ဟိုတစ်ဖက်က အသံ

သားအဖနှစ်ယောက် တောင်တန်းတွေပေါ် လျှောက်သွားတဲ့ တစ်နေ့မှာပေါ့။ သားငယ်လေးက လှပတဲ့ ပတ်ဝန်းကျင်ရှုခင်းကို ငေးမောရင်းသွားတာမို့ လမ်းပေါ်က ကျောက်တုံးတစ်တုံးကို ခလုတ်တိုက်မိတယ်။ နာလိုက်တာ။
‘အားလားလား’ လို့ သားလေးရဲ့ပါးစပ်က အလိုအလျောက်အော် လိုက်မိတယ်။


‘အားလားလား’
သူအော်သလို အော်သံ ဟိုဝေးဝေးဆီက ပြန်ကြားရတယ်။ သားငယ် သိပ်စိတ်ဆိုးသွားတယ်။ ခလုတ်တိုက်လို့ ခြေထောက်နာပါတယ်ဆိုမှ ဘယ်သူက လှောင်ပြောင်ပါလိမ့်။


‘ဘယ်ကောင်လဲကွ’လို့ ကောင်လေးက ဒေါသထွက်ထွက်နဲ့ ပြန်အော်လိုက်တယ်။
‘ဘယ်ကောင်လဲကွ’ ဆိုပြီး ဟိုအဝေးဆီက အော်ပြန်တယ်။


‘ လိုက်မပြောင်နဲ့’လို့ ကောင်လေးက လှမ်းအော်တော့ ‘လိုက်မပြောင်နဲ့’လို့ ပြန်အော်တယ်။ ကောင်လေး မကျေနပ်ဘူး။ ‘ဖေဖေ၊သားပြောသမျှကို ဟိုကောင်က လိုက်လိုက်အော်နေတယ်’ ဆိုပြီး ကောင်လေးက သူ့အဖေကို ပြောတယ်။


သူ့အဖေက သားငယ်လေးကို ‘မင်း ငတုံးပဲ’ လို့ အော်ခိုင်းတယ်။ တစ်ဖက်အသံကလည်း ‘မင်း ငတုံးပဲ’လို့ ပြန်အော်တယ်။ နောက်တစ်ခါ ‘ခင်ဗျားကို လေးစားပါတယ်’ လို့ သူ့အဖေက အော်ခိုင်းပြန်တယ်။ တစ်ဖက်က ‘ခင်ဗျားကို လေးစားပါတယ်’ လို့ ပြန်အော်သံကြားရတယ်။
 
အဖေက သားကို ‘ဒါ ပဲ့တင်သံလို့ ခေါ်တယ်သား။ ကိုယ်ကကောင်းတဲ့အသံပြုရင် ကောင်းတဲ့အသံ ပြန်ကြားရတယ်။ ကိုယ်က မကောင်းတာပြောရင် မကောင်းတဲ့တုံ့ပြန်မှုပဲ ပြန်ရတယ်’ဆိုပြီး ရှင်းပြတယ်။
 
ကောင်လေးက ‘အောင်-မြင်-ပါ-စေ’ လို့ အော်တော့ တစ်ဖက်က ‘အောင်-မြင်-ပါ-စေ’ဆိုတဲ့အသံကို သားငယ် ပြန်ကြားရပါတယ်။


ကျော်ရင်မြင့်ရေးသားထားသော ငပျင်းတွေအတွက် အောင်မြင်ရေးနည်းလမ်းများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

#OpenYourBusinessOnline

Related Posts