တ် ရင့်ကျက်တည်ငြိမ်ခြင်း

စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်ခြင်း (အပိုင်း-၅)

စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်ခြင်း (အပိုင်း-၄) – တာဝန်သိခြင်း၊ တာဝန်ယူတတ်ခြင်း

စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်ခြင်း (အပိုင်း-၄) – ငယ်ရွယ်သူကလေးတို့တွင် တာဝန်ဟူ၍ မည်မည်ရရ မရှိလှပေ။ ထို့ကြောင့် သူတို့အဖို့ တာဝန်မသိတတ်၊ တာဝန်မယူတတ်ဟု အပြစ်တင်စရာ အကြောင်းမရှိ။ သည်လိုလုပ်လျှင် သည်လိုဖြစ်မည်ဟူသော ကြောင်းကျိုးဆက်နွယ်မှုကိုလည်း မဆင်ခြင်တတ်ကြ၊ မိမိကိုယ်ကို ချုပ်တည်း ထိန်းသိမ်းရန်လည်း နားမလည်ကြပေ။

သို့သော် အရွယ်ရောက်ပြီးသော လူကြီးတစ်ယောက်ကား ကြောင်းကျိုးဆက်နွယ်မှုကို နားလည်ရမည်ဖြစ်၏။ မိမိအပြုအမူအတွက် တာဝန် ယူနိုင်ရမည်ဖြစ်၏။ တာဝန်မဲ့ မပြုမူမိစေရန်လည်း ချုပ်တည်းနိုင်စွမ်း ရှိရမည်ဖြစ်၏။

စိတ်ဓာတ်ရင့်ကျက်သူတစ်ဦးကား အရေးကြီးသည့် ဆုံးဖြတ်ချက်တို့ ပြုလုပ်ရန်ရှိပါက မပြုလုပ်မီ စဉ်းစားဆင်ခြင်၏။ ပြုလုပ်ပြီးမှ မိမိ၏ ဆုံးဖြတ်ချက် မှားယွင်းကြောင်းသိရလျှင်လည်း ယင်းအမှားအတွက် လုံးဝ တာဝန်ယူ ရဲရမည်ဖြစ်၏။ ဆင်ခြေတက်ခြင်း၊ အခြားသူတို့အပေါ် အပြစ်ပုံချခြင်း စသည်တို့ မပြုလုပ်တတ်ကြပေ။ သို့သော် သူသည် မိမိ မနိုင်သောဝန်ကိုကား မထမ်းတတ်ချေ။ မိမိစွမ်းရည်အင်အားနှင့် ညီမျှသောတာဝန်ကိုသာ ယူတတ်ပေ၏။

စိတ်ဓာတ်မရင့်ကျက်သူ လူကြီးတစ်ဦးကား တာဝန်မဲ့ပြုတတ်သူ ဖြစ်၏။ တာဝန်ကိုလည်း မယူရဲတတ်ချေ။ မိမိအပြုအမူကြောင့် ဖြစ်ပေါ်လာမည့် အကျိုးသက်ရောက်မှုများကိုလည်း ဂရုမစိုက်တတ်၊ မိမိမှားယွင်းသွားလျှင်လည်း အလွယ်တကူ ဆင်ခြေတက်တတ်၏။ အခြားသူများအပေါ် အပြစ်ဖို့တတ်၏၊ ထိုသူကား ငွေချေးပြီးလျှင် ပြန်မဆပ်တတ်သူ၊ ကတိပေးပြီး ကတိမတည်သူ၊ လက်ခံပြီး အလုပ်ကို ပြီးစီးအောင် မလုပ်တတ်သူ ဖြစ်ပေ၏။ ထိုသူမျိုးကား အားမကိုးထိုက် မယုံကြည်ထိုက်သူများ ဖြစ်ပေ၏။

တာဝန်မဲ့သော လင်ယောက်ျား၏ ဇနီးသည်လည်းကောင်း၊ တာဝန်မဲ့သောဇနီး၏ လင်သည်လည်းကောင်း၊ တာဝန်မဲ့သော မိဘတို့၏ သမီးများသည်လည်းကောင်း၊ တာဝန်မဲ့သော ဆရာ၏ တပည့်များသည် လည်းကောင်း၊ တာဝန်မဲ့သော ယာဉ်မောင်းသူ၏ကားတွင် လိုက်ပါမိသော ခရီးသည်တို့သည်လည်းကောင်း၊ တာဝန်မဲ့ခြင်း၏ ကြောက်စရာကောင်းပုံ။ အန္တရာယ်ကြီးမားပုံကို ဆင်ခြင်နိုင်ကြမည်ဖြစ်၏။

ကိုယ်အားကိုယ်ကိုးခြင်း

ကလေးငယ်တို့ကား သဘာဝအလျောက် လူကြီးမိဘကို အားထား မှီခိုကြရပေ၏။ သူတို့သည် သူတို့၏လိုအင်ဆန္ဒပြည့်ဝရေးအတွက်လည်း မစွမ်းဆောင်နိုင်ကြ။ ဘာဖြစ်လျှင် ဘာကို ဘယ်လိုလုပ်ရမည်လည်းမသိ။ ထို့ကြောင့် သူတို့အဖို့ ဂရုစိုက်မှုလို၏။ အကာအကွယ်ပေးမှုလို၏။ လမ်းညွှန်ပဲ့ပြင်မှုလည်း လိုပေ၏။

သို့သော် အရွယ်ရောက်လာသောအခါတွင်ကား ကိုယ့်အားကိုယ်ကိုးလိုစိတ်တို့ လူးလွန့်နိုးကြွစ ပြုပြီးဖြစ်၏။ မိမိ၏ လိုအင်ဆန္ဒပြည့်ဝရေးတို့အတွက် လုပ်ဆောင်သင့်သည်တို့ကိုလည်း လုပ်ဆောင်တတ်ပြီဖြစ်၏။ မိဘတို့က သတ်မှတ်ပေးသော အိမ်တွင်းတာဝန်တို့ကိုလည်း ဆောင်ရွက်တတ်ပြီဖြစ်၏။ သူတို့ဘဝအတွက် အရေးပါသော ဆုံးဖြတ်ချက်တို့ကိုလည်း ပြုလုပ်နိုင်ရန် ကြိုးပမ်းစ ပြုပြီဖြစ်၏။ မိမိအကူအညီလိုသောအခါ ရဲရဲဝင့်ဝင့် တောင်းခံတတ်သကဲ့သို့ သူတပါးတောင်းလာသော အကူအညီကိုလည်း တတ်နိုင်သမျှ ဖြည့်စွမ်းပေးတတ်ကြကုန်၏။

စိတ်ဓာတ်မရင့်ကျက်သူတို့ကား “ကိုယ့်အားကိုယ်မကိုး” တတ်ကြပေ။ မိဘဆွေမျိုးများ၊ အကြီးအကဲ ဆရာသမားများ၊ လုပ်ဖော်ကိုင်ဘက် မိတ်ဆွေသင်္ဂဟများ အပေါ်သာ အမြဲတစေ မှီခိုအားထားတတ်၏။ ယင်းတို့ကြောင့် ကိုယ်တိုင်ဘာမျှ လုပ်စရာမလိုသဖြင့် သက်သာသည် ဇိမ်ရှိသည် မှန်ပါ၏။ သို့သော် ယင်းတို့အား အခြားသက်တူရွယ်တူ၊ ငယ်ရွယ်သူများကပင် လေးစားခြင်းမရှိသည့်အပြင် လူစွမ်လူစညံ့သူ၊ လူညွှန့်တုံးသူအဖြစ် အမြဲရှုတ်ချခြင်း ခံရမြဲဖြစ်ကြောင်းကား ထင်ရှားလှပေသတည်း။

စာရေးဆရာ ‌ဒေါက်တာကျော်စိန် ရေးသားထားသော သင့်ဘဝတွက်တာ အသုံးချ စိတ်ပညာ စာအုပ်မှ ကူးယူဖော်ပြသည်။

သုတ အတွေးအခေါ်

OpenMoreOnline

Related Posts