လူငယ်တိုင်း ဖတ်စေချင်တယ်(အပိုင်း-၁)

(၁) ကျန်းမာရေး ဂရုစိုက်ပါ။

တကယ်တော့ ဘဝမှာ ဘာပဲဖြစ်ချင်ဖြစ်ချင်၊ ဘယ်လိုအလုပ်တွေပဲ လုပ်ချင်လုပ်ချင်၊ အရေးကြီးဆုံး အခြေခံလိုအပ်ချက်ဟာ ကျန်းမာရေးပါပဲ။ မကျန်းမာရင် ဘာမှ လုပ်မရပါဘူး။အဲဒီအပြင် လူကကျန်းမာနေရင် ကိုယ်ရဲ့ performance ကလည်းသိသိသာသာတက်လာပါတယ်။ဒါကို အားလုံးလည်း သိပြီးသားပါ။ လက်တွေ့မလုပ်ဖြစ်ကြတာပဲ ရှိပါတယ်။ဒါကြောင့် တစ်ချက်လေး စဉ်းစားကြည့်ပါ။ ကိုယ့်မှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ Healthy Lifestyle တစ်ခု ရှိနေလားလို့။

(၂) အကောင်းမြင်စိတ်ရယ်၊ ပြောင်းပြင်လွယ်ဖြစ်ဖို့ရယ်

ဒီနေ့ခေတ်ကို တစ်လုံးတည်းနဲ့ဖော်ပြပါဆို ‘ Uncertainty ‘ မသေချာခြင်းပါပဲ။ ဘဝဆိုတာ နဂိုကတည်းကမှ ထင်မှတ်မထားတာတွေနဲ့ ပြည့်နှက်နေရတဲ့ ကြားထဲကို နည်းပညာတိုးတက်ခြင်းနဲ့ အပြိုင်အဆိုင်များလာခြင်းတွေက ထပ်ပေါင်းလိုက်တဲ့အခါ ဘာဆိုဘာမှမသေချာတော့ပါ။အရင်တုန်းက ဘွဲ့တစ်ခုရထားရင်၊ ပညာတစ်ခုတတ်ထားရင် ဘဝကသေချာပါတယ်။ ဒီနေ့ခေတ်ကျ နောက်၁၀နှစ်နေရင် ဘာဖြစ်နေမယ် ဘယ်သူမှမသိပါဘူး။ဒီအတွက် အခု သင်ထားတာတွေ မသေချာတော့ဘူး။ အမြင်တွေ မသေချာတော့ဘူး။ လုပ်ငန်းတွေ မသေချာတော့ဘူး။

ဒီအတွက် နှစ်ခု လိုအပ်လာပါတယ်။

တစ်ခုက ဖြစ်လာသမျှာ ပြဿနာတိုင်းကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့။တစ်နည်းအားဖြင့် ပြောရရင် Adversity Quotient (AQ) မြင့်ဖို့။

မိုးမရွာလောက်ပါဘူးကွာ ဆိုပြီး ထီးမယူဘဲ အိမ်ကထွက်လာတာဟာ အကောင်းမြင်တာ မဟုတ်ဘူး။ အဲဒါ ပေါ့တာပါ။သေရင်လည်း ဒါတွေကချန်ထားခဲ့ရတာပဲ ဆိုပြီး မကြိုးစားပဲ နေတာဟာလည်း အကောင်းမြင်တာ မဟုတ်ဘူး။အဲ့ဒါ ပျင်းတာပါ။ အကောင်းမြင်စိတ်ဆိုတာကတော့ ကိုယ်အကောင်းဆုံး လုပ်ပါရက်နဲ့ မျော်လင့်မထားတဲ့ အခြေနေတွေကြောင့် ရှုံးနိမ့်မှုတွေ၊ အဆင်မပြေမှုတွေ ကြုံရတဲ့အခါ ရှေ့ဆက်နိူင်တဲ့ အစွမ်းသတ္တိကို ခေါ်တာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ ပြောင်းလဲလာတဲ့ အခြေနေတိုင်းနဲ့ လိုက်လျောညီထွေ နေတတ်ဖို့ပါ။ Flexibility လို့ခေါ်ပါတယ်။ခေတ်ကို ဘာဖြစ်လာမလဲ မှန်းဆလို့ မရပါဘူး။ အပြောင်းအလဲကိုလည်းတားဆီးလို့ မရဘူး။ ကိုယ့်ကိုယ်ကိုယ် အဲ့ဒီအပြောင်းအလဲနဲ့ မြန်မြန်ဆန်ဆန် အံ့ဝင်အောင်ပဲ လုပ်ရပါလိမ့်မယ်။

အဲ့ဒီ AQ နဲ့ Flexibility ဟာ လာမယ့်နှစ်တွေအတွက် အလိုအပ်ဆုံး အရည်အချင်းတွေ ဖြစ်လာတော့မှာပါ။

(၃) အစားထိုးရခက်သူ ဖြစ်ပါစေ။

နည်းပညာတွေ တိုးတက်လာတော့ အခြေခံလုပ်သားတွေ အလုပ်ပြုတ်ကုန်တယ်။ နည်းပညာတွေဟာ လူတွေရဲ့ နေရာကို ပိုလို့ ပိုလို့ အစားထိုးဝင်ရောက်လာတော့မယ်။ ဥပမာတစ်ခု ပေးပါရစေ။ Chat bot ဆိုတဲ့ နည်းပညာနဲ့ လူအယောက် ထောင်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း မက်ဆေ့ပို့လို့ ရလာတဲ့ခေတ်မှာ ကိုယ်က အဲဒီလို မက်ဆေ့ကတဆင့် Customer နဲ့ စကားပြောတာလောက်ပဲ လုပ်တတ်နေမယ်ဆို သေချာပေါက် အလုပ်ပြုတ်တော့မှာပါ။

အဲ့ဒီအတွက် တစ်နေရာရာမှာ အထူးပြုတဲ့ specialized knowledge ရှိဖို့ လိုအပ်လာတယ်။ မဟုတ်ရင် ဒီခေတ်မှာ အလုပ်ရဖို့ မသေချာတော့ဘူး။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ငါဟာ ဘယ်လောက်အစားထိုးရ ခက်တဲ့လူလဲလို့။ သိပ်လွယ်နေတယ် ဆိုရင်တော့ သေချာတယ်၊ အနာဂတ်မှာ ပြဿနာတွေရှိလာပါလိမ့်မယ်။

(၄)ပိုက်ဆံရှာပါ။

ပိုက်ဆံချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့သူတွေ ရှိပေမယ့် ပိုက်ဆံမရှိလို့ စိတ်ဆင်းရဲနေရတဲ့သူတွေ၊ အဆင်မပြေဖြစ်နေကြတဲ့ အိမ်ထောင်တွေ၊ မသာယာကြတဲ့မိသားစုတွေကပိုများပါတယ်။ သေရင်လည်း ထားခဲ့ရတာပါပဲ၊ သို့သော် ရှင်သန်နေတုန်းမှာတော့ ငွေကလိုအပ်ပါတယ်။ ရိုးသားမှုကို တန်ဖိုးထားလား။ ငွေရှိဖို့လိုတယ်။ မိသားစုကို ချစ်လား။ ငွေရှိဖို့လိုတယ်။ အိမ်ထောင်ရေး အဆင်ပြေချင်လား။ ငွေရှိဖို့လိုတယ်။ မိဘကိုဆေးကုပေးချင်လား။ ငွေရှိဖို့လိုတယ်။ ဘာပဲလုပ်ချင်လုပ်ချင် အခြေခံအနေနဲ့ ငွေရှိဖို့လိုပါတယ်။ ဒါကြောင့် ဘယ်သူ့ကိုမှ မထိခိုက်တဲ့နည်းနဲ့ ငွေကို ကြိုးစားရှာပါ။ အသုံးအဖြုံးလျော့ပါ။ စုပါ။

အပိုင်း(၂)အားဆက်လက်ဖတ်ရှုရန်>>>

မူရင်းရေးသားသူအားလေးစားစွာ credit ပေးပါသည်။

Related Posts