အမုန်း အဖတ်မတင်စေသော ဝေဖန်နည်း ~~~~
ချားရွှပ်သည် တစ်နေ့တွင် သူ၏သံမဏိစက်ရုံကို ဖြတ်၍ လျှောက်သွားစဉ် ဆေးလိပ်သောက်နေကြသော သူ၏ အလုပ်သမားတစ်စုကို တွေ့ရလေသည်။ သူတို့၏ ခေါင်းပေါ်တည့်တည့်တွင် ‘ဆေးလိပ်မသောက်ရ’ ဟု ရေးထားသော ဆိုင်းဘုတ်တစ်ခု ရှိ၏။ ချားရွှပ်သည် ထိုဆိုင်းဘုတ်ကို လက်ညှိုးထိုးပြပြီးလျှင် ‘ဟေ့ကောင်တွေမင်းတို့ ဒီစာကို မဖတ်တတ်ဘူးလား’ ဟူသော လေသံဖြင့် ငေါက်ငမ်းခြင်း ပြုသလား၊ မလုပ်ပါ။ ချားရွှပ်သည် ဤကဲ့သို့ ပြောဆိုမည့်လူစားမျိုး မဟုတ်ပါ။ သူသည် ဆေးလိပ်သောက်နေကြသော အလုပ်သမားများရှိရာသို့ သွားပြီးလျှင် ဆေးလိပ်တစ်လိပ်စီပေးပြီး ‘ကိုင်း မင်းတို့၊ ဟောဒီဆေးလိပ်တွေကို အပြင်ဘက်မှာ ထွက်သောက်မယ်ဆိုရင် ဆရာ သဘောကျမှာပဲ’ ဟု ပြောလေသည်။
သူတို့ အပြစ်တစ်ခု ကျူးလွန်နေမှန်းကို သူတို့ဆရာ သိသည်ဟု သူတို့လည်း ကောင်းစွာ နားလည်ကြလေသည်။ သူတို့ကို အပြစ်နှင့်စပ်လျဉ်း၍ ဘာမျှမပြောဘဲ ဆေးလိပ်များကိုပင် လက်ဆောင်ပေးပြီးလျှင် သူတို့ကိုပင် သွေးကြီးအောင် လုပ်ပေးသဖြင့် ချားရွှပ်၏လုပ်ပုံကို ချီးမွမ်းကြ၏။ ထိုကဲ့သို့ လူမျိုးတစ်ဦးကို သူတို့သည် မချစ်ခင်ဘဲ မနေနိုင်။ သင်ကော နေနိုင်ပါမည်လော။
ဂျွန် ဝါနာမေကားသည်လည်း ဤနည်းကို အသုံးပြုခဲ့ဖူးလေသည်။ ဖီလဒယ်ဖီးယားရှိ သူ၏ တိုက်ဆိုင်ကြီးအတွင်းတွင် နေ့စဉ်နေ့တိုင်း ပစ္စည်းတစ်ခုဝယ်ချင်၍ မတ်တတ်ရပ်နေသည်ကို သူ တွေ့ရ၏။ ဈေးရောင်းသမားများအနက် မည်သူတစ်ဦးတစ်ယောက်မျှ ထိုမိန်းကလေးကို အဖက်မလုပ်ကြချေ။ ထိုမိန်းမနှင့် ခပ်လှမ်းလှမ်းနေရာတစ်ခုတွင် သူတို့ဘာသာ စု၍ ရယ်လားမောလားနှင့် စကားပြောနေကြ၏။ ဝါနာမေကားသည် သူ၏ အလုပ်သမားများအား မည်သို့မျှ မပြောဘဲ ဝယ်သူရှိရာသို့ ဖြည်းညင်းစွာ လျှောက်သွားပြီးလျှင် အလိုရှိသောအရာကို သူကိုယ်တိုင်ယူ၍ ရောင်းလိုက်၏။ ရောင်းပြီးမှ ထိုပစ္စည်းကိုထုပ်ရန် သူ၏ အလုပ်သားများသို့ ပေးပြီးလျှင် အခြားနေရာသို့ ထွက်သွားလေသည်။
၁၈၈၇ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စကားပြောကောင်းသူ ဟင်နရီ ဝပ် ဗီချားသည် ဘဝတစ်ပါးသို့ ပြောင်းသွား၏။ နောက်တနင်္ဂနွေနေ့တွင် ဗီချားကွယ်လွန်သွားသဖြင့် လစ်လပ်နေသော တရားစင်ပေါ်တွင် တရားဟောရန် လိုင်မင် အက်ဘော့ကို ဖိတ်ကြားလေသည်။ အကောင်းတကာ့ အကောင်းဆုံး ဖြစ်နိုင်ရန် အထူးဂရုစိုက်၍ အမျိုးမျိုးပြင်ရေးလျက် ရှိ၏။ ထိုသို့ ရေးပြီးနောက် ထိုတရားစာကို သူ့မိန်းမအား ဖတ်ပြသည်။ ရေးပြီးသော တရားစာများသည် ညံ့တတ်သည့်အတိုင်း လိုင်မင်၏တရားစာများမှာလည်း ညံ့၍နေ၏။ အကယ်၍သာ သူ၏မိန်းမသည် အမြော်အမြင် အဆင်ခြင်နည်းသူတစ်ဦး ဖြစ်ခဲ့လျှင် ‘လိုင်မင် ရှင့်တရားစာကြီးကလည်း ဖြစ်နေလိုက်တာ၊ ဒါမျိုးနဲ့ဟောလို့ ဘယ်နေရာကျမလဲ၊ တရားနာပရိသတ်တွေ အိပ်ချင်နေအောင်တော့ မလုပ်ပါနဲ့ရှင်၊ ရှင့်ဟာက သပိတ်သံ အိတ်သံ သိပ်ပါတာပဲ၊ တရားဟောနေတာ ဒီလောက်ကြာမှပဲ ဘယ်တရားမျိုးကို ဟောရမယ်ဆိုတာသိဖို့ ကောင်းပါပြီ၊ ဘာဖြစ်လို့ စကားလွယ်လွယ်တွေကို ရှာပြီး ပြောချင်ရတာလဲ၊ ဒီလိုတရားမျိုးကိုသာ ကြပ်ကြပ်ဟော၊ ရှင်တော့ နာမည်ပျက်နေလိမ့်မယ်’ အစရှိသဖြင့် သူ့ယောက်ျားကို ဆူပွက်ပေလိမ့်မည်။
ဒီလိုစကားမျိုးသာ ပြောလိုက်လျှင် ဘာဖြစ်မယ်ဆိုတာကို သင်အသိသားပဲ။ ထိုအကြောင်းကို သူ့မိန်းမလည်း ကောင်းစွာသိ၏။ ထို့ကြောင့် သူ့တရားစာကို နားထောင်ပြီးလျှင် ‘အင်း ‘နော့အမေရိကန် ရီဗျူး’ အတွက် ဆောင်းပါးတစ်စောင်အနေနဲ့ ပို့လိုက်ရရင် သိပ်ကောင်းမှာပဲ’ ဟူ၍သာ ပြောပြလိုက်လေသည်။ ထိုမိန်းမ၏ စကားကို အဓိပ္ပာယ်ကောက်ရလျှင် ရှေးဦးစွာ ချီးမွမ်းပြီးမှ ထိုတရားစာဟောလျှင် မသင့်လျော်ခြင်း သွယ်ဝိုက်သည့်နည်းဖြင့် ပြောပြကြောင်း တွေ့ရမည်ဖြစ်၏။ လိုမင်ဘက်ဘော့လည်း အဓိပ္ပာယ်ကို ကောင်းစွာ သဘောပေါက်သွားသဖြင့် ရေးထားသောစာရွက်ကို ဆုတ်ပစ်လိုက်ပြီးလျှင် မည်သည့်စာရွက်စာတမ်းကိုမျှ မကြည့်ဘဲ အလွတ်ဟောလေသည်။
တစ်ဖက်သားကို မျက်မုန်းမကျိုး စိတ်မဆိုးစေဘဲ စိတ်ပြောင်းလာအောင် လုပ်လိုလျှင် တစ်ဖက်သားတို့၏အပြစ်များကို သွယ်ဝိုက်သောနည်းဖြင့်သာ သတိရအောင် လုပ်ပါ။
အမုန်း အဖတ်မတင်စေသော ဝေဖန်နည်း