နံရံပေါ်က အခေါင်းပေါက် ~~~~
အသက်ကိုးနှစ်အရွယ် ကောင်လေးနှစ်ယောက်ဟာ အလင်းပြန်နေတဲ့ ဖန်သားပြင်တစ်ခုပေါ် မျက်နှာကပ်ပြီး ကြည့်နေကြတယ်။
“ဒါဘာလဲ… ရုပ်မြင်သံကြားလား”လို့ တစ်ယောက်က မေးတယ်။
“ဟိုခလုတ်လေးတွေကို နှိပ်ကြည့်ရအောင်”လို့ နောက်တစ်ယောက်က ကီးဘုတ်ကို လက်ညှိုးထိုးပြီး ပြောတယ်။
ခလုတ်အားလုံးကို သူတို့လျှောက်နှိပ်ကြည့်လိုက်တယ်။ ဖန်သားပြင် ဘာမှမပြောင်းသွားဘူး။ အဲဒီမှာ ချက်ချင်းပဲ အယောက် ၂၀ လောက် ရှိတဲ့ အသက်ခြောက်နှစ်မှ ၁၄နှစ်အရွယ်ကလေးတွေဟာ ရွာထဲက အိမ်ကြိုအိမ်ကြားကနေ ပြေးထွက်လာကြတယ်။ အလင်းပြန်နေတဲ့ “မိုးပေါ်ကကျဆင်းလာတဲ့ ပစ္စည်း”ကို ဘာများဖြစ်မလဲဆိုတဲ့ သိလိုစိတ်နဲ့ ဝိုင်းအုံလာကြတယ်။
တကယ်တော့ ဒါဟာ အင်တာနက်တက်လို့ရတဲ့ ကွန်ပျူတာတစ်လုံးပါ။ မနေ့က မြို့ပေါ်က လူတွေ ရောက်လာပြီး ရွာလယ်မှာ အုတ်အိမ်လေးတစ်လုံးဆောက်ပြီး ကွန်ပျူတာကို တပ်ဆင်လိုက်တာဖြစ်ပါတယ်။ ကွန်ပျူတာ ဖန်သားပြင်ကို အုတ်အိမ်ရဲ့ ပြတင်းပေါက်အပြင်ဘက် ထုတ်ထားပါတယ်။ လာတပ်ဆင်ပေးတဲ့ လူတွေက ကလေးတွေကို ဒီစက်ပစ္စည်းအသစ်က မင်းတို့ ကစားဖို့လို့ပဲ ပြောခဲ့တယ်။
ကလေးတွေက သူတစ်မျိုး ငါတစ်မျိုးနဲ့ အကြံထုတ်ပြီး စက်အသစ်ကို နှိပ်ကြည့်ကြတယ်။ စက်က ဘာမှမပြောင်းလဲသွားဘူး။ ငါးမိနစ်လောက်နေတော့ ခလုတ်တချို့ကို နှိပ်လိုက်ရင် ဖန်သားပြင်ပေါ်မှာ မြှားသဏ္ဍာန်လေးကို ရွှေ့လို့ရတယ်ဆိုတာ သိသွားတယ်။ တကယ်လို့ အလယ်က ခလုတ်ကြီးကို နှိပ်လိုက်ရင် ပုံအသစ် ထွက်လာတတ်တယ် ဆိုတာ သိသွားတယ်။ ဟိုစမ်းသိစမ်းနဲ့ တစ်အောင့်နေတော့ ပုံတစ်ခုခုကို သူနှိပ်မိလိုက်ပြီး အင်တာနက်ချိတ်သွားတော့တယ်။ နာရီအနည်းငယ်အကြာမှာ သူနဲ့တခြားကလေးတွေဟာ ဂိမ်းတွေ ဆော့ကစားနေပါပြီ။ ဒါဟာ သူတို့အတွက် ပထမဆုံးအကြိမ် ကွန်ပျူတာနဲ့ ထိတွေ့တာဆိုပေမယ့် သိပ်မကြာပါဘူး….. ဒစ္စနီရဲ့ ဝက်ဘ်ဆိုက်ထဲ သူတို့ အောင်မြင်စွာ ဝင်ရောက်သွားနိုင်ခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်က ဒီလိုမြင်ကွင်းမျိုးကို အိန္ဒိယနိုင်ငံ အနှံ့အပြားမှာ အကြိမ် ၆၀၀ ထက်မနည်း ဖြစ်ပျက်ခဲ့ပါတယ်။ တက္ကသိုလ်ပါမောက္ခ ဆူဂါတာ မစ်ထရာ (Sugata Mitra)က ဒီစိတ်ကူးကို စတင်ခဲ့တာဖြစ်ပြီး ဒါကို “နံရံပေါ်က အခေါင်းပေါက်”လို့ အမည်ပေးခဲ့ပါတယ်။ ဒီစိတ်ကူးက ဆင်းရဲသားကလေး ထောင်ပေါင်းများစွာကို ကွန်ပျူတာနဲ့ ထိတွေ့စေခဲ့တဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။ ကွန်ပျူတာပါတဲ့ ဒီအုတ်အိမ်ငယ်လေးတွေဟာ ဟိမဝန္တာတောင်တန်းဒေသကနေ Mumbai မြို့လယ်က အများပြည်သူနဲ့ ဆိုင်တဲ့ နေရာအထိ ပျံနှံ့ခဲ့ပါတယ်။ သတိထားမိခဲ့ရင်ဖြင့် လူကြီးတွေကြားဝင် မစွက်ဖက်ဘဲနဲ့ ဒီကလေးတွေဟာ သူတို့ဘာသာသူတို့ ကွန်ပျူတာကိုသုံးပြီး အင်္ဂလိပ်စာနဲ့ သင်္ချာကို လေ့လာနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကလေးတစ်ချို့က သူတို့ရဲ့ သင်ယူလေ့လာခြင်းကို အဲဒီနေရာမှာပဲ အုတ်မြစ်ချခဲ့ပြီး နောက်ပိုင်းမှာ နိုင်ငံရေးသိပ္ပံ၊ ရူပဗေဒ၊ ဇီဝဗေဒ စတဲ့ တက္ကသိုလ်ကျောင်းသားတွေ ဖြစ်လာခဲ့ပြီး သူတို့ရဲ့ လက်ရှိကံကြမ္မာကို တွန်းလှန်နိုင်ခဲ့ကြပါတယ်။
ကလေးတွေက ကွန်ပျူတာပါရမီရှင်တွေပါ။
“၁၉၈၅ ခုနှစ်က နယူးဒေလီမှာ ကျွန်တော်ကွန်ပျူတာပရိုဂရမ်မင်းဆရာ လုပ်ခဲ့ပါတယ်။ စတာလင်ပေါင် ၅၀၀ တန် ကွန်ပျူတာတစ်လုံးကို ကျွန်တော်ဝယ်ခဲ့ပါတယ်။ အသက်လေးနှစ်အရွယ်သာရှိတဲ့ ကျွန်တော့်သားလေးက အဲဒီကွန်ပျူတာကို ဆော့ကစားချင်ခဲ့တယ်။ ကျွန်တော်က သူ့ကို ဒီကွန်ပျူတာကို ကစားဖို့ လုံးဝစိတ်မကူးနဲ့လို့ ပြောလိုက်တယ်။ ဒါပေမယ့် သူက ကျွန်တော်သုံးနေတာကို ပဲ ဆက်ရပ်ကြည့်နေခဲ့တယ်”
အသက် ၅၇ ခုနှစ်ရှိပြီဖြစ်တဲ့ မစ်ထရာက ရယ်ရင်း နွေးထွေးတဲ့ အသံနဲ့ သူ့အတိတ်ဇာတ်ကြောင်းကို လှန်ပြနေခဲ့ပါတယ်။
“ရက်အနည်းငယ်အကြာမှာ ကွန်ပျူတာထဲက ဖိုင်တစ်ခုကို ကျွန်တော်ရှာမတွေ့ခဲ့ဘူး။ command ထဲမှာ dir/w/p လို့ ရိုက်ထည့်ကြည့်ပါလားလို့ ကျွန်တော့်သားက ကျွန်တော့်ကို သင်ပြပါတယ်။ သူပြောတဲ့ အတိုင်း ကျွန်တော်လုပ်ကြည့်လိုက်တာ ကျွန်တော့်ဖိုင်ကို ချက်ချင်းရှာတွေ့ခဲ့တယ်။ အချိန်တိုတို တစ်လအတွင်းမှာပဲ ကျွန်တော်သားရဲ့ ကွန်ပျူတာအတတ်က ကျွန်တော့်ကို ကျော်သွားခဲ့တယ်။ လောကမှာရှိတဲ့ မိဘတွေအတိုင်းပဲ ကျွန်တော်နဲ့ ကျွန်တော်ဇနီးက ကျွန်တော်တို့ရဲ့သားကို ပင်ကို စွမ်းရည်ရှိသူ ပါရမီထူးသူလို့ ထင်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော့်မိတ်တွေနဲ့ ဒီအကြောင်းဆွေးနွေးဖြစ်ကြတော့ သူတို့ ကလေးတွေလည်း ကွန်ပျူတာပါရမီရှိတဲ့သူလို့ သိလိုက်ရတယ်”
၁၁ နှစ်အကြာမှာ မစ်ထရာဟာ NIIT အိုင်တီ ကုမ္ပဏီရဲ့ အဓိက သိပ္ပံပညာရှင်ဖြစ်လာခဲ့တယ်။ နယူးဒေလီမှာရှိတဲ့ NIIT အဆောက်အအုံကြီးဟာ ဆင်းရဲသားရပ်ကွက်နဲ့ ဘေးချင်းကပ်လျက်ပါ။ ဆင်းရဲသားရပ်ကွက်မှာ ဝက်တွေက အမှိုက်ပုံမှာ ဟိုထိုးဒီဆွနဲ့ အစာရှာကြတယ်။ အဲဒီအမှိုက်ပုံမှာပဲ ရပ်ကွက်သားတွေက အပေါ့အလေးစွန့်ကြတယ်။ အဲဒီနေရာကပဲ ဆင်းရဲသားကလေးတွေရဲ့ ဘောလုံးကစားရာနေရာလည်း ဖြစ်ပါတယ်။
NIIT အဆောက်အအုံရဲ့ အပြင် နံရံပေါ်မှာ အပေါက်အကြီးအငယ်တွေ ပွထနေပါတယ်။ မစ်ထရာက စူးစမ်းလိုစိတ်နဲ့ အပေါက်ကြီးတစ်ပေါက်မှာ ကွန်ပျူတာတစ်လုံးထိုးထည့်လိုက်တယ်။ အဲဒီအပေါက်က ကွန်ပျူတာနဲ့ ကွက်တိပါပဲ။ မြေပြင်အမြင့် တစ်မီတာမပြည့်ဘူး။ ကလေးတွေရဲ့ အရပ်နဲ့ မီတာမို့ သူတို့အလွယ်တကူ ထိတွေ့နိုင်ပါတယ်။
နောက်တစ်နေ့မှာ လုပ်ဖော်ကိုင်ဖက်တစ်ဦးက မစ်ထရာကို “အပြင်မှာ ဟိုကလေးတွေ အင်တာနက်သုံးနေတယ်” လို့ ပြောပါတယ်။
“သူတို့ကို ဘယ်လိုလုပ်ရမယ်လို့ မင်းသင်လိုက်သေးလား”
“ဘယ်လူကြီးမှ သူတို့အနားမကပ်ခဲ့ပါဘူး”
မစ်ထရာက နောက်ထပ်ကွန်ပျူတစ်လုံးနဲ့ ကလေးတွေကစားနေတဲ့ ကွန်ပျူတာကို ဖမ်းကြည့်လိုက်တယ်။ လူကြီးတွေရဲ့ အကူမပါဘဲ
သူတို့ဟာ ကွန်ပျူတာကို သုံးပြီး ဂိမ်းကစားနေတာကို တွေ့လိုက်ပါတယ်။ နှစ်ပတ်အကြာမှာ ကွန်ပျူတာကို သူဖွင့်ကြည့်လိုက်တော့ word ဖိုင်တစ်ခုကို သူတွေ့လိုက်တယ်။ အဲဒီဖိုင်ထဲမှာ ရောင်စုံစာလုံးတွေနဲ့ “I Love India” လို့ ရေးထားတာကို တွေ့လိုက်တယ်။ အဲဒီစာရေးသူကို မစ်ထရာရှာတွေ့ခဲ့ပါတယ်။ အသက်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ပါ။ ကွန်ပျူတာပါမောက္ခ၊ အိုင်တီကုမ္ပဏီရဲ့ သိပ္ပံပညာရှင်ဖြစ်တဲ့ မစ်ထရာ အဲဒီကောင်လေးရဲ့ ပြသမှုကြောင့် word မှာ စာလုံးကို အရောင်ခြယ်လို့ ရတဲ့ ဖန်ရှင်(Function) တစ်ခုရှိသေးကြောင်း သိလိုက်ရပါတယ်။
သိပ်မကြာပါဘူး.. ဖခင်တွေက အင်တာနက်ကနေ အလုပ်ရှာပေးဖို့ ကလေးတွေကို ပြောကြသလို မိခင်တွေကလည်း ကိုယ့်မွေးနေ့နက္ခတ်ပုံတွေကို ကြည့်ချင်ကြောင်း ပြောလာကြပါတယ်။
“ကျွန်တော့်သားလေးကို စွမ်းရည်ပါရမီရှိသူလို့ ကျွန်တော်နဲ့ ဇနီးထင်ခဲ့ကြသလို့ပဲ သူတို့လည်း သူတို့ကလေးတွေကို စွမ်းရည်ပါရမီရှိသူလို့ ထင်ခဲ့ကြပါတယ်”
အဲဒီနောက်မှာတော့ Mitra ဟာ “နံရံပေါ်က အခေါင်းပေါက်” ဆိုတဲ့အရာနဲ့ လူထုတွေကြား လက်တွေ့စမ်းသပ်မှုတွေကို အကောင်အထည်ဖော်ခဲ့ပါတယ်။ စစချင်းမှာတော့ ကလေးတွေရဲ့ လက်ချက်ကြောင့် ကွန်ပျူတာဖန်သားပြင်ပျက်စီးသွားတယ်ဆိုတာကိုတော့ မေးစရာမလိုပါဘူး။ ဒါကို မစ်ထရာလည်းသိပါတယ်။ “အခေါင်းပေါက်”ကို ဘယ်လိုမြဲမြဲအောင် လုပ်သင့်တယ်ဆိုတာ သူတွေးခဲ့တယ်။ အဲဒီနောက်မှာတော့ နံရံပေါ်က အခေါင်းပေါက်… အခေါင်းပေါက်ထဲက ကွန်ပျူတာတွေက အိန္ဒိယနိုင်ငံရဲ့ တောရွာ တောင်တန်းဒေသနဲ့ ဆင်းရဲသားရပ်ကွက်တွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ဒါက ပညာရေးလား
အင်္ဂလိပ်စာနဲ့ တခါမျှမထိတွေ့ဖူးသေးတဲ့ ဝေးခေါင်တဲ့ရွာလေးမှာ မိဘတချို့က “ကျွန်တော့် ကလေး လယ်တောင်မထွန်တတ်ဘူးဗျာ။ ဘယ်လိုလုပ်ပြီး ဒီအင်္ဂလိပ်စက်ပစ္စည်းကို သုံးတတ်မှာလဲ”လို့ပြောခဲ့ကြတယ်။
“သုံးလလောက်နေပြီး အဲဒီရွာကို ကျွန်တော်ရောက်သွားတော့ ကျွန်တော့်ကို မေးတဲ့ ကလေးတွေရဲ့ ပထမဆုံးမေးခွန်းက ဒီထက်မြန်တဲ့ Processor နဲ့ ဒီထက်ပိုသုံးလို့ ကောင်းတဲ့ မောက်စ် မရှိဘူးလားတဲ့” လို့ မစ်ထရာက ပြောပါတယ်။
အဲဒီရွာက ကလေးတွေဟာ ကွန်ပျူတာကနေ ကိုယ်တိုင်သင်ယူခြင်းနဲ့ အင်္ဂလိပ်စာလုံး အလုံး ၂၀၀ လောက်ကို တတ်မြောက်ခဲ့ပါတယ်။ ဥပမာ ကွန်ပျူထဲက exit၊ stop၊ save ဆိုတဲ့ စာလုံးတွေ ဖြစ်ပါတယ်။
သူတို့လည်း သူတို့ထင်တဲ့ ထူးထူူးဆန်းဆန်းစာလုံးတွေကို ကွန်ပျူတာထဲ ရိုက်သွင်းတတ်ကြပါတယ်။ ဥပမာ – rat (ကြွက်)ကို သူတို့ ရိုက်ထည့်ချင်ပေမယ့် rit (ဖြည်းဖြည်းချင်း)ဆိုတဲ့ စာလုံပေါင်းအမှားနဲ့ သူတို့ ရိုက်ထည့်မိတတ်တယ်။ အင်တာနက်ပေါ်က search engine က သင်ရှာချင်တာက rat လားလို့ ပြတတ်တယ်။ အဲဒီလို စမ်းသပ်မှုတွေနဲ့ အမှားတွေကို အကြိမ်ကြိမ်ပြုလုပ်မိပြီးတဲ့နောက်မှာ ကွန်ပျူတာက သူတို့ကို ဖြည်းဖြည်းချင်း အင်္ဂလိပ်စာတတ်လာအောင် သင်ပေးလိုက်တော့တယ်။ ဒီအကြောင်းကို မစ်ထရာ စာတမ်းပြုစုရေးသားခဲ့ပါတယ်။ ဒါကို ကမ္ဘာ့ဘဏ်က သတိပြုမိခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်က Millennium Development ဆိုတဲ့ ရန်ပုံငွေကို စထူထောင်နေချိန်ဖြစ်တာကြောင့် အဲဒီငွေတွေထဲက စတာလင်ပေါင် ၁၁ သိန်းကို ထုတ်ပြီး အိန္ဒယနိုင်ငံ နေရာ ၂၃ နေရာမှာ မစ်ထရာရဲ့ အဲဒီစမ်းသပ်မှုကို ဆက်လက်လုပ်ကိုင်ဖို့ ကူညီခဲ့ပါတယ်။ အဲဒီနေရာတွေက မတူတဲ့နေရာတွေပါ။ ပင်လယ်ရေအမြင့် ၅၈၀၀ မီတာမှာရှိတဲ့ ဟိမဝန္တာတောင်တန်းဒေသပါသလို ဂင်္ဂါမြစ်ပေါ်က ကျွန်လေးတွေလည်း ပါပါတယ်။ ကျွန်းပေါ်မှာထားတဲ့ ကွန်ပျူတာတွေကို မြစ်ဘက်ကို ကျောပေးထားရပါတယ်။ ကလေးတွေ မိကျောင်းဆွဲခံ ရမှာစိုးလို့ပါ။ မတူတဲ့ နေရာဒေသမှာ စမ်းသပ်ခဲ့တယ်ဆိုပေမယ့် ကလေးတွေဟာ နာရီအနည်းငယ်အတွင်းမှာ ကွန်ပျူတာကို ဘယ်လိုအသုံးပြုရမယ်ဆိုတာကို သိသွားကြပါတယ်။ အင်တာနက်ကနေ တစ်ဆင့် အားကစားဘာသာရပ်ကနေ အီလက်ထရွန်းနစ်သိပ္ပံအထိ စတဲ့ အသိပညာတွေကို သင်ယူနိုင်ခဲ့ပါတယ်။
ကလေးတွေဟာ တစ်ယောက်တည်းဆိုရင် သူနားလည်သဘောပေါက်နိုင်တဲ့အရာ နည်းကြောင်းကို မစ်ထရာသတိပြုမိခဲ့တယ်။ တကယ်လို့ ကလေးအယောက် ၂၀ လောက် ဝိုင်းစုဖွဲ့ပြီး သူတစ်မျိုး၊ ငါတစ်မျိုးနဲ့ ဝိုင်းဝန်းဆွေးနွေး၊ အကျိုးအကြောင်းသင့် တွေးခေါ်စဉ်းစားတဲ့အခါမှာတော့ သူတို့ဆက်လေ့လာသင်ယူလိုတဲ့ အချက်အလက်တွေ ရသွားပါတယ်။ အိန္ဒိယတောင်ပိုင်းက ရွာလေးတစ်ရွာမှာ မစ်ထရာက ကွန်ပျူတာထဲကို ဇီဝဗေဒဘာသာရပ်နဲ့ဆိုင်တဲ့ ဖိုင်တချို့သွင်းပြီး ကလေးတွေကို ပေးကြည့်လိုက်တယ်။ နှစ်လအကြာ အဲဒီရွာကို သူပြန်ရောက်သွားတဲ့အခါ ကလေးတွေကို နားလည်သလားလို့ သူမေးတယ်။ ကလေးမတစ်ယောက်က “DNA မော်လီကျူးတွေ မှားယွင်းမိတ္တူပွားရင် မျိုးရိုးလိုက်တဲ့ရောဂါ ဖြစ်ပွားတယ်ဆိုတာက လွဲပြီး ကျွန်မတို့ ဘာမှ နားမလည်ပါဘူး” လို့ ပြောခဲ့ပါတယ်။
“အဲဒီလို အသိပညာနဲ့ပတ်သတ်ပြီး အရင်ဆုံးသူတို့ကို ကျွန်တော်စမ်းသပ်မေးမြန်းခဲ့ဖူးပါတယ်။ အဲဒီတုန်းက သူတို့ဟာ သုညမှတ်တွေပါ။ လအနည်းငယ်အကြာမှာ သူတို့ကို ကျွန်တော်မေးမြန်းတော့ သူတို့ရဲ့ ရမှတ်က ပျမ်းမျှ ၃၀ မှတ်မှာ ရှိပါတယ်။ ဒီလိုနဲ့ သူတို့လေးစားတဲ့ အသက် ၂၀ ကောင်မလေးတစ်ယောက်ကို သူတို့ရဲ့ အဖွဲ့ခေါင်းဆောင် လုပ်ခိုင်းလိုက်ပါတယ်။ ကလေးတွေ အားလုံးကို ဦးဆောင်ပြီး ဒီအကြောင်းအရာကို တစ်ဆင့်တက်လေ့လာသင်ယူစေခဲ့ပါတယ်။ နောက်သုံးလအကြာ သူတို့ကို ကျွန်တော် ထပ်စစ်ဆေးမြန်းကြည့်တော့ သူတို့ရဲ့ ရမှတ်က ပျမ်းမျှ ၇၅ မှတ်မှာ ရှိနေခဲ့ပါတယ်” လို့ မစ်ထရာက ပြောခဲ့ပါတယ်။
၂၀၀၇ ခုနှစ်မှာ မစ်ထရာက Newcastle တက္ကသိုလ်မှာ Educational Technology ပရော်ဖက်ဆာဖြစ်လာခဲ့ပါတယ်။ ဒီစမ်းသပ်မှုကို မူလတန်း၊ အလယ်တန်းအထိ သူ ခြေဆန့်ခဲ့ပါတယ်။ အတန်းထဲက ၁၀ နှစ်အရွယ် ကျောင်းသားတွေကို လေးယောက်တစ်ဖွဲ့ဖွဲ့ပြီး အင်တာနက်သုံးစေခဲ့တယ်။ အချိန်တစ်နာရီအတွင်းမှာ အလယ်တန်းစာမေးပွဲမေးခွန်းပုစ္ဆာခြောက်ပုဒ်ကို သူတို့အောင်အောင်မြင်မြင် ဖြေဆိုနိုင်ခဲ့ပါတယ်။ ရက်သတ္တပတ်အနည်းငယ်အကြာမှာ မစ်ထရာက အင်တာနက်ကြိုးဖြုတ်ပြီး ဒီကျောင်းသားတွေကိုပဲ အဲဒီပုစ္ဆာတွေ ပြန်မေးခဲ့ပါတယ်။ သူတို့ ဖြေနိုင်ခဲ့ပါတယ်။
“ဆရာတချို့က ကျွန်တော့်ကို မေးတယ်… ဒါဟာ မှန်ကန်တဲ့ ပညာရေးလို့ဆိုနိုင်လားတဲ့။ တကယ်လို့ သင် သင်ယူနေချိန်မှာ မှန်ကန်တဲ့ အဖြေကို သိပြီး အဲဒီအဖြေတွေကိုလည်း မှတ်သားနိုင်ခဲ့တယ်ဆိုရင် ဒါဟာ.. စာသင်ခန်းထဲမှာ သင်ယူတာနဲ့ အတူတူပဲ မဟုတ်လား” လို့ မစ်ထရာက ပြောပါတယ်။
အသက် ၂၀ အရွယ် ခါဒမ် (Kadam) က ဒီ “နံရံပေါ်က အခေါင်းပေါက်” အကျိုးကို သက်သေပြခဲ့ပါတယ်။ ၂၀၀၂ ခုနှစ်မှာ သူဟာ ဝေးခေါင်တဲ့ တောရွာမှာ ကျောင်းတက်နေခဲ့ပါတယ်။ ကျောင်းမှာ ကွန်ပျူတာတပ်ဆင်ပေးပြီးတဲ့နောက်မှာ သူဟာ အာကသသိပ္ပံဘာသာရပ်ကို စွဲလမ်းခဲ့ပါတယ်။ ကွန်ပျူတာက သူ့ကို ဘယ်လို သင်ယူလေ့လာရမယ်ဆိုတာ သင်ပြခဲ့ပါတယ်။ အဲဒီနောက် အာကာသယာဉ်မှူးတစ်ဦးဖြစ်အောင် လုပ်ဖို့ သူဆုံးဖြတ်ခဲ့ပါတယ်။
“ကွန်ပျူတာသာ မရှိခဲ့ရင် ကျောင်းကထွက်ပြီး နောက်နှစ်ပေါင်းအနည်းငယ်အကြာမှာ ကျွန်မဟာ အိမ်ရှင်မတစ်ဦးပဲ ဖြစ်လာခဲ့မှာပါ။ အခုတော့ အာကာသအင်ဂျင်နီယာကျောင်းသူ တစ်ဦး အဖြစ် ကျွန်မတက္ကသိုလ်တက်နေခဲ့ပါပြီ”လို့ ခါဒမ်က ပြောခဲ့ပါတယ်။
ဆင်းရဲသား ရပ်ကွက်က နိုဘယ်ဆု
ကွန်ပျူတာနဲ့ အင်တာနက်က လူတွေကို ထီးတည်းဖြစ်စေတယ်။ လူမှုရေးခေါင်းပါးစေတယ်လို့ ဆိုကြတယ်။ မစ်ထရာကတော့ “နံရံပေါ်က အခေါင်းပေါက်” နည်းနဲ့ လူတွေရဲ့ ပေါင်းသင်းဆက်ဆံရေးကို ပိုနီးကပ်စေနိုင်တယ်လို့ ယုံကြည်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ဒီ “အခေါင်းပေါက်” က နဂိုတင်းကျပ်ခဲ့တဲ့ လူတန်းစားခွဲခြားရေးကို ဖြိုဖျက်ပစ်နိုင်ခဲ့တယ်။ လူလတ်တန်းစားကလေးက လက်သမားကလေးဆီမှာ သင်ယူတာရှိခဲ့သလို ထက်မြတ်တဲ့ ကောင်မလေးတစ်ယောက်က အပေါင်းအဖော်ကောင်လေးတွေ ရှေ့မှာ နေရာရခဲ့တယ်။ ဒီလို အဖြစ်မျိုးက လူမှုကွန်ရက်မှာ တွေ့ရခဲပါတယ်။
အိန္ဒိယဆင်းရဲသားတွေအတွက် ပစ္စည်းဝယ်တာကနေ သတင်းကြည့်တဲ့အထိ ကွန်ပျူတာကျွမ်းကျင်မှုက ပိုမိုအရေးပါလာခဲ့ပါပြီ။ “နံရံပေါ်က အခေါင်းပေါက်”စီမံချက်ကို အိန္ဒိယ အစိုးရက ကမ္ဘောဒီးယားနိုင်ငံနဲ့ တောင်အာဖရိကကို လက်ဆောင်အဖြစ် ပေးခဲ့ပါတယ်။ အဲဒီနိုင်ငံတွေမှာလည်း ဒီစီမံကိန်းအောင်မြင်ခဲ့ပါတယ်။
စာရေးဆရာမ ⇒ Nine Nine Sanay @ နိုင်းနိုင်းစနေ