၁။ သိပ်မခံစားပါနဲ့။
သူဟာ သင့်ကို မနာလိုဖြစ်နေတဲ့အတွက် သင်သူ့ကို ဘာမှ လုပ်ပေးနိုင်တာ မရှိပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပါ၊ သူ့ရဲ့ ဝေဖန်တိုက်ခိုက်မှုတွေကို စဉ်းစားပြီး ခေါင်းရှုပ်မနေပါနဲ့။ သူပြောသလို ကိုယ်များမှားနေလားလို့ သံသယမဖြစ်ပါနဲ့။ လုပ်စရာရှိတာ ဆက်လုပ်ပါ။ အားပေးဂရုစိုက်နေသူတွေကိုသာ အာရုံစိုက်ပါ။ မနာလိုသူတွေက သင်ဟာ သူတို့ထက်သာလို့ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတိရပါ။
၂။ အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေ အမုန်းစကားတွေကို လျစ်လျူရှုပါ။
ကိုယ့်မကောင်းကြောင်း ပြောတာတွေကို ပြန်ကြားရရင် မသိချင်ယောင်ဆောင်နေဖို့က ခက်ခဲပါတယ်။ မျက်နာချင်းဆိုင် အော်ဟစ်ပြောဆို သောင်းကျန်းလိုက်ဖို့ နည်းနည်းလေးတောင် မစဉ်းစားပါနဲ့။ သူတို့ရဲ့ အဆိုးမြင်အပြုအမူနဲ့ ခံစားချက်တွေကို သင်အဖက်လုပ် တုံ့ပြန်ဖို့ မထိုက်တန်ပါဘူး။
၃။ ဝေဖန်တိုက်ခိုက်နေသူကို မပတ်သက်မိအောင်ရှောင်ပါ။
သူ သင့်အနားမှာ ရှိနေသ၍ မျက်စိဒေါက်ထောက်ကြည့်နေပြီး ရှုတ်ချကဲ့ရဲ့နေမှာပါ။ သူမရှိတဲ့ ပတ်ဝန်းကျင်ကို ပြောင်းပါ။ သူမသွားတဲ့လမ်းက သွားပါ။ ကိုယ်နဲ့ အဆင်ပြေသူတွေကို ပေါင်းသင်းပါ။ မနာလိုသူနဲ့ တွေ့တဲ့အချိန်မှာ ယဉ်ယဉ်ကျေးကျေး စတင်နှုတ်ဆက်ပါ။ သူကလွဲပြီး ကျန်တဲ့သူအားလုံးနဲ့ ပေါင်းသင်းပါ။ သူကအပြင်လူတစ်ယောက်အနေနဲ့ အထီးကျန်လာပြီး သူ့လုပ်ရပ်တွေကို ပြန်စဉ်းစားပါလိမ့်မယ်။
၄။ အကန့်အသတ်ထားပါ။
မလွဲသာလို့ စကားပြောဖြစ်ရင် သူ့ရဲ့ ပြောဆိုရှတ်ချမှုတွေကို အချိန်အကြာကြီး သည်းခံနားထောင်ပေးနေဖို့ မလိုအပ်ပါဘူး။ သိသိသာသာနဲ့ တိုက်ခိုက်လာပြီဆိုတာနဲ့ ယဉ်ယဉ်ကျေးကျေး စကားစဖြတ်ပြီး ထွက်သွားလိုက်ပါ။
၅။ ဒီလိုပြောနေတာကို မကြိုက်ကြောင်း သိအောင်ပြောပါ။
သင် သူ့ကို သည်းမခံနိုင်တော့တဲ့အချိန်မှာ မလိုလားအပ်တဲ့ အခြေအတင် အကြီးအကျယ် ပြဿနာတွေ ဖြစ်လာပါလိမ့်မယ်။ ဒါ့ကြောင့် သိပ်နောက်မကျခင် ဒီလိုဆက်ဆံတာတွေကို မကြိုက်ကြောင်း ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံစေချင်ကြောင်း ရေရှည်အတွက်လည်း သည်းခံမှာ မဟုတ်ကြောင်းကို ပြောဆိုသတိပေးပါ။
ဝေဖန်မှုဆိုတာ
လူတိုင်းမှာရှိတယ်၊
နေရာတိုင်းမှာရှိတယ်။
မှန်တယ်ဆိုရင် လိုက်နာပြုပြင်၊
မှားတယ်ဆိုရင် လျစ်လျူရှု။
သတိုးနွယ် ရေးသားထားသော ပန်းတိုင်သို့ ပစ်မှတ် စာအုပ်မှ ကူးယူဖော်ပြသည်။