တစ်ခါတုန်းက ခမောက်တွေကို ခြင်းကြီးနှစ်လုံးထဲကိုထည့်၊ အလယ်က ဝါးလုံးနဲ့ လျှိုပြီးထမ်းကာ တစ်ရွာဝင် တစ်ရွာထွက် ရောင်းတတ်သော လူတစ်ယောက် ရှိခဲ့ဖူးပါတယ်။
တစ်နေ့မှာတော့ သူဟာဈေးရောင်းရင်းနဲ့ ရွာအစွန်မှာရှိတဲ့ ညောင်ပင်ကြီးအောက်မှာ ခဏအနားယူပြီး လှဲနေလိုက်တာ ပင်ပန်းပြီး အိပ်ပျော်သွားပါတယ်။
အိပ်ယာက နိုးတဲ့အချိန် သူ့ခြင်းတောင်းကို ကြည့်လိုက်တော့ ခြင်းတောင်းထဲမှာ ခမောက်တွေ တစ်လုံးမှ မရှိတော့ပါဘူး။
အသံတွေကြားလို့ အပေါ်ကို မော့ကြည့်လိုက်တော့ ညောင်ပင်ပေါ်က မျောက်တွေက သူ့ခမောက်တွေကို တစ်ကောင်တစ်လုံး သူအိပ်ပျော်နေတုန်းမှာ ယူထားကြတာကို တွေ့ရတယ်။
ဒါနဲ့သူလည်း ခဲနဲ့ ပေါက်ကြည့်ပေမယ့် မျောက်တွေထံက ခမောက်က ပြန်မရဘူး ဖြစ်နေတယ်။
“ခမောက်ကို ပြန်ရအောင် ဘယ်လိုလုပ်ရမဘဲ။” ဆိုတာ တွေးကြည့်နေမိတယ်။
“အင်း … မျောက်ဆိုတဲ့ ကောင်မျိုးဟာ လူတွေလုပ်သလို လုပ်ဆောင်တတ်တယ် … ဒီတော့”
သူအကြံတစ်ခုရပြီး ညောင်ပင်အောက်ကနေ အပြင်ကို ထွက်လိုက်တယ်။ ညောင်ပင်ပေါ်က မျောက်တွေအားလုံး သူ့ကို မြင်နိုင်တဲ့နေရာ ရောက်တော့ သူ့ခေါင်းမှာဆောင်းထားတဲ့ ဦးထုပ်ကို လက်ကကိုင်ပြီး ကျန်လက်တစ်ဖက်ဖြင့် ခေါင်းကိုကုတ်ပြတယ်။
နှစ်ခါ သုံးခါလောက် လုပ်ပြတော့ မျောက်တွေကလည်း သူလုပ်သလို လုပ်ပြတယ်။ နောက်တစ်ခါကျတော့ ခမောက်ကို ခေါင်းကချွတ်ပြီး လက်ကနေ မြေကြီးပေါ်ကို ပစ်ချပြတယ်။ မျောက်တွေကလည်း ခမောက်တွေကို လက်က လွှတ်ချလိုက်တယ်။
နောက်ဆုံးမှာတော့ ခမောက်ရောင်းသမားကြီးဟာ မျောက်တွေထံမှ သူ့ခမောက်တွေ အားလုံးကို ပြန်ရလိုက်ပါတယ်။
ဒီလိုနဲ့ အဲ့ဒီ အဖြစ်အပျက်တွေ ဖြစ်ပျက်ပြီး နှစ်ပေါင်းအတော်ကြာတဲ့ အခါမှာ အဲ့ဒီညောင်ပင်ကြီးအောက်ကို ခမောက်ရောင်းသမားလေး တစ်ယောက် ရောက်လာခဲ့ပါတယ်။
သူက အရင်ခမောက်ရောင်းခဲ့သူရဲ့ မြေးတော်စပ်ပါတယ်။ ညောင်ပင်ကြီးကို မော့ကြည့်လိုက်တော့ မျောက်တွေကလည်း ရှိပါသေးတယ်။ ထုံးစံအတိုင်း သူက အနားယူလိုက်ပါတယ်။ အိပ်ရာက နိုးတဲ့အခါမှာတော့ သူ့ခမောက်တွေ တစ်လုံးမှ မရှိတော့ပါဘူး။
ဒါပေမယ့် သူက မစိုးရိမ်ပါဘူး။
သူ့မှာ ခမောက်တွေကို မျောက်တွေထံက ပြန်ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သူ့အဖိုးက ပြောပြပြီးသားလေ။ ဒါနဲ့ သူက သူ့အဖိုး ပြောပြတဲ့ နည်းအတိုင်း လုပ်တယ်။ ဒါပေမဲ့ မရဘူး။
မျောက်တစ်ကောင်က ပြောတယ်။
“မင်းမှာ အဖိုးရှိသလို ငါတို့မှာလဲရှိတယ်ကွ”
ပြောချင်တာက ဒီလိုပါ။
အောင်မြင်မှု ခရီးလမ်းကို လျှောက်တဲ့အခါမှ သမားရိုးကျ နည်းလမ်းတွေဟာ (တစ်ခါတစ်လေမှာ) လိုအပ်တယ် ဆိုပေမယ့် အမြဲတမ်း မလိုအပ်ပါဘူး။
ခေတ်ပြောင်းရင် စနစ်ပြောင်းတယ်။
ဘယ်အရာကမှ ပုံသေနည်း မရှိဘူးဆိုတာပါပဲ။
သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။