95_0

ဆော့ခရတ္တိ၏ ဝမ်းဆွဲဥပမာ (ဝါ) ဆော့ခရတ္တိနည်း (အပိုင်း – ၁)

နိဒါန်း

ဆော့ခရတ္တိ၏ ဝမ်းဆွဲဥပမာ (ဝါ) ဆော့ခရတ္တိနည်း (အပိုင်း – ၁) >> အောက်ပါစာပိုဒ်များသည် ပလေးတိုး၏ သီတိတကထာမှ ကောက်နုတ်သော စာပိုဒ်များ ဖြစ်သည်။ သီတိတကထာသည် ကော်ရင့်စစ်ပွဲတွင် ကျဆုံးခဲ့သော အာဇာနည်ယောက်ျားကောင်း အက်သင်းမြို့သား သီတိတကို အကြောင်းပြု၍ အမည်ပေးထားသော ကထာ ဖြစ်သည်။ တစ်နည်းဆိုသော် သီတိတဘွဲ့ ဖြစ်သည်။ သီတိတ ကျောင်းသားအရွယ်တွင် ရှိစဉ်က ဆော့ခရတ္တိနှင့် သီတိတတို့ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်ကို ပလေးတိုးက ရေးခဲ့ခြင်း ဖြစ်သည်။

သီတိတ ကျောင်းသားအရွယ်တွင် သီအိုဒေါရ အမည်ရှိသော ဂျီသြမေတြီဆရာကြီးသည် အက်သင်းမြို့သို့ လာ၍ လူငယ်တို့အား ဂျီသြမေတြီပညာကို သင်ပြလေ့ ရှိသည်။ ဆော့ခရတ္တိနှင့် သီအိုဒေါရတို့ တွေ့ကြသောအခါ ဆော့ခရတ္တိက သီအိုဒေါရ၏ တပည့်များ အကြောင်းကို မေးရာမှအစ ဆော့ခရတ္တိသည် သူငယ်သီတိတနှင့် တွေ့ဆုံခွင့်ရ၍ စကားဝိုင်း ဖြစ်ခဲ့ဖူးသည်။ ဆွေးနွေးသော အကြောင်းအရာသည် သိလာခြင်း (ဝါ) အသိတရား ရှိလာခြင်း ဖြစ်သည်။

အောက်ပါစာပိုဒ်များသည် ပလေးတိုး၏ ကထာစာတမ်းတိုင်းလိုလိုတွင်ပင် ဆော့ခရတ္တိ အသုံးပြုလေ့ရှိသော သိပ္ပံနည်းကျ မေးမြန်းစိစစ်နည်းအကြောင်းကို (ဝါ) ဆော့ခရတ္တိနည်းအကြောင်းကို (ဝါ) အနုယောဇနာနည်းအကြောင်းကို ဝမ်းဆွဲဥပမာပေး၍ ဖော်ပြသော အစိတ်အပိုင်း ဖြစ်သည်။ ဆော့ခရတ္တိနည်းဆိုသည်မှာ စကားဝိုင်းတွင်သော်လည်းကောင်း၊ မိမိ၏ စိတ်ထဲတွင်လည်းကောင်း အပြန်အလှန် မေးမြန်းခြင်း၊ စိစစ်ခြင်းပြု၍ အမှန်သို့ရောက်အောင် ဆင်ခြင်သောနည်း ဖြစ်သည်။ အဆိုအမိန့်တစ်ခု မှန် မမှန် စိစစ်ရာတွင် စိစစ်အပ်သော အဆို၏သဘောအဓိပ္ပာယ်ကို ရှေးဦးစွာ မေးမြန်းစိစစ်၍ ဖွင့်ဆိုခြင်း ဖြစ်သည်။ ခြုံငုံသော သဘောအဓိပ္ပာယ် အမှန်ကို မရသေးလျှင် အဆိုသစ်တစ်မျိုး တင်၍ အဖွင့်ခိုင်းပြန်သည်။ ထို့နောက် ညှိအပ်သော ဖြစ်ရပ်အမှန်တို့နှင့် ညှိ၍ စိစစ်ပြန်သည်။ ဤသို့ တစ်ဆင့်ပြီးတစ်ဆင့် မေးမြန်းစိစစ်ခြင်းဖြင့် အမှန်ကိုရအောင် အားထုတ်ခြင်း ဖြစ်သည်။ ဤကောက်နုတ်ချက်တွင် အမှန်ကိုရအောင် အသုံးပြုလေ့ရှိသော ဆော့ခရတ္တိ၏ မေးမြန်းစိစစ်ပုံသည် သားဖွားလာအောင် ပြုတတ်သော ဝမ်းဆွဲ၏ အလုပ်နှင့် တူကြောင်း ဆိုခဲ့သည်ကို ဆင်ခြင်ရန် ဖြစ်သည်။ ထို့ပြင် လူငယ်တို့၏ ပညာရေးတွင် ဆော့ခရတ္တိ စိတ်ဝင်စားပုံ၊ လူငယ်တို့နှင့် အလိုက်သင့်ပြောကာ ဆွေးနွေး၍ ပညာပေးတတ်ပုံ၊ ဟာသနှောတတ်ပုံတို့ကိုလည်း တွေ့နိုင်သည်။ ဆော့ခရတ္တိနည်းအတွက် အသင့်တော်ဆုံးဖြစ်သော သာဓကကို မီနို ကထာ မှ ကောက်နုတ်သော ‘ဆော့ခရတ္တိ၏ ဂုဏ်သိက္ခာ အယူအဆ (က) နှင့် ဆော့ခရတ္တိ၏ ပညာသင်ကြားခြင်း အယူအဆ’ တို့ ဆိုင်ရာ စာပိုဒ်များတွင် တွေ့နိုင်သည်။

စာပိုဒ် (က)

ဆော့ခရတ္တိ။  ။ အချင်း သီအိုဒေါရ၊ အသင်တို့၏ စိုင်ရီနိမြို့အကြောင်းကိုသာ ကျွန်ုပ်သိချင်သည်ဖြစ်လျှင် ထိုအကြောင်းကိုသာ ကျွန်ုပ်မေးမည် ဖြစ်သည်၊ စိုင်ရီနိမြို့က လူငယ်များသည် အသင်၏ ဂျီသြမေတြီပညာတွင် စိတ်ဝင်စားကြပါ၏လော၊ သို့တည်းမဟုတ် အဘယ်ပညာတွင် စိတ်ဝင်စားကြပါသနည်း၊ ဤသို့ မေးမည်ဖြစ်သည်။ သို့ရာတွင် စိုင်ရီနိမြို့အကြောင်းထက် ဤအက်သင်းမြို့အကြောင်းကို ကျွန်ုပ် ပို၍ သိချင်သည်။ ထွန်းထွန်းပေါက်ပေါက် ဖြစ်လာနိုင်မည့် လူငယ်များကို အက်သင်းမြို့တွင် အသင် တွေ့ပါသလော၊ အသင် တွေ့ မတွေ့ ကျွန်ုပ် အလွန် သိချင်ပါသည်။ ကျွန်ုပ်သည် ထိုသတင်းမျိုးပေးနိုင်သော သူများထံသို့ သွား၍ ကိုယ်တိုင် စုံစမ်းလေ့ရှိသည်၊ ယခုအခါတွင် အသင်သည် ဤအက်သင်းမြို့တွင် ဂျီသြမေတြီပညာကို လူငယ်များအား သင်ပြနေသည်ဖြစ်ရာ အသင့်ထံသို့ လူငယ်အများအပြားလာ၍ ဆည်းပူးရသည်မှာ အထင်အရှား ဖြစ်သည်၊ ထို့ကြောင့် အသင့်ကို မေးစမ်းပါရစေ၊ အသင့်ထံသို့ လာကြသော လူငယ်အပေါင်းတွင် အလားအလာရှိသော လူငယ်များကို အသင် အကဲခတ်မိပါသလော။

သီအိုဒေါရ။  ။ ဆော့ခရတ္တိ၊ လူငယ်တစ်ယောက်ကို ကျွန်ုပ် အကဲခတ်မိသည်။ အသင်တို့ အက်သင်းမြို့သားထဲက ဖြစ်သည်။ သူ့အကြောင်းကို ကျွန်ုပ်ကလည်း ပြောပြချင်သည်၊ အသင်ကလည်း နားထောင်ချင်မည် ထင်သည်။ အကယ်၍သာ ဤသူငယ်သည် လူချောလူလှထဲကဖြစ်လျှင် ကျွန်ုပ်ကိုယ်တိုင်က မျက်စိကျနေသောကြောင့် သူ့ကို ကျွန်ုပ်က စန်းတင်သည်ဟု ထင်ကြပေလိမ့်မည်။ စင်စစ်မှာ ဤသူငယ်သည် လူချောလူလှထဲက မဟုတ်ပါ။ အသင် စိတ်မရှိပါနှင့်၊ ဤသူငယ်သည် အသင်ကဲ့သို့ အရုပ်ဆိုးသည်၊ သူ့နှာခေါင်းသည် တိုသည်၊ တိုသည့်အပေါ် လန်နေသေးသည်၊ မျက်လုံးသည် ပြူးထွက်နေသည်၊ အသင့်လောက် အရုပ်မဆိုးလှဟုသာ ဆိုနိုင်သည်၊ ထို့ကြောင့် သူ့ကို ကျွန်ုပ်က ရဲရဲဝံ့ဝံ့ ရွေး၍ စိတ်ချလက်ချ စန်းတင်ခြင်း ဖြစ်သည်။ ကျွန်ုပ်သည် လူငယ်များစွာနှင့် တွေ့ဖူးသည်၊ သို့ရာတွင် သူ့လောက်တော်သော သူငယ်မျိုး၊ သူ့လောက်ကောင်းသော သူငယ်မျိုးကိုကား ကျွန်ုပ်မကြုံဖူးပါ။ ဤသူငယ်တွင် ထက်မြက်သော ဉာဏ်လည်း ရှိသည်၊ သိမ်မွေ့သော စိတ်ထားလည်း ရှိသည်၊ ရင်ဆိုင်ရဲသော သူရသတ္တိလည်းရှိသည်၊ထိုအင်္ဂါသုံးရပ်နှင့် ပြည့်စုံသော သူငယ်မျိုး ရှိလိမ့်မည်ဟု ကျွန်ုပ် မတွေးမထင်မိပါ။ ယခုသော် အကယ်ပင် ကြုံခဲ့ရပါသည်။ အချို့သူငယ်များတွင် သူ့မှာကဲ့သို့ ထက်မြက်သောဉာဏ် ရှိကြပါ၏။ သို့ရာတွင် စိတ်တိုတတ်ကြသည်၊ ဖြုန်းခနဲ သတိလွတ်၍ အောက်ခံဝန်လေးမရှိသော သင်္ဘောကဲ့သို့ လွင့်ချင်ရာသို့ လွင့်တတ်ကြသည်။ ထိုသူငယ်များတွင် သူရသတ္တိ ရှိကြပါ၏၊ သို့ရာတွင် စိတ်ဆတ်ချင်ကြသည်။ အချို့ သူငယ်များမှာ အေးအေးမှန်မှန် ပြုတတ်ကြပါ၏၊ သို့ရာတွင် စာအခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ နောက်တွန့်နှေးကွေး၍ အမေ့မေ့အလျော့လျော့ ဖြစ်တတ်ကြသည်။ ဤသူငယ်ကား ထိုသို့ မဟုတ်ပါ။ ဆီသည် အသက်အသံမပြုဘဲ ညင်ညင်သာသာ စီးဆင်းတတ်သကဲ့သို့ ဤသူငယ်သည် သိမ်သိမ်မွေ့မွေ့ ချောချောမောမော ပြုတတ်သည်၊ အသက်အရွယ်နှင့် မလိုက်အောင် အံ့သြစရာကောင်းသော သူငယ် ဖြစ်သည်။

ဆော့။  ။ အချင်း သီအိုဒေါရ၊ မင်္ဂလာရှိသော သတင်းစကားပါပေတည်း၊ သူ့ဖခင်သည် မည်သူနည်း၊ အက်သင်းမြို့ကလော။

သီအို။  ။ သူ့ဖခင်၏ အမည်ကို ကျွန်ုပ်ကြားဖူးပါ၏၊ သို့ရာတွင် မမှတ်မိတော့ပါ။ သူ့ဖခင်၏ အမည်က အရေးမဟုတ်လှပါ။ ကျွန်ုပ်တို့ဆီသို့ ယခု လျှောက်လာနေကြသော သူငယ်များကို အသင် မြင်ပါ၏လော၊ အလယ်က သူငယ်သည် ကျွန်ုပ်ပြောသော သူငယ် ဖြစ်သည်။ ထိုသူငယ်တစ်စုသည် အားကစားရုံအပြင်ဘက်တွင် ခြေလက်တို့ကို နှိပ်နယ်ခြင်း၊ ဆီလူးခြင်းကိစ္စ ပြီးကြသဖြင့် ပြန်ဝင်လာကြခြင်း ဖြစ်ဟန်တူသည်။ ဆော့ခရတ္တိ၊ သူ့ကို ကြည့်စမ်းပါ၊ အသင် သိပါ၏လော။

ဆော့။  ။ ဟုတ်ပြီ၊ ကျွန်ုပ်သတိရလာပြီ၊ ဆုန္နိအန်ကျွန်းသာ ဖြစ်သော ယူဖရိုနိအ၏ သားဖြစ်သည်။ ယူဖရိုနိအလည်း လူတော်လူကောင်းတစ်ယောက် ဖြစ်သည်၊ သူပိုင်ပစ္စည်းဥစ္စာတို့ကို အမွေအဖြစ်ထားခဲ့နိုင်သူ ဖြစ်သည်၊ သူငယ်၏ အမည်ကိုကား ကျွန်ုပ် မသိပါ။

သီအို။  ။ သူငယ်၏အမည်သည် သီတိတ ဖြစ်သည်။ သူငယ်သည် အမွေပစ္စည်း အတော်အတန် ရလိုက်သည်မှာ မှန်ပါသည်၊ သို့ရာတွင် အမွေထိန်းတို့က ဖြုန်းလိုက်ကြသဖြင့် ကုန်ပါပြီ၊ သို့ရာတွင် ဤ သူငယ်သည် အပေးအကမ်းမပျက် ရက်ရောလျက်ပင်။

ဆော့။  ။ အသင်ဆိုသည့်အတိုင်းသာ အမှန်ဖြစ်လျှင် လူကောင်းကလေးဟုလည်း ဆိုရတော့မည်၊ ခေါ်စမ်းပါ၊ စကားပြောကြည့်ရအောင်။

ဆရာဇော်ဂျီ ဘာသာပြန်ဆိုထားသော ပလေးတိုးနိဒါန်း မှ ကူးယူဖော်ပြသည်။

အတွေးအခေါ်

Open More Online

Related Posts