လူငယ်တိုင်း ဖတ်စေချင်တယ်(အပိုင်း-၂)

(၅)ကိုယ့်ပုစ္ဆာ ကိုယ်ဖြေပါ။

ရုပ်မလှတဲ့သူက မင်းသားဖြစ်ဖို့ ခက်တယ်။ အသံမကောင်းတဲ့သူက အဆိုတော်ဖြစ်ဖို့ ခက်တယ်။ မဖြစ်နိူင်ဘူးဆိုတာ မရှိဘူးဆိုတဲ့ ဂျင်းတွေမိပြီး အချိန်မကုန်စေချင်ဘူး။လောကမှာ မဖြစ်နိူင်တာတွေ အများကြီးရှိတယ်။ ဒီတော့ ကိုယ့်ဘဝ ကိုယ်သိ၊ ကိုယ့်အားသာချက်ကိုယ်သိ၊ ကိုယ်ဖြစ်ချင်တာတွေ ကိုယ်သိဖို့ လိုတယ်။ ဘဝဆိုတာ စာမေးပွဲတစ်ခု ဆိုရင် အဲဒီ့စာမေးပွဲမှာ ကိုယ့်ကိုပေးလာတဲ့ ပုစ္ဆာကိုပဲဖြေရတယ်။ သူများပုစ္ဆာဝင်ဖြေချင်လို့မရသလို၊ သူ့ပုစ္ဆာက လွယ်တယ်၊ ငါ့ပုစ္ဆာက ခက်တယ် အော်နေလို့လည်း မရဘူးဆိုတာကို သိထားပေးပါ။

(၆)ပိုက်ဆံရှာပါ။

ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့သူတွေ ရှိပေမယ့် ပိုက်ဆံမရှိလို့ စိတ်ဆင်းရဲနေရတဲ့သူတွေ၊ အဆင်မပြေဖြစ်နေကြတဲ့ အိမ်ထောင်တွေ၊ မသာယာကြတဲ့မိသားစုတွေကပိုများပါတယ်။ သေရင်လည်း ထားခဲ့ရတာပါပဲ၊ သို့သော် ရှင်သန်နေတုန်းမှာတော့ ငွေကလိုအပ်ပါတယ်။ ရိုးသားမှုကို တန်ဖိုးထားလား။ ငွေရှိဖို့လိုတယ်။ မိသားစုကို ချစ်လား။ ငွေရှိဖို့လိုတယ်။ အိမ်ထောင်ရေး အဆင်ပြေချင်လား။ ငွေရှိဖို့လိုတယ်။ မိဘကိုဆေးကုပေးချင်လား။ ငွေရှိဖို့လိုတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အခြေခံအနေနဲ့ ငွေရှိဖို့လိုပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့နည်းနဲ့ ငွေကို ကြိုးစားရှာပါ။ အသုံးအဖြုံးလျော့ပါ။ စုပါ။

(၇)ကိုယ့်တန်ဖိုးထားမှု ကိုယ်သိပါ။

ရုပ်ဝတ္ထုကိုးကွယ်မှုတွေ သိပ်များလာတဲ့ ဒီနေ့ခေတ်မှာ လူတွေကပိုက်ဆံချမ်းသာရင် ပြီးရော၊ နာမည်ကြီးရင်ပြီးရော၊ အောင်မြင်ရင်ပြီးရော ဘာမဆိုလုပ်မယ်ဆိုတာမျိုးဖြစ်လာတယ်။ အဲ့လိုလူတွေကြားထဲမှာ မယိမ်းမယိုင်နဲ့ ရပ်တည်နိူင်ဖို့ဆိုရင် ကိုယ်ဘာကို တန်ဖိုးထားတာလဲ သိဖို့လိုတယ်။ အဲ့ဒီအတိုင်း ခိုင်ခိုင်မာမာနေနိူင်ဖို့ လိုအပ်ပါတယ်။

(၈)ပိုပေးရတဲ့သူ ကိုယ်ဖြစ်ပါစေ

ပရဟိတဆိုတာ ဘဝတစ်ခုလုံး မြှုပ်နှံပြီး လုပ်နိူင်တော့မှ ဖြစ်တာမဟုတ်ပါဘူး။ လမ်းသွားရင်း လမ်းမသိလို့ လာမေးသူကို စိတ်ရှည်လက်ရှည် ဖြေပေးလိုက်တာ၊ ဘတ်စ်ကားပေါ်ကို ကိုယ်ဝန်ဆောင်တစ်ယောက်၊ အဘိုးအဘွားတစ်ယောက် တက်လာတဲ့အခါ ထိုင်ခုံနေရာဖယ်ပေးလိုက်တာ၊ ကိုယ့်အိမ်ရှေ့က မြေကွက်လပ်လေးမှာ ‘ကားမရပ်ရ‘ အစား ‘ကားရပ်လိုလျှင် ဖုန်းနံပါတ် ချန်ထားခဲ့ပေးပါ‘ဆိုပြီး ရေးထားလိုက်တာတွေဟာလည်း ပရဟိတပါပဲ။

ကျွန်တော်တို့တွေဟာ ကိုယ့်လမ်းကိုသွားနေကြတုန်း တစ်ယောက်နဲ့တစ်ယောက် လမ်းဆုံမှာအခိုက်အတန့်သဘော တွေ့ဆုံကြတာပါ။ အဲ့လိုဆုံတုန်းမှာသူ့ကို ဘယ်လိုလေးများ အဆင်ပြေအောင် လုပ်ပေးလိုက်ရမလဲဆိုတဲ့ စိတ်အခံလေးနဲ့ ဆက်ဆံနိူင်မယ်ဆို အကောင်းဆုံးပါပဲ။ ကိုယ့်ဘဝလေးလည်း အေးချမ်းပါတယ်။ ဘယ်လိုခွဲခွာမှုအတွက်မဆို နောင်တရစရာလည်း မရှိတော့ဘူးပေါ့။

တကယ်တော့ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံးလိုအပ်ချက်ဟာ အပေးအယူနဲ့ ယှဉ်လာတိုင်း ကိုယ့်ဘက်ကပေးလိုက်ရတာကို ကျေနပ်ပျော်ရွင်နေတဲ့စိတ်ပဲဖြစ်ပါတယ်။

(၉) ပျော်ရွင်ခြင်းရဲ့ လျို့ဝှက်ချက်

အောင်မြင်လာရင် မနာလိုဖြစ်ကြမယ်။ ရှုံးနိမ့်ရင်လည်း လှောင်ပြောင်ကဲ့ရဲ့ ကြမယ်။ ကိုယ်သေချာမသိလည်းသွားပုပ်လေလွင့်ပြောကြမယ်။ ဆိုရှယ်မီဒီယာပေါ်လာတော့ ပိုဆိုးတယ်။ အားလုံးကဒီအပေါ်မှာ မြင်နေရတဲ့ အပေါ်ယံအချက်တွေနဲ့ပဲ မှတ်ချက်တွေပေးနေ၊ ဝေဖန်နေ၊ ဆဲဆိုနေကြတာ။ ပြောရရင်ဒါလူ့သဘာဝပဲ။

ဒါကြောင့် အဲ့လိုပတ်ဝန်းကျင်က လူတွေရဲ့ အပြုအမူတွေပေါ်မူတည်ပြီး ကိုယ်ရဲ့ခံစားချက်တွေ အတက်အကျဖြစ်နေသရွေ့ ဘယ်တော့မှပျော်ရွင်ရမှာ မဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်။

Related Posts