မိန်းမများအတွက်

မိန်းမများအတွက် ဤပစ္စည်းများသည် အလွန်အဖိုးတန်သည်

ရှေးပဝေသဏီမှစ၍ ပန်းများကို အချစ်၏ အထိမ်းအမှတ်ဟူ၍ ယူဆခဲ့ကြ၏။ စင်စစ်မှာ ပန်းများ၏တန်ဖိုးသည် မများလှချေ။ မနက်ဖြန် သင်သည် အလုပ်မှ ပြန်လာသောအခါ သင်၏မိန်းမအဖို့ ပန်းတစ်ခိုင်လောက် ဝယ်သွားရလျှင် မကောင်းပေဘူးလား၊ ဒီလိုဝယ်သွားလျှင် ဘာဖြစ်မလဲ၊ စမ်းကြည့်စမ်းပါ။

ဂျော့ အမ် ကော်လန် ဆိုသူသည် အလွန်အလုပ်များသူတစ်ဦး ဖြစ်၏။ ထိုသို့ အလုပ်များလျက်နှင့်ပင် သူ၏မိခင်ထံသို့ အလုပ်လုပ်ရာမှနေ၍ တစ်နေ့လျှင် နှစ်ကြိမ်ကျ စကားပြောကြေးနန်းနှင့် ပြောလေ့ရှိ၏။ ဤသို့ပြောခြင်းသည် အရေးတကြီး ပြောစရာစကားများ ရှိ၍ပင်လော။ မရှိပါ။ သူ၏မိခင်အား အစဉ်သတိရကြောင်း ပြချင်သောကြောင့်ပင် ဖြစ်ပါသည်။

ရှီကာဂိုမြို့ရှိ တရားသူကြီး ဂျိုးဆက် ဆက်ဘက်သည် မသင့်မတင့်၍ ရုံးသို့ရောက်လာသော အိမ်ထောင်သည်ပေါင်း လေးသောင်းကျော်၏ အမှုကို စစ်ဆေးဖူး၍ အိမ်ထောင်သည် နှစ်ထောင်လောက်ကို ပြန်လည်စေ့စပ်ပေးခဲ့ဖူး၏။ ထိုတရားသူကြီးက အောက်ပါအတိုင်း ထုတ်ဖော်ပြောဆိုဖူးလေသည်။

‘များသောအားဖြင့် လင်မယားအချင်းချင်း မသင့်မတင့် ဖြစ်ရခြင်းမှာ အခြားကြောင့်မဟုတ်၊ အသေးအဖွဲ ကိစ္စကလေးများကြောင့်ပင် ဖြစ်၏။ ဥဒါဟရုဏ် လင်ဖြစ်သူ အလုပ်သို့ သွားကာနီးတွင် မယားဖြစ်သူက ‘အလုပ်သွားတော့မလား ကိုကို’ အစရှိသဖြင့် နှုတ်ခွန်းဆက်သရုံလောက်နှင့် လင်ကွာမယားကွာကိစ္စများသည် ပျောက်ကွယ်သွားနိုင်သည်’

ကမ္ဘာကျော်လင်္ကာဆရာကြီး ရောဘတ် ဘရောင်းနင်းသည် သူ၏မယားကို ယုယပိုက်ထွေးပုံမှာ စာတင်လောက်ပေသည်။ သူ၏မယား နာတာရှည်အား မပြယ်သောမေတ္တာ ကြင်နာသော ယုယခြင်းတို့ဖြင့် အမြဲတစေ ပြုစုနေလေရာ သူ၏မိန်းမဖြစ်သူက ညီမများထံသို့ ‘ရောဘတ်ဟာ မမကို သိပ်ပြီး ဂရုစိုက်တာပဲ၊ တစ်ခါတလေ မမကိုယ်မမ ဘုံကြိုးပြတ်တဲ့ နတ်ဒေဝီများ ဖြစ်နေလို့ ရောဘတ်ဟာ မမအပေါ်မှာ ဒါလောက်တောင် အချစ်တိုးနေရော့သလားလို့ အောက်မေ့မိတယ်’ ဟူ၍ ရေးသားဖူး၏။

လင်နှင့်မယား ပေါင်းသင်းဆက်ဆံကြရာတွင် ရေရှည်ကျသောအခါ ကိစ္စအသေးအဖွဲများကို အများအစား တွေ့ရပေမည်။ ထိုကိစ္စကလေးတွေကို ဂရုမစိုက်သော လင်မယားသည် ဒုက္ခရောက်တော့သည်။ အက်ဒနာ စိန့်ဗင်စင့် မီလေ ဆိုသူက ထိုအကြောင်းကို ‘သူ အချစ်ပြယ်လို့ ကျွန်မ စိတ်မညစ်ပါ၊ အသေးအဖွဲကလေးတွေကြောင့်သာ ကျွန်မတို့ အချစ်ပြယ်ရတာ’ ဟု လင်္ကာစပ်ဆိုခဲ့ဖူးလေသည်။ ထိုလင်္ကာကလေးကို အရ ကျက်ထားနိုင်လျှင် ကောင်းပေမည်။ ရီနိုအရပ်တွင် တနင်္ဂနွေတစ်ပတ်လျှင် ခြောက်ရက်မျှ လင်မယားကွာရှင်းမှုများကို စီရင်ဆုံးဖြတ်ပေးရ၏။ ထိုအမှုမျိုး မည်မျှများပြားသနည်းဆိုသော် ဆယ်မိနစ်လျှင် တစ်မှုကျ ဆုံးဖြတ်ပေးရပါ၏။ ဤမျှ များပြားသော လင်မယားကွာရှင်းမှုများတွင် အလွန်ကြီးကျယ်သော အကြောင်းကြောင့် ကွာရှင်းရသောအမှုပေါင်း မည်မျှပါမည်နည်း။ များပြားလှမည် မဟုတ်ချေ။ ထိုရုံးများတွင် တစ်နေကုန် တစ်နေခန်း ထိုင်၍နားထောင်လျှင် ‘အသေးအဖွဲကလေးတွေကြောင့်သာ ကျွန်မတို့ အချစ်ပြယ်ရတာ’ ဟူသော စကားမှန်ကြောင်း သင်သည် ကြားရပေလိမ့်မည်။

သင်၏ မောင်းချဓားကို ထုတ်ယူ၍ အောက်ပါစာပိုဒ်ကို ဖြတ်ယူပြီးလျှင် သင်အမြဲကြည့်သော မှန်ပေါ်တွင် ကောင်းမွန်စွာ ကပ်ထားပါ။

‘ငါသည် သွေးနှင့်ကိုယ် သားနှင့်ကိုယ် ဖြစ်၏။ ထို့ကြောင့် တစ်ဖက်သား စိတ်ချမ်းသာအောင် ငါလုပ်နိုင်သော အလုပ်ကို ယခုပင် ငါလုပ်အံ့။ ထိုသို့ လုပ်ရန်အတွက် နေ့ရွှေ့ညရွှေ့ မနေပါရစေနှင့်။ အကြောင်းတစ်မူ ငါသည် သွေးနှင့်ကိုယ် သားနှင့်ကိုယ် ဖြစ်သောကြောင့်တည်း’

ထို့ကြောင့် အကြင်လင်နှင့်မယားတို့သည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာလိုကြပါလျှင် တစ်ဖက်သားကို ကြင်နာယုယပါ။

ဤအရာသည် မိန်းမများအတွက် အလွန်အဖိုးတန်ပါသည်။

မူရင်းရေးသားသူ DALE CARNEGIE | ဘာသာပြန်ဆိုသူ ဦးနု၏ မိတ္တဗလဋ္ဋီကာစာအုပ်မှ ကူးယူဖော်ပြသည်။

Related Posts