အရှုံးကလေးတွေ အမွေပေးတတ်ဖို့

ဘဝဆိုတာ နိမ့်ချည်မြင့်ချည်။

ဘယ်သူ့ဘဝပဲဖြစ်ဖြစ် နိမ့်ချည်မြင့်ချည်ပါပဲ။ မိဘနှစ်ယောက်စလုံး၏ဘဝ နိမ့်ချည်မြင့်ချည်ဖြစ်ခဲ့သည်ကို သိထားပြီးကာမှ ကိုယ့်သားသမီးဘဝ နိမ့်ချည်မြင့်ချည်ဖြစ်မှာကို လက်မခံနိုင်။ အမြင့်မှာပဲ အမြဲရှိရမည်ဟု သန္နိဌာန်ချထားသော၊ ဝင်ဝင်ပါတတ်သော မိဘတွေလုပ်ရပ်က သားသမီးအတွက် ကောင်းကျိုးပေးရဲ့လားဟု ဆင်ခြင်ကြစေချင်သည်။

အရှုံးကလေးတွေမှ ရင်မဆိုင်ခဲ့ဖူးသော ကလေးဘဝမှာ အရှုံးကြီးတွေ ကြုံလာသောအခါ ဘယ်လိုရင်ဆိုင်ကြမှာတဲ့လဲ။

Perfectဆိုသည့် ရုပ်ရှင်ကားလေးတစ်ကားကို ကျွန်တော်အလွန်စွဲလမ်းခဲ့ဖူးသည်။ ခြောက်ပြစ်ကင်း၊ သဲလဲစင်ပေါ့။

ဖခင်ကြီး ရောဘတ်ဒီနီရိုးက သားသမီးတွေကို အကောင်းချည်းဖြစ်စေချင်သည်။ အရေးနိမ့်သည်ဆိုတာကို လက်မခံ။ တချို့သောသားသမီးတွေက ဘဝမှာ ထင်သလောက်ဖြစ်မလာသောအခါ ဘဝကို ဆက်ရင်ဆိုင်နိုင်စွမ်းရှိကြသည်။ သို့သော် အဖေကိုအမှန်အတိုင်းမပြော။ ဖုံးကွယ်ထားကြသည်။

သားတစ်ယောက်ကတော့ ရင်ဆိုင်နိုင်စွမ်းမရှိ။ အဖေကိုလည်း မပြောပြရဲ။ အလဲလဲအကွဲကွဲ ဘဝထဲမှာ နောက်ဆုံး အသက်ပါပါသွားသည်။ ပထမတန်းကျောင်းသားဖြစ်သော သား။ အဆင့်တစ်ကနေ နှစ်ဖြစ်သွားလျှင် ကျူရှင်ချိန်ထပ်တိုးသော၊ အတန်းပိုင်ဆရာမအိမ်ကို အထုပ်ကြီးအထုပ်ငယ်နှင့် သွားတတ်သော မိဘတွေကို ကျွန်တော် အဲ့သည်ကား သိပ်ပြချင်ပါသည်။

စာဖတ်ပရိတ်သတ်အများ သိကြသည့်အတိုင်း ကျွန်တော်က သားသမီးကို သိပ်ချစ်တတ်သူပါ။ “အမြုတေရတနာ” ဟုပင်တင်စားကာ စာအုပ်ထုတ်ဖူးပါသည်။

သမီးလေး၏ဘဝ ၂၄ နှစ်တာကာလအတွင်းမှာ ကျွန်တော် အမှတ်အရဆုံးအချိန်က သူဆုပေးပွဲတွေ တက်နေရချိန်မဟုတ်ပါ။ တကယ်တမ်းပြောရရင် သူဆုပေးပွဲတွေ တက်နေရချိန်တွေမှာ အလုပ်သိပ်များသော ကျွန်တော် လိုက်မသွားနိုင်ခဲ့ပါ။

ဆယ်တန်းစာမေးပွဲကို သူဖြေနိုင်သည်ဟုထင်ပြီး ရလာဒ်က သူထင်သလောက်မကောင်း၍ သမီးလေးချုံးပွဲချငိုကြွေးခဲ့တုန်းကတော့ ကျွန်တော် သူ့အနားမှာလည်း ရှိနေပေးခဲ့သည်။ ကျွန်တော့်ရင်ထဲမှာလည်း သမီးကလေးအကြောင်းစဉ်းစားလိုက်တိုင်း အဲသည်နေ့ကို အမှတ်အရဆုံးပါ။

ကျွန်တော်အောင်မြင်ပါသည်။ နေ့မကူးခင် သမီးကလေးမျက်နှာက အပြုံးကို ကျွန်တော်မြင်ခဲ့ရပါသည်။ ကျွန်တော် အောင်မြင်သည်ဆိုတာက အရှုံးကိုရင်ဆိုင်ခိုင်း၍ အောင်မြင်ခဲ့တာပါ။

သားသမီးကို အရှုံးကလေးတွေနှင့် ရင်ဆိုင်ပေးပြီး စိတ်ဓာတ်ကြံ့ခိုင်လာအောင် လေ့ကျင့်ပေးဖို့ မိဘတွေမှာတာဝန်ရှိသည်ဟု လူမှုရေးပညာရှင်အားလုံး လက်ခံထားကြပါသည်။ အရှုံးကလေးတွေကို ရင်ဆိုင်ပြီးခါမှ အရှုံးကြီးအတွက် အဆင်သင့်ဖြစ်မှာပါ။

စာရေးဆရာများ ပြောကြသည့် ပြည်သူ့နီတိ စာအုပ်ထဲမှ လင်္ကာရည်ကျော်၏ ဘာအမွေပေးကြမှာလဲ ဆောင်းပါးအားကူးယူဖော်ပြထားပါသည်။

ဘဝနေနည်း

Related Posts