သင်၏ အပြစ်များကို ရှေးဦးစွာ ဖော်ပြပါ ~~~~
နှစ်ပေါင်း အနည်းငယ်ခန့်က ကျွန်ုပ်၏တူမ ဂျိုးဆက်ဖင်သည် ကျွန်ုပ်၏အတွင်းရေးမှူးအဖြစ်ဖြင့် နယူးယောက်မြို့တွင် ကျွန်ုပ်နှင့်အတူ လာ၍နေလေသည်။ထိုအခါက ဆယ်တန်းအောင်ပြီးသည်မှာ သုံးနှစ်သာရှိသေး၍ သူ၏အသက်မှာ ဆယ့်ကိုးနှစ်ဖြစ်၏။ သူ၏လုပ်သက်ဆိုလျှင် ဗလာနတ္ထိဖြစ်၏။ ယနေ့မှာမူကား စူးအက်တူးမြောင်း၏ အနောက်ဘက်တစ်လွှားတွင် အတော်တကာ့အတော်ဆုံး အတွင်းရေးမှူးတစ်ဦး ဖြစ်၍ နေလေပြီ။ သို့ရာတွင် ကျွန်ုပ်နှင့် အတူလာ၍နေစဉ်က လုပ်သက်မရှိသေးသော်လည်း တတ်ချင်သောစိတ်ကြောင့် အသင်ရ လွယ်ကူလေသည်။ တစ်နေ့တွင် အလုပ်တစ်ခုကို ကျွန်ုပ်သဘောနှင့် မတွေ့သောကြောင့် ကြိမ်းမောင်းမိမည်ရှိရာ ‘ခဏနေဦး ဒေးကာနက်ဂျီ၊ ခဏနေဦး၊ မင်းဟာ ဂျိုးဆက်ဖင်းထက် အသက်မှာလည်း နှစ်ဆလောက်ကြီးတယ်၊ အလုပ်သက်မှာလည်း အဆပေါင်းတစ်သောင်းလောက်ပိုတယ်၊ အဲဒီတော့ သူဟာ မင်းလို ဘယ်မှာတော်နိုင်ပါ့မလဲ၊ ဟေးဒေး၊ နောက်ပြီး ခဏနေဦးကွ၊ မင်းဟာ အသက်ဆယ့်ကိုးနှစ် အမှားတွေကို မင်းပြန်သတိရသေးရဲ့လား၊ ဟိုအမှားတွေလုပ်ခဲ့၊ ဒီအမှားတွေ လုပ်ခဲ့တာတွေရော သတိရသေးရဲ့လား’ အစရှိသည်ဖြင့် ကျွန်ုပ်ကိုယ်ကျွန်ုပ် ပြန်၍ ဆုံးမလျက်ရှိ၏။
အသေအချာ ပြန်၍ စစ်ဆေးကြည့်သောအခါ အမှန်စင်စစ်ပြောရလျှင် ဂျိုးဆက်ဖင်း၏ လုပ်ရည်ကိုင်ရည်မှာ ကျွန်ုပ်ဆယ့်ကိုးနှစ်အရွယ်တုန်းကထက် သာပေသေးသည်။ ထို့ကြောင့် ဂျိုးဆက်ဖင်၏ အမှားတစ်ခုခုကို ပြင်ချင်သောအခါ ‘တူမရေ၊ ဟောဒါကလေးတော့ မှားနေတယ်ဟေ့၊ အေးကွာ၊ ဒါတွေဟာ ငါမှားတာတွေလောက်တော့ မဆိုးသေးပါဘူး၊ အမှားအမှန် ဆုံးဖြတ်နိုင်တဲ့ဉာဏ်ဆိုတာ မွေးကတည်းက ခေါင်းမှာ ကပ်ပါလာတာမျိုးမှ မဟုတ်ဘဲ၊ လုပ်ရင်းကိုင်ရင်းမှ ဒီဉာဏ်မျိုးကို တဖြည်းဖြည်း ရလာတာပဲ၊ ဦးလေးလည်း တူမလိုအရွယ်တုန်းက ဒါ့ထက်ဆိုးသေးတာပဲ၊ ကိုယ်ကိုယ်တိုင် အမှားမှားအယွင်းယွင်း ဖြစ်ခဲ့ဖူးတာတွေ များလွန်းလို့ တူမကိုဖြစ်ဖြစ် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ခုများဖြင့် အပြစ်မပြောချင်တော့ပါဘူးကွယ်၊ အေးကွယ် ဟောဒါလေးကို ဒီလိုပြင်လိုက်ရင် ပိုပြီးမကောင်းပေဘူးလား’ အစရှိသည်ဖြင့် ကျွန်ုပ်သည် ပြောပြ၏။
အကယ်၍ သင့်ကို အပြစ်ပြောချင်သောသူတစ်ဦးသည် သင့်ကိုအပြစ်မပြောမီ အပြစ်များကို ရှေးဦးစွာ ဝန်ခံထားလျှင် သင်၏အပြစ်များကို ပြောသောအခါ သင့်အတွက် နားဝင်ဆိုးလှတော့မည် မဟုတ်ပေ။ ၁၉၀၉ ခုနှစ်လောက်က ဂျာမန်မင်းသားကြီး ဗွန်ဘူးလို သည် ဤနည်းကို အသုံးပြုရန် အရေးတကြီးလိုကြောင်း သိရှိခဲ့ဖူးလေသည်။ ထိုအခါက သူသည် ဂျာမနီပြည်၏ နန်းရင်းဝန်ကြီးဖြစ်၍ ထိုစဉ်အခါက ဂျာမန်ဘုရင်သည် ကိုင်ဇာ ခေါ် ဒုတိယဝီလဟမ် ဘုရင် ဖြစ်လေသည်။ ထိုဘုရင်သည် မာန အလွန်ကြီးလေသည်။
သူလက်ထက်တွင် ကမ္ဘာပေါ်တွင် အကြီးဆုံးရေတပ်နှင့် ကုန်းတပ်ကို တည်ထောင်မည်ဟူ၍လည်း ကြုံးဝါးခဲ့ဖူး၏။
များမကြာမီ အကြောင်းထူးတစ်ခု ပေါ်လာလေသည်။ ထိုကိုင်ဇာဘုရင်သည် ယုံကြည်နိုင်လောက်စရာ မရှိသော စကားများကို ထုတ်ဖော်ပြောဆိုရာ ဥရောပတိုက် တစ်တိုက်လုံးသာမက တစ်ကမ္ဘာလုံး ဆူပွက်လာလေသည်။ ထို့ထက် ပိုဆိုးခြင်းသည်ကား အခြားမဟုတ်။ အဆိုပါစကားများကို သူ့တိုင်းပြည်တွင်မဟုတ်ဘဲ အင်္ဂလန်ပြည်တွင် ဧည့်သည်တော်အဖြစ်နှင့် သွားရောက်လည်ပတ်စဉ် ပြောကြားမိသောကြောင့်ပင် ဖြစ်လေသည်။ ထိုမျှမကသေး၊ သူ့စကားများကို ဒေလီတယ်လီဂရပ် သတင်းစာထဲတွင် ပုံနှိပ်ရန် ခွင့်ပေးသေး၏။ သူပြောစကားများမှ ကောက်နုတ်၍ အကျဉ်းချုပ်ပြောရလျှင် အင်္ဂလိပ်အပေါ်တွင် စိတ်ကောင်းရှိသော တစ်ဦးတည်းသော ဂျာမနီလူမျိုးမှာ သူပင်ဖြစ်ကြောင်း၊ ရေတပ်ကို အကြီးအကျယ် ဆောက်လုပ်လျက်ရှိခြင်းမှာလည်း ဂျပန်၏ရန်ကို ချိုးနှိမ်ရန်အတွက်ဖြစ်ကြောင်း၊ ရုရှားနှင့် ပြင်သစ် နှစ်ပြည် ပူးပေါင်း၍ အင်္ဂလန်ကို ပျက်စီးအောင်ကြံစည်ခဲ့ရာ သူတစ်ဦးတည်းကသာ အင်္ဂလန်ကို အဆိုပါဘေးဆိုးမှ လွတ်ကင်းအောင် ကယ်ဆယ်ခဲ့ရကြောင်း၊ အာဖရိကတောင်ပိုင်းတွင် ဘိုဝါးများနှင့် နိုင်အောင်စစ်ဆင်ပုံမှာ သူစစ်ဆင်ပုံပင်ဖြစ်ကြောင်း အစရှိသည်ဖြင့် ရောက်တတ်ရာရာတို့ကို လျှောက်၍ ပြောခဲ့လေသည်။
နှစ်ပေါင်းတစ်ရာအတွင်း ထိုကဲ့သို့စကားမျိုးကို စစ်မဖြစ်သည့် အချိန်အခါတွင် မည်သည့် ‘ဥရောပတိုက်ရှိ မည်သည့် ရှင်ဘုရင်ကမျှ မပြောဖူးချေ။ ဥရောပ တစ်တိုက်လုံး ဆူပွက်လျက်ရှိ၏။ အင်္ဂလန်ပြည်ကလည်း အတော်စိတ်ဆိုး၏။ ဂျာမနီပြည်ရှိ နိုင်ငံပြုသုခမိန်များလည်း အတော်အံ့အားသင့်လျက် ရှိကြ၏။ ထိုသို့ ပွက်လောထလာသဖြင့် ကိုင်ဇာသည် လန့်လာသောကြောင့် သူ၏နန်းရင်းဝန် ဗွန်ဘူးလိုအား သူ့အတွက် တန်ဆာခံရန် ပြော၏။ ဗွန်ဘူးလို ကိုယ်တိုင်က ကိုင်ဇာပြောသမျှစကားတို့သည် သူအပြောခိုင်းသော စကားများဖြစ်သောကြောင့် အားလုံးအတွက် သူတာဝန်ယူသည်ဟု ထုတ်ပြန်ကြေညာစေချင်၏။
ထိုအခါ ‘လျှောက်ထားဝံ့ပါသည် ဘုရား၊ ဤကဲ့သို့ စကားမျိုးကို အရှင်ဘုရားပြောအောင် ဘုရားကျွန်တော်မျိုး တိုက်တွန်းနိုင်လိမ့်မယ်လို့ ဂျာမနီပြည်မှာရော၊ အင်္ဂလန်ပြည်မှာရော ဘယ်ပြည်ကမှ ယုံကြည်ကြမယ် မဟုတ်ပါဘူးဘုရား’ ဟု ဗွန်ဘူးလိုသည် လျှောက်ထား၏။ ဤစကားကို လျှောက်ထားပြီးလျှင်ပြီးချင်း မှားသွားပြီဟု နန်းရင်းဝန် ဗွန်ဘူးလို သိ၏။ ကိုင်ဇာဘုရင်လည်း ဒေါသအမျက် ဟူးဟူးထွက်သည့်အလျောက် ‘မင်းက ငါ့ကို မင်းတောင် မလုပ်တဲ့အမှားတွေကို လုပ်တတ်တဲ့နွား မှတ်လို့လား’ ဟု မိန့်၏။
ဗွန်ဘူးလိုလည်း အပြစ်တင်အလျင်မစောဘဲ စ၍ ချီးမွမ်းသင့်ကြောင့် နောက်မှ သိရ၏။ ထို့ကြောင့် ပြောလည်း ပြောပြီးဖြစ်၍ မတတ်သာတော့ဘဲ ဖြစ်သမျှအကြောင်း အကောင်းဆုံးဖြစ်အောင် တစ်ဖန်ဆက်၍ ပြောပြလေသည်။ ယခုတစ်ကြိမ်မှာလည်း အစွမ်းကုန် ချီးမွမ်း၏။ ဤကဲ့သို့ ဆက်၍ ချီးမွမ်းသဖြင့် ချီးမွမ်းသောစကားတို့၏ ဓမ္မတာအတိုင်း အံ့မခန်း ဖြစ်သွား၏။
‘ကျွန်တော်မျိုးက ဒီလိုမဆိုလိုပါဘူး၊ ဘုန်းတော်ကြီးလှသော အရှင်ဖုရားဟာ ကျွန်တော်မျိုးထက် အစစအရာရာ သာလှကြောင်းပါဖုရား၊ စစ်တပ်ရေတပ်ဆိုင်ရာ ဗဟုသုတ အဖြာဖြာမှာသာမကဘဲ လောကဓာတ်ပညာ အရာရာမှာလည်း ကျွန်တော်မျိုးထက် သာကြောင်းပါဖုရား၊ လောကဓာတ်ပညာရပ်များကို ဘုန်းတော်ကြီးလှသော ရေမြေ့ရှင် အရှင်ဖုရားကိုယ်တိုင် ခင်းကျင်းပြသ်နေသည့်အခါများတွင် ကျွန်တော်မျိုးကြီးဟာ နားထောင်ရင်း အံ့သြလို့မဆုံးအောင် ရှိလှပါတော့သည် ဖုရား၊ ကျွန်တော်မျိုးကြီးများဟာ ရှက်ရှက်နှင့် လျှောက်ထားဝံ့ပါသည်ဖုရား၊ သို့ပေမယ့် အရှင်ဖုရားရဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးမှာ အရှင်ဖုရားရဲ့ ဘုန်းရိပ်ကံရိပ်ကို ခိုလှုံပါရသောကြောင့် အရှင်ဘုရား၏ ကျေးဇူးသစ္စာတော်ကို စောင့်ထိန်းနိုင်ရန် နိုင်ငံရေး၊ ပညာရပ်များကိုတော့ တတ်ကျွမ်းလျက်ရှိကြောင်းပါ ဘုရား’
ကိုင်ဇာဘုရင်၏ မျက်နှာတော်သည် မှိုရသောသူ၏ မျက်နှာကဲ့သို့ ဖြစ်လာ၏။ နန်းရင်းဝန် ဗွန်ဘူးလိုသည် သူ့ကိုယ်ကို နှိမ့်ချပြီးလျှင် သူ့ဘုရင်ကို မိုးထိအောင် မြှောက်လေသည်။ ဤစကားကို ကြားရသောအခါ ကိုင်ဇာဘုရင်သည် ဗွန်ဘူးလို၏ အပြစ်ဟူသရွေ့ကို ချမ်းသာခွင့် ပေးနိုင်လေတော့သည်။
‘အေး ဒါကြောင့် ငါမပြောဘူးလား၊ တို့နှစ်ယောက်ပေါင်း လောင်းကျော်လိမ့်မယ်လို့၊ တို့နှစ်ယောက် ဘယ်တော့မှ မခွဲဘူးကွ’ ဟူ၍ ဝမ်းသာအားရစွာ ပြန်ပြောလေသည်။ ထို့နောက် နန်းရင်းဝန်ကို ကိုင်ဇာဘုရင်သည် တစ်ကြိမ်က အကြိမ်ပေါင်းများစွာ လက်ဆွဲနှုတ်ဆက်၏။ သုံး လေးနာရီလောက် ကြာသွားသောအခါ ဝမ်းသာလုံးဆို့လွန်းသဖြင့် ‘ငါ့ဆီကိုလာပြီး ဗွန်းဘူးလိုအကြောင်း မကောင်း ပြောတဲ့အကောင်တွေ အကုန်လုံး ငါကိုယ်တော်မြတ်ကိုယ်တော်တိုင် နှာရိုးကို ထိုးပစ်တော်မူမယ်’ ဟူ၍ ကြုံးဝါးလေသည်။
ဤနည်းဖြင့် ဗွန်ဘူးလိုသည် ဘုရင်၏ အမျက်တော်အရှခံရမည့်ဘေးမှ လွတ်ကင်းခဲ့ဖူးလေသည်။
ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီးလျှင် တစ်ဖက်သားကို မြှောက်တင်ထားသောစကားခွန်း အနည်းငယ်တို့သည် ကိုင်ဇာကဲ့သို့ မာနလည်းရှိ စိတ်ကလည်း နာကြည်းလျက်ရှိသော ရှင်ဘုရင်တစ်ပါးကို မိမိအားခင်မင်လာအောင် ပြုလုပ်နိုင်လျှင် နေ့စဉ်နေ့တိုင်း သင်နှင့်ချီးကျူးခြင်းတို့သည် မည်ကဲ့သို့သော အကျိုးများ ပြီးစီးအောင် လုပ်နိုင်မည်ကို သင်ကိုယ်တိုင် တွေး၍သာ ကြည့်ပါတော့။ ထိုနည်းကို အသုံးချတတ်လျှင် ပေါင်းသင်းဆက်ဆံရာတွင် အလွန်ထူးသောအကျိုးများကို သင်သည် တွေ့ရှိရမည်ဖြစ်၏။
တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေဘဲ စိတ်ပြောင်းလာအောင် လုပ်လိုလျှင် တစ်ဖက်သားကို အပြစ်မပြောမီ သင်၏အမှားများကို ဖော်ပြပါ။