ဝန်ထမ်းက လုပ်ငန်းရဲ့ အသည်းနှလုံး၊ အလုပ်ရှင် က လုပ်ငန်းရဲ့ အသက်သွေးကြော~~~~
မေးခွန်း(၂)
စာချုပ်ပါ အချက်အလက်တွေကို သေချာမဖတ်မိရင် ဘာတွေကြုံရနိူင်လဲ။
ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ရနိူင်ပါတယ်။ အပေါ်က ပြောခဲ့တဲ့အတိုင်း လစာနှုန်းထား ကွာဟမှုတွေ၊ အလုပ်ချိန် ကွာဟမှုတွေ၊ အလုပ်နားရက် ခံစားခွင့် လျော့နည်းနေတာတွေ၊ အချိန်ပို ခံစားခွင့်မရတာတွေ၊ နစ်နာကြေး မရတာတွေ စသဖြင့် ကြီးကြီးမားမား လွဲချော်နစ်နာမှုတွေ ကြုံရနိူင်ပါတယ်။
မေးခွန်း(၃)
စာချုပ်ထဲမှာ ကိုယ်သဘောမကျတဲ့ ကန့်သတ်ချက်တွေ ပါလာမယ် ဆိုရင် အလုပ်ရှင် နဲ့ ဘယ်လိုညှိနှိုင်းနိူင်မလဲ။
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ကြေငြာချက် အမှတ်၊ ၁/၂၀၀၅၊ ၂၀၁၂ အလုပ်သမား အငြင်းပွားမှု ဆိုင်ရာ ဥပဒေ၊ ၂၀၁၃ ခုနစ် အနည်းဆုံး အခကြေးငွေဥပဒေ၊ ၂၀၁၃ ခုနစ် အလုပ်အကိုင် ကျွမ်းကျင်မှုဖွံ့ဖြိုးမှုတိုးတက်ရေး ဥပဒေ အစရှိတဲ့ ဥပဒေတွေကို လက်ကိုင်ပြုပြီး ဖြေရှင်းကြရမှာ ဖြစ်ပါတယ်။ ဥပဒေမှာ အတိအကျ ပြဋ္ဌာန်းပြီးသား ဖြစ်ပါတယ်။ အလုပ်ရှင်ဘက်က အလုပ်ရှင် အခွင့်အရေးရှိသလို အလုပ်သမား ဘက်ကလည်း အလုပ်သမား အခွင့်အရေး ရှိပါတယ်။ သဘော မကျဘူး။ ကျတယ် ဆိုတာထက် ဥပဒေနဲ့ညီဖို့ ပိုအရေးကြီးပါတယ်။ မှားနေသူက လျှော့ပေးရမှာပါ။ နှစ်ဦးစလုံး မှန်နေတယ်ဆိုရင် ဖြစ်တန်စွမ်းကို ညှိနှိုင်းပြီး ဥပဒေနဲ့ညီအောင် လုပ်ရပါလိမ့်မယ်။
မေးခွန်း(၄)
ကိုယ်အမှတ်တမဲ့ ထိုးလိုက်မိတဲ့ စာချုပ်ကြောင့် ဒုက္ခရောက်နေပြီ ဆိုရင် ဘာတွေလုပ်လို့ရမလဲ။
ဒီမေးခွန်းကို မဖြေခင် မေးခွန်းနည်းနည်း ပြန်မေးချင်ပါတယ်။ ဘာကြောင့် အမှတ်တမဲ့ ထိုးရတာလဲ။ မသိလို့လား။ ဒီလို လုပ်ခြင်းက အခြေအနေတွေကို များစွာ ရှုပ်ထွေးသွားစေ ပါတယ်။ တစ်ပန်းနိမ့်တယ်ပေါ့ဗျာ။ အမြတ်ထုတ်လည်း ခံသွားရနိူင်တယ်ပေါ့။ ဒါကြောင့် ဒီနေရာမှာ ကိုယ်ကမသိရင်တောင် ကျွမ်းကျင်သူတွေကို တိုင်ပင်ပြီးမှ လက်မှတ်ရေးထိုးသင့်တဲ့ ကိစ္စဖြစ်ပါတယ်လို့ အရင် အကြံပေးလိုပါတယ်။ အဲဒီလို ရေးထိုးလိုက်ပြီ ဆိုရင်တော့-
(၁) မသိနားမလည်မှုကြောင့် ရေးထိုးလိုက်တာဖြစ်ကြောင်း အလုပ်ရှင်ကို ပွင့်ပွင့်လင်းလင်း ပြောပါ။ ဆွေးနွေးပါ။ စာချုပ်ပါ အချက်တွေကို ပြန်လည်ညှိနှိုင်းပါ။
(၂) မရဘူးဆိုရင် သက်ဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းတွေကို အကူအညီ တောင်းနိူင်ပါတယ်။ ဥပဒေ အကျိုးဆောင်တွေရဲ့ အကူအညီကိုလည်း ယူနိူင်ပါတယ်။ အလုပ်ရှင်၊ အလုပ်သမား ပြန်လည် ညှိနှိုင်း ဆွေးနွေးမှုတွေကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။
မေးခွန်း(၅)
စာချုပ်ပါ အခွင့်အရေးတွေ ချိုးဖောက်ခံနေရပြီဆိုရင် ဥပဒေအရ အခွင့်အရေး ပြန်ရအောင် ဘယ်လို တောင်းဆိုလို့ရမလဲ။
ပထမဆုံး လုပ်ရမှာက ညှိနှိုင်း အဖြေရှာဖို့ ဖြစ်ပါတယ်။
(၁) အလုပ်ရှင်နှင့် တိုက်ရိုက် ဆွေးနွေးပါ။ စာချုပ်ပါ အခွင့်အရေးတွေကို တောင်းဆိုပါ။
(၂) ညှိနှိုင်း၍ အဆင်မပြေလျှင် အလုပ်သမား အဖွဲ့အစည်းများမှ တစ်ဆင့်သော်လည်းကောင်း၊ ဥပဒေ အကျိုးဆောင်များမှ သော်လည်းကောင်း ဆက်သွယ် ညှိနှိုင်းရန် ကြိုးစားပါ။
(၃) နောက်ဆုံးအခြေအနေကတော့ ဥပဒေလမ်းကြောင်းအရ ရင်ဆိုင်ခြင်းပဲ ဖြစ်ပါတယ်။
မေးခွန်း(၆)
စာချုပ်ချုပ်တဲ့အခါမှာ လုပ်ငန်းရှင်ရော၊ ဝန်ထမ်းဘက်ကရော ဘယ်လိုအချက်တွေကို လိုက်နာဖို့ လိုမလဲ။
ပြည်ထောင်စု သမ္မတမြန်မာနိူင်ငံတော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန။ ကြေငြာချက်အမှတ်၊ ၁/၂၀၀၅ မှာ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ အပေါ်မေးခွန်း တွေမှာ ဖြေခဲ့ပြီးသားပါ။ ကျွန်တော် ထပ်ပြောပါမယ်။ ကြေငြာချက် အမှတ်၊ ၁/၂၀၀၅၊ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှု ဆိုင်ရာမှာ လိုအပ်ရင် လိုအပ်သလို ၂၀၁၃ ခုနစ် အလုပ်အကိုင် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကိုလည်း လိုက်နာ ကြရ ပါမယ်။ ပုဒ်မတွေကိုတော့ အကျယ်ချဲ့ပြီး မပြောလိုတော့ပါဘူး။ ဒီအတိုင်း စာချုပ်ချုပ်ကြရပါတယ်။
မေးခွန်း(၇)
ကိုယ်လုပ်နေတဲ့ လုပ်ငန်းစာချုပ်ပါ အချက်တွေက မမျှတဘူးလို့ ယူဆရင် ဘယ်သူတွေကို ဘယ်လိုနည်းနဲ့ အကူအညီတောင်းလို့ ရမလဲ။
မြန်မာနိုင်ငံမှာ အလုပ်သမား အကူအညီပေးရေး အဖွဲ့အစည်းတွေ အတော်များများ ရှိနေပါပြီ။ အကူအညီ ပေးနေတဲ့ ဥပဒေ အတိုင်ပင်ခံ လုပ်ငန်းတွေလည်း ရှိနေကြပါပြီ။ ဒီအဖွဲ့အစည်းတွေကို အကူအညီ တောင်းနိူင်ပါတယ်။ ဒီနေရာမှာ ကြေငြာဝင်ရမယ်ဆိုရင် ဖိုးဖြူနဲ့ ရောင်းရင်းများ ကိုလည်း အကူအညီ တောင်းနိူင်ပါတယ်။ PRO BONO လို့ခေါ်တဲ့ ဥပဒေ ပရဟိတ အကျိုးဆောင်ခြင်းက ကျွန်တော်တို့ လုပ်ငန်းရဲ့ အဓိကရည်မှန်းချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ အမှန်တရားအတွက် ရပ်တည်ဖို့ ဖိုးဖြူ အသင့် ရှိနေပါတယ် ခင်ဗျား။
မေးခွန်း(၈)
ကိုယ့်အခွင့်အရေး ကိုယ်တောင်းဆိုပေမယ့် မရလာရင် ဘာဆက်လုပ်နိူင်မလဲ။
အချိန်အခက်အခဲကြောင့် တိုတိုပဲ ဖြေပါ့မယ်။ အလုပ်သမား ဝန်ကြီးဌာနကနေတစ်ဆင့် တိုင်ကြားပါ။ အဖွဲ့အစည်းတွေက အကူအညီတွေရယူပါ။ ဥပဒေအရ ရင်ဆိုင်ပါ။ ရသင့်သည့် အခွင့်အရေးများကို ဥပဒေအရ တောင်းယူပါ။ အလုပ်ရှင်၊ အလုပ်သမားကြားက သဘောတူညီစာချုပ်များ။
တကယ်တော့ အလုပ်ရှင် နဲ့ အလုပ်သမားဆိုတာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပါပဲ။ ရေမြင့်ရင် ကြာတင့်တယ် ဆိုသလို လုပ်ငန်း အောင်မြင်လာလေလေ အလုပ်သမားရဲ့ ဘဝအခြေအနေကလည်း မြင့်မားလာဖို့ လိုပါတယ်။ ဒီလို နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့် အရေးမှာ နဂိုကတည်းက ခိုင်မာတဲ့ သဘော တူညီချက်တွေ ရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။ ဒါမှသာ လုပ်ငန်းခွင် အတွင်းမှာ ဖြစ်ပေါ်လာနိူင်ခြေရှိတဲ့ အငြင်းပွားမှုပြဿနာတွေ၊ ထိခိုက်နစ်နာမှုတွေကို အထိရောက်ဆုံးနည်းလမ်းနဲ့ မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန် ဖြေရှင်းနိူင်မှာပဲဖြစ်တယ်။ ဒါကြောင့် လုပ်ငန်းခွင် အတွင်းမှာ အလုပ်ရှင်နဲ့ အလုပ်သမားတို့အကြားက သဘော တူညီချက်တွေနဲ့ ပတ်သတ်ပြီး အဓိက လိုအပ်မယ့် အချက်တွေကို ဆက်လက်ဖော်ပြပေးပါမယ်။ ဒီလို ဖော်ပြတဲ့နေရာမှာ ဝန်ထမ်းတွေ လိုက်နာရမယ့် စည်းကမ်းပိုင်းနဲ့ အလုပ်ရှင်တွေရဲ့ ဝတ္တရားဆိုပြီး နှစ်ပိုင်းကွဲပြားပါတယ်။
ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းများ။
အလုပ်ရှင် အလုပ်သမား သဘောတူညီမှုဆိုင်ရာ သဘောတူ စာချုပ်ပုံစံနှင့် အလုပ်အကိုင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းချက် တွေကို (၃၅)ချက်တိတိ ပြဋ္ဌာန်းပေးထားသလို ကြီးလေးတဲ့ ပြစ်မှု (၅) ချက်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ အလုပ်သမားတစ်ဦး အနေနဲ့ အဆိုပါ ကြီးလေးတဲ့ ပြစ်မှု တစ်ခုခုကို ကျူးလွန်ခဲ့မယ် ဆိုရင်တော့ အလုပ်ထုတ်ခံရမှာ ဖြစ်သည့်အပြင် နစ်နာကြေးလည်း တစ်စုံတစ်ရာပေးရန် တာဝန်မရှိကြောင်း အဆိုပါ ဥပဒေက တိတိကျကျ ဖော်ပြထားပါတယ်။
ဥပဒေမှာ ဖော်ပြထားသော (၃၅)ချက်ရှိပေမယ့် လုပ်ငန်းခွင်တိုင်းမှာ သာမန်အားဖြင့် သတ်မှတ်ထားပြီး ဖြစ်တဲ့ စည်းကမ်းချက်မျိုး တွေကို မဖော်ပြလိုပါဘူး။ ဥပမာ – လုပ်ငန်းခွင် ရောက်ပြီးမှ ပြင်ပသို့ ထွက်ခွာခြင်းမပြု ဆိုတာမျိုး။ ဒါမျိုးအချက်တွေကတော့ လုပ်ငန်းခွင် အမျိုးအစားကိုလိုက်ပြီး ဆီလျော်အောင် သတ်မှတ် ကျင့်သုံးရတာမျိုးတွေလည်း ရှိပါတယ်။ အောက်ဖော်ပြပါ စည်းကမ်းချက်တွေကတော့ အဓိက ဖြစ်သလို မဖြစ်မနေ ကျင့်သုံး ရမယ့် အချက်တွေလည်း ဖြစ်ပါတယ်။
၁။ စက်ရုံပိုင်၊ ကုမ္ပဏီပိုင် ပစ္စည်းများကို မိမိကိုယ်ကျိုးအတွက် အသုံးမပြုရ။
၂။ မိမိတာဝန်ကျသည့်နေရာမှ ကြောင်းကျိုးမဲ့ ကင်းကွာခြင်း မပြုရ။
၃။ အလုပ်ချိန်အတွင်း ခွင့်ပြုချက် မရရှိဘဲ ငွေကြေးနှင့် ပတ်သတ်သော ကိစ္စများ ဆောင်ရွက်ခြင်းမပြုရ။ (ဥပမာ – အလှူခံခြင်း၊ ရန်ပုံငွေလက်မှတ်များ ရောင်းချခြင်း၊ ငွေချေးခြင်း၊ အတိုးပေးခြင်း၊ လစာလွှဲပြောင်းခြင်း)
၄။ လုပ်ငန်းခွင်အတွင်း သက်ဆိုင်ရာမှ ခွင့်ပြုချက်မရဘဲ စာရွက်စာတမ်းများ ဖြန့်ဝေခြင်း၊ ရောင်းချခြင်း မပြုရ။
၅။ ကုမ္ပဏီစက်ရုံ၏ ဂုဏ်သိက္ခာ ကျဆင်းစေရန် ပြုမူပြောဆိုခြင်း၊ စည်းရုံးခြင်း၊ လှုံဆော်ခြင်း မပြုရ။
၆။ ရည်ရွယ်ချက်ဖြင့် တမင် လုပ်ငန်းကျဆင်းစေရန် စွမ်းဆောင်ရည် လျှော့ချခြင်း မပြုရ။
၇။ အလုပ်သမားသည် တမင်တကာ ရည်ရွယ်ပြီး ထုတ်ကုန်ပစ္စည်း ဖျက်ဆီးဖြင်း၊ အမျိုးအစား လွဲမှားပြီး ထုတ်ပိုးခြင်း မပြုရပါ။ ပြုလုပ်ပါက ကုမ္ပဏီ၏ အမည်နှင့် ဂုဏ်သတင်းထိခိုက်မှုအပေါ် မူတည်ပြီး ပစ္စည်းတန်ဖိုး ပေးလျော်ရမည်။
၈။ လုပ်ငန်းခွင်အတွင်း လုပ်ငန်းခွင် အေးချမ်းသာယာရေးကို သော်လည်းကောင်း၊ ကုန်ပစ္စည်းထုတ်လုပ်မှု တိုးတက်ရေးကို သော်လည်းကောင်း၊ ထိခိုက်စေနိူင်သည့် တရားမဝင် အဖွဲ့အစည်း များဖွဲ့စည်းခြင်း၊ ဖွဲ့စည်းရန် စည်းရုံးလှုံဆော်ခြင်း၊ လှုပ်ရှား ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ အလုပ်မဆင်းစေရန် နှိုးဆော်ခြင်းများကို မပြုလုပ်ရ။
ဝန်ထမ်းတစ်ဦးအတွက် ကြီးလေးတဲ့ အပြစ်(၅)မျိုးဆိုပြီး ဥပဒေမှာ ခွဲခြားဖော်ပြပေးထားပါတယ်။ ဒါပေမဲ့လည်း လုပ်ငန်းခွင်အလိုက် ခြားနားချက်တွေ ရှိနိူင်ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ဟာသလေး တစ်ခု ပြောချင်ပါသေးတယ်။ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား နှစ်ဦး အချီအချ စကားပြောကြပုံလေးပါဗျာ။ တစ်ဦးကမေးတယ်။ ခင်ဗျားအမှုက ဘယ်လောက်ကြီးလို့ ထောင်ကျခံရတာလဲပေါ့။ အမေးခံရတဲ့ အကျဉ်းသားက ပြန်ဖြေပါတယ်။ ငါက ပြူတင်းပေါက်မှန်လေး ခွဲလိုက်မိတာပါတဲ့။ ဘာဗျ….ပြတင်းပေါက်မှန်လေး ခွဲမိတာနဲ့ ထောင်ကျရတယ် လို့ဆိုတော့။ ငါက ရေငုပ်သင်္ဘောမှာ တာဝန်ထမ်းဆောင်တာလေ တဲ့လေ။ ဆိုလိုချင်တာက လုပ်ငန်းခွင်ရဲ့ သဘောသဘာဝပေါ် မူတည်ပြီးတော့လည်း အလုပ်သမားတစ်ဦးကျူးလွန်တဲ့ ကြီးလေးတဲ့ အပြစ်က ကွဲပြားမှု ရှိနေပါလိမ့်မယ်။
ဥပဒေအရ ဖော်ပြတဲ့ ကြီးလေးတဲ့ ပြစ်မှု(၅)မျိုးကတော့ –
၁။ ခိုးမှုကျူးလွန်ခြင်း၊ ခိုးရာပါ ပစ္စည်းလက်ခံထားခြင်း၊ အလွဲသုံးစား ပြုလုပ်ခြင်း၊ အလွဲသုံးစားပြုလုပ်ရာတွင် ပါဝင်ကူညီခြင်း။
၂။ စက်ရုံ၊ ကုမ္ပဏီလုပ်ငန်းပိုင် ပစ္စည်းတစ်ခုခုကို တမင်သက်သက် ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ ဆုံးရှုံးစေခြင်း။
၃။ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းအချင်းချင်း ကိုယ်ထိလက်ရောက် ခိုက်ရန်ဖြစ်ပွားခြင်း၊ ရုန်းရင်းဆန်ခတ် ဖြစ်စေခြင်း၊ တစ်စုံတစ်ဦးအား အပြင်းအထန် ထိခိုက်နာကျင်မှု ဖြစ်စေရန် ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း၊ စကားများ ရန်ဖြစ်ရိုက်နှက်ခြင်း။
၄။ အကျင့်စာရိတ္တပျက်ပြားမှုနှင့် စပ်လျဉ်းသည့် ရာဇဝတ်မှု ကျူးလွန်ခြင်း။
၅။ မရိုးသားမှု၊ လိမ်လည်မှု၊ လာဘ်ပေး၊ လာဘ်ယူမှု ပြုလုပ်ခြင်း။
အပြန်အလှန်မှီခိုပြီး ဘုံအကျိုးစီးပွားအတွက် ပူးပေါင်း လုပ်ဆောင် ကြရတာဖြစ်လို့ အလုပ်သမားအတွက် စည်းကမ်းချက်တွေရှိရမှာ ဖြစ်သလို အလုပ်ရှင်အတွက်လည်း လိုက်နာဆောင်ရွက်ရမယ့် တာဝန်ဝတ္တရားတွေ ရှိပါတယ်။ အဆိုပါ တာဝန်တွေ ဝတ္တရား တွေဟာ မိမိလုပ်ငန်းရဲ့ အရေးအကြီးဆုံး အရင်းအမြစ် တစ်ခုဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ်တွေပေါ်မှာ ထိခိုက်နစ်နာမှု မဖြစ်အောင် သတ်မှတ်ထားတာ ဖြစ်သလို လုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေး အတွက်လည်း အရေးပါနေသောကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မဖြစ်မနေ လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
အလုပ်ရှင်၏ တာဝန်ဝတ္တရားများ။
(က) အလုပ်ရှင်က စာချုပ်ဖောက်ဖျက်ခြင်း၊ လုပ်ငန်းအပြီးပိတ်သိမ်းခြင်း၊ လွှဲပြောင်းရောင်းချခြင်း၊ လုပ်ငန်းရပ်ဆိုင်းခြင်း၊ လုပ်သားအင်အား လျှော့ချခြင်းတို့အတွက် အလုပ်သမားများအား သက်ဆိုင်ရာ ဥပဒေများနှင့်အညီ နစ်နာကြေးပေးရမည်။
(ခ) ခိုင်လုံသော အကြောင်းပြချက်ဖြင့် အလုပ်ရှင်က လုပ်ငန်း ယာယီပိတ်သိမ်းရပါက ပိတ်သိမ်းထားသည့် ကာလအတွင်း အလုပ်ရှင်နှင့် အလုပ်သမား ညှိနှိုင်းသဘောတူညီသည့် နှုန်းထားဖြင့် လုပ်ခ၊ လစာကို ပေးရမည်။
(ဂ) အလုပ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ ကိုယ်အင်္ဂါအစိတ်အပိုင်း ချို့ယွင်းပျက်စီးမှု၊ ရောဂါရရှိမှု၊ သေဆုံးမှုတို့အတွက် ဥပဒေနှင့်အညီ သက်ဆိုင်ရာ အလုပ်သမား သို့မဟုတ် အမွေဆက်ခံခွင့်ရှိသူအား ရထိုက်သည့် လျော်ကြေးကို ပေးရမည်။
(ဃ) လုပ်ခ၊ လစာများကို လုပ်သားအင်အား ၁၀၀ ဦးထက် မပိုပါက လုပ်ခပေးရန် ကာလအပိုင်းအခြား ကုန်ဆုံးသည့်နေ့တွင် လည်းကောင်း၊ လုပ်သားအင်အား ၁၀၀ ဦးထက်ပိုပြီး ၅၀၀ ဦးထက်မပိုပါက လုပ်ခပေးရန် ကာလအပိုင်းအခြား ကုန်ဆုံးပြီး နောက်ငါးရက်အတွင်းလည်းကောင်း၊ လုပ်သားအင်အား ၅၀၀ ထက်ပိုပြီး ၁၀၀၀ ထက်မပိုပါက လုပ်ခပေးရန် ကာလအပိုင်းအခြား ကုန်ဆုံးပြီး ၇ ရက်အတွင်း လည်းကောင်း၊ လုပ်သားအင်အား ၁၀၀၀ ထက်ပိုပါက လုပ်ခပေးရန် ကာလအပိုင်းအခြား ကုန်ဆုံးပြီး နောက် ၁၀ ရက်အတွင်းလည်းကောင်း ပေးချေရမည်။ အဆိုပါ နေ့ရက်သည် အလုပ်ပိတ်ရက်နှင့် တိုက်ဆိုင်နေလျှင် ထိုနေ့မတိုင်မီ တစ်ရက်အလိုတွင် ထုတ်ပေးရမည်။ လုပ်ခပေးရန်ကာလကို တစ်လထက် မပိုစေရ။
(င) အလုပ်သမား အဖွဲ့အစည်းဝင်ဖြစ်မှု၊ လူမျိုး၊ ဘာသာ၊ ကျား/မ၊ အသက်အရွယ် ကွာခြားမှုတို့အပေါ် မူတည်၍ ခွဲခြားဆက်ဆံခြင်း၊ တန်းတူအခွင့်အရေး မပေးခြင်းတို့ကို မပြုလုပ်ရ။
(စ) မြန်မာနိူင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သည့် နိူင်ငံခြားသား အလုပ်ရှင်များ၊ ကြီးကြပ်သူများ၊ ပညာရှင်များနှင့် မိသားစုဝင် များသည် မြန်မာနိူင်ငံ၏ တည်ဆဲဥပဒေများ၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို လေးစား လိုက်နာရမည့်အပြင် ပြည်တွင်းရေးရာ ကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်ရန် တာဝန်ယူရမည်။
(ဆ) တည်ဆဲအလုပ်သမားရေးရာ ဥပဒေများကို လေးစား လိုက်နာ ရမည်။
(ဇ) ဥပဒေနှင့်အညီ တရားစွဲဆိုခွင့်နှင့် တရားစွဲဆိုခံနိူင်ခွင့်ရှိရမည်။