြတ်ဖြတ်သွားနေသည်။ အဘွားကြီးမှာ ကုန်းကုန်းကုန်းကုန်းနှင့် ယောင်ချာချာ ဖြစ်နေ၏။ တစ်စုံတစ်ယောက်မှ မကူညီလျှင် သည်နေ့အဖို့ လမ်းတစ်ဘက်ကို ဖြတ်ကူးရောက်ရှိနိုင်စရာ အကြောင်းမမြင်။ သည်လိုကိစ္စမျိုးတွေမှာ သူက ကူညီနေကျဖြစ်၏။ ထို့ကြောင့် အဘွားကြီးနားသို့ သူ လျှောက်သွားသည်။ ကံကောင်းချင်တော့ ထိုအချိန်တွင် ကားတွေကလည်း ရုတ်တရက် ရှင်းသွား၏။ သူက အဘွားကြီး၏လက်မောင်းကို ကိုင်လိုက်ပြီး … “လာ အမေကြီး …” ဟု ပြော၍ ပလက်ဖောင်းပေါ်မှ လမ်းပေါ်သို့ တွဲချပေးသည်။ ထို့နောက် ဂရုတစိုက်ထိန်းကိုင်ပြီး လမ်းတစ်ဘက်သို့ ခေါ်လာခဲ့သည်။ အဘွားကြီးမှာ တုန်ချည့်တုန်ချည့်နှင့် လိုက်ပါလာသည်။ ပါးစပ်ကလည်း … “ရပါတယ်ကွယ် … ကိစ္စမရှိပါဘူး … ရပါတယ်ကွယ်” ဟု တတွတ်တွတ် ပြောလာ၏။ လမ်း၏ သုံးချိုး နှစ်ချိုးလောက် အရောက်တွင် ဗင်ကားတစ်စီး လာနေသည်ကို မြင်ရ၏။ သူက လက်ပြလိုက်ရာ ကားက အလိုက်သိစွာပင် အရှိန်လျှော့ပေးသည်။ သူတို့လည်း လမ်းတစ်ဘက်သို့ ခပ်မှန်မှန်ကူးပြီး အဘွားကြီးကို ပလက်ဖောင်းပေါ် တွဲတင်ပေးလိုက်၏။

“ကဲ … အမေကြီး သွားလို့ရပြီ” ဟု သူက ပြောလိုက်သည်။ အဘွားကြီးက သူ့ကို ကြောင်တောင်တောင် ကြည့်ပြီး … “ဘယ်ကိုသွားရမှာလဲ …” ဟု ပြန်မေးသည်။ “အမေကြီး သွားစရာရှိတာ ဆက်သွားပေါ့ …” “အမေကြီးက ဘယ်မှသွားစရာ မရှိပါဘူးကွယ် …” “ဗျာ … ဒါနဲ့” “အမေကြီး မြေးလေးကို မုန့်ဟင်းခါး သွားဝယ်ခိုင်းထားလို့ စောင့်နေတာ … အဲဒါ မောင်ရင်လေးက အမေကြီးလာလာဆိုလို့ ဘုမသိ ဘမသိ လိုက်လာခဲ့ရတာကွယ့်” “ဟိုက် …” “အခု အမေကြီး ဟိုဘက်ကို ပြန်မကူးတတ်တော့ဘူး … အဲဒါ ငါ့သားပဲ ပြန်လိုက်ပို့ပေးပါဦးနော်” ဟု တောင်းတောင်းပန်ပန် ပြောနေသည်။ သူသည် စိတ်ကူးဖြင့် သူ့နဖူးသူ ဖြန်းခနဲ ရိုက်လိုက်မိ လေ၏။

မင်းလူ ရေးသားထားသော ရယ်မောခြင်းလက်ကျန် စာအုပ်မှ ကူးယူဖော်ပြထားခြင်း ဖြစ်ပါသည်။

OpenYourBusinessOnline

ရသ

Related Posts