သားက ဖခင်ကို ညစာစားဖို့ စားသောက်ဆိုင် တစ်ဆိုင်ကို ခေါ်သွားခဲ့တယ်။ အဖေကြီးက အရမ်းကို အိုမင်း အားနည်းလွန်းနေတာကြောင့် စားနေတုန်း အင်္ကျီနဲ့ ဘောင်းဘီပေါ်ကို ဖိတ်ကျကုန်တယ်။ အခြားစားသုံးသူတွေကတော့ မနှစ်မြို့စွာ ကြည့်နေခဲ့ကြတယ်။
သားဖြစ်သူကတော့ တည်တည်ငြိမ်ငြိမ်ပါပဲ။ အဖေကြီး စားလို့ ပြီးသွားချိန်မှာတော့ သားဖြစ်သူက ရှက်ကိုးရှက်ကန်း လုံးဝ ဖြစ်မနေဘဲနဲ့ အလျင်အမြန် သန့်စင်ခန်းထဲကို ခေါ်သွားပါတယ်။ အစားအစာတွေကို သုတ်သင်ပေးပါတယ်၊ အစွန်းကွက်တွေကို ဖယ်ရှားပေးတယ်၊ ဆံပင်တွေကို ဖီးလိမ်းပေးပါတယ်၊ ပြီးတော့ သူ့မျက်မှန်ကို အသေအချာ ပြန်တပ်ပေးပါတယ်။ သူတို့ ပြန်ထွက်လာချိန်မှာတော့ စားသောက်ဆိုင်တစ်ခုလုံး သူတို့ကို လုံးဝတိတ်ဆိတ်စွာ ကြည့်နေကြပါတယ်။
သားဖြစ်သူကတော့ ဘေရှင်းပြီးတော့ အဖေကြီးနဲ့ အိမ်ပြန်ပါတော့မယ်။
ဒီအချိန် စားသုံးသူတွေထဲက အသက်ကြီးကြီး လူအိုတစ်ယောက်က သားဖြစ်သူကို လှမ်းခေါ်လိုက်ပါတယ်။ ပြီးတော့ ပြောပါတယ် “မင်းတစ်ခုခု ကျန်ခဲ့တယ်လို့ မထင်ဘူးလား သား” ။
သားဖြစ်သူက ပြန်ဖြေပါတယ်။ ” ဟုတ်ကဲ့၊ ကျွန်တော် ဘာမှ မကျန်ခဲ့ပါဘူး”။
လူအိုကြီးက ခွန်းတုံ့ပြန်ပြောပါတယ်။
“မဟုတ်ဘူး သား… မင်းကျန်ခဲ့ပါတယ်၊ သားတိုင်းအတွက် သင်ခန်းစာနဲ့ ဖခင်တိုင်းအတွက် မျှော်လင့်ချက်ပေါ့။”
Source: Womanatics
Swan Htet (HapEye.Net)