စာအုပ်တစ်အုပ်ကို ထိထိရောက်ရောက် ဖတ်နိုင်ဖို့ နည်းလမ်း (၄) သွယ်

“စာတွေတော့အများကြီး ဖတ်တယ် ၊ ဒါပေမယ့် မမှတ်မိဘူးဖြစ်နေတယ်” ဒီလိုဖြစ်ဖူးတယ်ဆိုရင်တော့ ကျွန်တော်တို့ နည်းလမ်း တစ်ခုခု လိုအပ် နေပါပြီ။ စာဖတ်တယ် ဆိုတာ မှတ်မိဖို့ ရည်ရွယ်ချက်ကြီး သက်သက်ကြောင့် ဖတ်တာ မဟုတ်ဘူးဆိုပေမယ့် ၊ စာအုပ် ရဲ့ ရည်ရွယ်ချက် ၊ ပေးချင်တဲ့ message ၊ စာအုပ် အပေါ် မိမိ အယူအဆ ၊ အတွေးအမြင် စတာတွေကို မှတ်မိ နေမယ် ဆိုရင်တော့ နေ့စဉ် ဘဝမှာ ပိုလို့ အကျိုးရှိမယ်ဆိုတာ ယုံကြည်ပါတယ်။

အဲ့ဒီ့အတွက် ကျွန်တော် အခု မျှဝေမယ့် အချက်ကလေးတွေကို စမ်းသပ် လုပ်ဆောင်ကြည့်နိုင်ပါတယ်။ လိုက်လံ လုပ်ဆောင် နိုင်ဖို့ မခက်ခဲမယ့် အချက်တွေကိုပဲ ထုတ်နုတ် မျှဝေ ပေးထားတာကြောင့် အားလုံးပဲ လွယ်ကူကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(၁) နေရာကောင်း ရွေးချယ်ပါ

စာအုပ်တစ်အုပ်ဖတ်ဖို့ နေရာ ရွေးချယ်တဲ့အခါ ကျွန်တော်တို့ ကိုယ်တိုင် နဲ့ အံဝင်ခွင်ကျ ဖြစ်နေမယ့် နေရာမျိုးကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ သက်သောင့်သက်သာ ရှိဖို့ အပြင် အတော် အသင့် ဆိတ်ငြိမ်ဖို့လည်း လိုအပ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြင်ပ ဆူညံသံတွေက စာအပေါ် အာရုံစူးစိုက်မှုကို အနည်းနဲ့ အများ နှောက်ယှက် နိုင်လို့ပါပဲ။ တကယ်လို့ မိမိ နေအိမ် နဲ့ ပတ်ဝန်းကျင်က စာဖတ်ဖို့ အတွက် အဆင်မပြေဘူးလို့ ယူဆတယ် ဆိုရင် ဘုရားရင်ပြင် နဲ့ စာကြည့်တိုက်လို နေရာမျိုး တွေဟာ အေးအေးလူလူ စာထိုင်ဖတ်ဖို့ အကောင်းဆုံး နေရာတွေပဲ ဖြစ်ပါတယ်။

(၂) စာဖတ်ချိန်ကို သီးသန့်ထားပါ

စာဖတ်ချိန် ကို သီးသန့် ထားပါ ဆိုတာ တစ်နေ့တာမှာ ဘယ်အချိန် ကနေ ဘယ်အချိန်ကို စာဖတ်ကို ဖတ်ရမယ် ဆိုပြီး အချိန်ဇယား ဆွဲထား တဲ့ ပုံစံမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ စာဖတ်နေချိန်မှာ ပြင်ပ အလုပ်တွေ ၊ ပြင်ပ အာရုံတွေ ဝင်မလာအောင် ၊ လုံးလုံးလျားလျား အားလပ်တဲ့ အချိန် (အလုပ်တွေပြီးတဲ့အချိန်) ကျမှပဲ စာအုပ်တွေနဲ့ ထိတွေ့ကြည့်ဖို့ ဖြစ်ပါတယ်။ တကယ်လို့ ကျွန်တော် တို့ဟာ အချိန်မအားတဲ့ ကြားက ကိုယ့်ကိုယ်ကို တွန်းအားပေးပြီး စာဖတ်နေမယ် ဆိုရင်တော့ ခေါင်းထဲမှာ ရှုပ်ထွေးနောက်ကျိ လာမှာ ဖြစ်ပါတယ်။

(၃) အမှတ်အသား ပြုလုပ်ပါ

ကိုယ်ပိုင် စာအုပ်တစ်အုပ်ကို ကိုင်ဖတ်တဲ့အခါ လက်ထဲမှာ ဘောပင် ၊ ခဲတံ ဒါမှမဟုတ် highlight pen လိုမျိုး တစ်ခုခု ကိုင်ထားတာ ကောင်းပါတယ်။ ကျွန်တော်တို့ နှစ်သက်တဲ့ စာကြောင်း ၊ အချက်အလက် ဘယ်အရာကို မဆို စာအုပ် ပေါ်မှာ ရေးခြစ် ပြီး အမှတ်အသား လုပ်ထားလိုက်ရုံပါပဲ။ လိုအပ်ရင် အလွယ်တကူပြန်ရှာလို့ ရသလို အရောင်တွေနဲ့ ခွဲခြား မှတ်သားခြင်းကလည်း ဦးနှောက်ရဲ့ မှတ်သား နိုင်စွမ်းကို ပိုပြီး အထောက်အကူပြုပေးမှာပါ။ ဒီနေရာမှာ စာအုပ်တစ်မျက်နှာလုံးကို ပွထအောင် မှတ်သားထားတာမျိုးက အဆင်မပြေပါဘူး။ ဒါပေမယ့် တဖြည်းဖြည်း အကျင့် ဖြစ်သွားတဲ့အခါ key point တွေကို ထုတ်နုတ်မှတ်သား တတ်လာမှာ ဖြစ်ပါတယ်။

( အငှားစာအုပ်ဖတ်သူများ ၊ online reader များအနေနဲ့ နံပါတ် (၄) အချက်ကို လုပ်ဆောင်နိုင်ပါတယ်)

(၄) မှတ်စုထုတ်ပါ

ကိုယ်ပိုင်စာအုပ် ဖတ်သူများရော ၊ အငှားစာအုပ်ဖတ်သူရော နဲ့ online reader များပါ လိုက်လုပ်နိုင်မယ့် အချက်ကတော့ မှတ်စုထုတ်ခြင်း ဖြစ်ပါတယ်။

စာအုပ်တစ်အုပ်ကို ဖတ်တဲ့အခါ စာအုပ်အမည် ၊ စာရေးသူ အမည် ကစပြီး ကိုယ် သဘောကျ နှစ်သက်တဲ့ အကြောင်းအရာ ၊ အရေးအသား ၊ အချက်အလက် ၊ ဇာတ်ကောင်စရိုက်၊ ဇာတ်လမ်းအကျဉ်းချုပ်နဲ့ ကိုယ်ပိုင် သုံးသပ်မှု အချို့ကိုပါ မှတ်စုစာအုပ်ထဲမှာ ရေးထည့်ထားနိုင်ပါတယ်။

ဒီလိုမျိုး မှတ်စုထုတ်ခြင်းက လိုအပ်ရင် ပြန်ရှာရတာ ပိုမို လွယ်ကူစေမှာ ဖြစ်သလို ကျွန်တော်တို့ရဲ့ အရေးအသား စွမ်းရည်ကိုလည်း တိုးတက် လာစေမှာ ဖြစ်​ပါတယ်။ နောက်ပြီး အဲ့ဒီ မှတ်စုစာအုပ်ကလေးကပဲ ကျွန်တော်တို့ ဖတ်ခဲ့ပြီးတဲ့ စာအုပ်စာရင်းလေးဖြစ်လာမှာပါ။

စာအုပ်တစ်အုပ်ကို ထိထိရောက်ရောက် ဖတ်နိုင်ဖို့ နည်းလမ်း (၄) သွယ် အကြောင်းကို ?????? ?? ????? ???? ????? Facebook Page မှ ကူးယူဖော်ပြ ရေးသားထားပါသည်။

သုတ

OpenMoreOnline

Related Posts