(Managing Projects, Managing Yours Life?)
သင့်အနေဖြင့် လုပ်ငန်းစဉ်များကို စီမံကိုင်တွယ်ရသည်ဖြစ်စေ၊ ပရောဂျက်များကိုရုံးတွင်၊ သို့မဟုတ် နေအိမ်တွင် လုပ်ကိုင်ရသည်ဖြစ်စေ အောက်ဖော်ပြပါအကြံပြုချက်များသည် သင့်အား ပိုမိုကောင်းမွန်သော ရလဒ် ရရှိစေရန် အထောက်အကူပြုလိမ့်မည်။
(၁) အဆုံးသတ်ကိုအာရုံတွင်ထားပြီးစတင်ပါ (Being with the end in mind)
အတွေးစိတ်ကူးတွင် မြင်ယောင်ခြင်း၊ ထိုအမြင်အကြောင်း အခြားသူများကို ပြောပြခြင်းသည် သော့ချက်ဖြစ်သည်။ ဤအဆင့် ကဏ္ဍတွင် အချိန်အတော်များများယူပါ (ကျွမ်းကျင်သူများက စီမံချက်တစ်ခု၏ အချိန်အများစုကို ဤအဆင့်တွင် သုံးစွဲရန် အကြံပြုသည်)။ ဖြစ်နိုင်ခြေများကို ဆက်စပ်ကြည့်ပါ။ အရာထင်သူများနှင့် စကားပြောပါ။ အားသာချက်များနှင့် အားနည်းချက် များစာရင်းကို ပြုစုပါ။ အစည်းအဝေးများတွင် ခေါင်းချင်းရိုက်အဖြေရှည်နည်းကို ကျင့်သုံးပါ။ သင့်အနေဖြင့် ဘာတစ်ခုမှ မကျန်အောင် စဉ်းစားပြီးပြီဟု ခံစားသင့်သည် (တကယ်တမ်းတွင် တစ်ခုခုကျန်ခဲ့မည် သေချာသည်)။ အကြောင်းအရာနှင့် စပ်လျဉ်းပြီး ‘ဘာဖြစ်လို့လဲ’ ဆိုသည့်မေးခွန်းကိုမေးပြီး ထို မေးခွန်းအတွက် အဖြေများအားလုံး ရယူပါ။
သင့်မိသားစုဘဝ၊ သို့မဟုတ် သင့်အသက်မွေးဝမ်းကျောင်းအလုပ်အတွက် ကြိုတင်ကြံဆရာတွင် သင့်အနာဂတ်ကို ပြင်ဆင်ရန် ဤနည်းလမ်းကို ကျင့်သုံးနိုင်သည်။ စိတ်အာရုံတွင် မြင်ကြည့်ပါ။ ချရေးပါ။ အခြားသူများနှင့် စကားပြောပါ။ စာဖတ်ပါ။ သုတေသနပြုပါ။ သင်၏ ကြိုးစားအားထုတ်မှု ပိုများလေ၊ ရလဒ်ပိုကောင်းရန် အာမခံချက်ရှိလေ ဖြစ်မည်။
(၂) ကြိုတင်ပြင်ဆင်ရန်ပျက်ကွက်ပါက ကျရှုံးဖို့ ပြင်ဆင်ထားပါ (Fail to plan and plan to fail)
သင် ဤအပိုင်းကိုသဘောကျလျှင်ကျမည်၊ အမြင်ကတ်လျှင် ကတ်မည် (အမြင်ကတ်သည့်စာရင်းတွင် ကျွန်မကိုလည်း ထည့်သွင်းနိုင်သည်)။ အကြောင်းမလှစွာဖြင့် အမှန်တရားမှာ သင့်အဘွား ပြောဆိုချက်သည် မှန်ကန်ခဲ့ပေသည်ဆိုတာ ဖြစ်သည်။ သင် ပထမတစ်ကြိမ်တွင် အဆင်ပြေအောင်လုပ်ဖို့ အချိန်မရှိပါက နောက်တစ်ကြိမ် ပြန်လုပ်ရန်လည်း အချိန်မရှိပါ။ ကျွမ်းကျင်သူများ၏ ညွှန်ပြချက်အရ သင် ကြိုတင်စီမံမှု တစ်မိနစ်ပြုလုပ်ခြင်းအတွက် အကောင်အထည်ဖော်မှုတွင် သုံးမိနစ် သက်သာသည်။ လေ့ကျင့်ရေးလောကတွင်အများ လက်ခံထားသည့် စည်းမျဉ်းအရ ကြိုတင်စီမံခြင်း၊ ပြင်ဆင်ခြင်းနှင့် အကောင်အထည်ဖော်ခြင်း အချိုးသည် ၈:၁ ဖြစ်သည်။ အလုပ်ရုံဆွေးနွေးပွဲ တစ်နာရီအတွက် ရှစ်နာရီ ကြိုတင်ပြင်ဆင်ရသည်။ ကျွန်မတို့အိမ်တွင် လက်ခံထားသည့်စည်းမျဉ်းတစ်ခုရှိသည်။ စနေ၊ တနင်္ဂနွေ အားလပ်ရက်ပရောဂျက်တစ်ခု ရှိပါက လိုအပ်မည့်အချိန်ကို ခန့်မှန်းပါ။ ထိုခန့်မှန်းခြေကို သုံးဆတိုးပါ။ ဘယ်တော့မှ မမှားပါ။
(၃) နေရာယူ၊ အသင့်ပြင်၊ ထွက်တော့ (On your mark, get set, go!)
ယင်းသည် ကျွန်မတို့အားလုံး မျှော်လင့်စောင့်စားသည့်အပိုင်း ဖြစ်သည်။ ပရောဂျက်အသစ်ကို စတင်ခြင်း၊ သင်စိုက်ရန် ရည်ရွယ်ထားသည့် ပန်းခြံကို စိုက်ပျိုးခြင်း၊ ပထမဆုံး ကောလိပ်သင်တန်းအတွက် စာရင်းပေးသွင်းခြင်း စသည်တို့ဖြစ်သည်။ ထိုအဆင့်တွင် စိတ်အားထက်သန်မှု မလွဲမသွေရှိမည်။ ပြဿနာမှာ ထိုစိတ်အားသန်မှုသည် ပရောဂျက်သက်တမ်း တစ်လျှောက် လျော့ပါးလာမည်။ ထိုဖြစ်စဉ်ကို တိုက်ဖျက်ရန် ပရောဂျက်၏အဆင့်တစ်ခုချင်းကို အသစ်စတင်ခြင်း အဖြစ် ရှုမြင်ပါ။
အရွယ်ရောက်သူများ သင်ယူမှုဆိုင်ရာသုတေသန၏ ညွှန်ပြချက်အရ အရွယ်ရောက်သူများသည် အစပိုင်းနှင့်အဆုံးပိုင်းကို ကြိုက်နှစ်သက်ကြသော်လည်း အလယ်ပိုင်းကို မကြိုက်မနှစ်သက်ကြပါ။ ထို့အကြောင့် သင့်ကိုယ်သင် လှည့်စားပါ။ ပို၍ကြီးမားသော ပရောဂျက်တစ်ခု၏အလယ်ပိုင်းရှိအရာရာကို သေးငယ်သောခြေလှမ်းတစ်လှမ်းအဖြစ်လည်းကောင်း၊ လုပ်ငန်းတစ်ခု အစပျိုးခြင်းအဖြစ်လည်းကောင်း၊ ကဏ္ဍသစ်တစ်ခုအဖြစ်လည်းကောင်း စီမံပါ။ သင်စိတ်အားထက်သန်မှု ပြန်ရှိလာပြီး သင် မသိခင်မှာပင် သင့်တာဝန် ပြီးဆုံးသွားလိမ့်မည်။
(၄) တံခါးပိတ်လိုက်ပါ (Close the door)
ဤနောက်ဆုံးအဆင့်တွင် အပိုင်းနှစ်ပိုင်းရှိသည်။ ပထမပိုင်းအနေဖြင့် ပရောဂျက်တစ်ခုသည်ပြီးဆုံးသင့်သည်။ ‘တံခါးပိတ်ပါ’ ဆိုသည့် ဝေါဟာရသည် ပရောဂျက်ပြီးဆုံးကြောင်း သင်ကြေညာပြီး ရလဒ်များကို ပေးအပ်သင့်သည်ဟု ဆိုလိုသည်။ သင် စဉ်ဆက်မပြတ် လုပ်ကိုင်နေသည်။ တစ်နေ့ချင်း အကောင်အထည်ဖော်နေသည်ဆိုလျှင်တော့ တစ်ခုခုမှားယွင်းနေပြီဖြစ်သည်။ ဒုတိယပိုင်းအနေဖြင့် ရလဒ်ကိုလည်းကောင်း၊ သင့်ကို ထိုနေရာသို့ ရောက်စေခဲ့သည့်လုပ်ငန်းစဉ်က အဆင်မပြေဆိုသည်ကိုသိထားလျှင် နောက်တစ်ကြိမ်တွင် သင့်ရလဒ်များကို တိုးတက်ကောင်းမွန်စေနိုင်လိမ့်မည်။
မြနှင်းဆီ ဘာသာပြန်ရေးသားထားသော သင့်လုပ်ငန်းတွင် မွေ့လျော်ရန် နည်းလမ်း ၁၀၁ သွယ် စာအုပ်မှ ကူးယူဖော်ပြထားပါသည်။