ကျရှုံးခြင်းကို လက်ခံပါ

ကျွန်တော်တို့ဘဝမှာ အကြိမ်ကြိမ်ကျရှုံးနိူင်ပါတယ်။ ကျောင်းစာမေးပွဲကျတာတွေ၊ အလုပ်အင်တာဗျူးကျတာတွေ၊ ချောက်တွန်းခံရတာတွေ၊ စီးပွားရေးကျတာတွေ၊ ကိုယ်စိတ်အားထက်သန်စွာ ကြိုးစားနေတဲ့အရာတစ်ခု ပျက်စီးသွားတာတွေ စသဖြင့် ဘဝမှာကျရှုံးခြင်းတွေက ထပ်ခါထပ်ခါ ကြုံရမှာပါပဲ။

ဒီလိုမျိုး ကျရှုံးသွားတိုင်းမှာ ပြန်ထနိူင်ဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ်ကြိုးစားပါလျက်နဲ့ မအောင်မြင်တဲ့အခါ လူတိုင်းဝမ်းနည်းကြမှာပါပဲ။ ဒါပေမဲ့ ဒီအရာတွေဟာ ဘဝမဟုတ်ဘူး။ ဘဝတစ်ခုလုံးပျက်စီးသွားတာမဟုတ်ဘူး။ ဒီအရာတွေကနေ ပြန်ရုန်းမထွက်နိူင်မှသာ ဘဝတစ်ခုလုံး ကျရှုံးရလိမ့်မေ။

အရှုံးတွေနဲ့ရင်ဆိုင်ရတဲ့အခါ ဒါကို သင်ခန်းစာယူပါ။ ကျရှုံးခြင်းဟာကျွန်တော်တို့ သင်ယူတတ်မယ်ဆိုရင် အကျိုးကျေးဇူး အများကြီးရှိပါတယ်။ ဒါတွေမရှိရင်ဘယ်လိုသင်ယူကြမလဲ၊ ရင့်ကျက်မှုတွေ၊ သန်မာခြင်းတွေ ဘယ်မှာရှာဖွေနိူင်ပါ့မလဲ။ ကျရှုံးခြင်းတွေဟာ ပိုသန်မာပြီး ကြိးစားနိူင်ဖို့၊ အရှေ့ကို ဆက်သွားဖို့ တွန်းအားတွေပါ။

ဂျပန်နိူင်ငံမှာ ခွက်တွေ၊ပန်းအိုးတွေ ကွဲတဲ့အခါ အကွဲစတွေကို လွင့်မပစ်ပဲ ရွှေရည်တွေနဲ့ အက်ကြောင်းတွေကိုဆက်ပြီး အသစ်ပြန်လုပ်ကြသတဲ့။ ဒီလိုမျိုး ရွှေရည်တွေနဲ့ ကွက်လိုက်တဲ့အခါ ပိုပြီး အဖိုးတန်လာပြီး အနုပညာမြောက်တဲ့လက်ရာတစ်ခု ဖြစ်လာခဲ့တယ်။ ဒါတွေကို ဧည့်ခန်းတွေ၊ လူအများမြင်နိူင်မဲ့ ပြတိုက်လိုနေရာမျိုးတွေမှာ ထားကြသတဲ့။ ဒါဟာ အလှကြည့်ဖို့ အတွက်ချည်းမဟုတ်ဘူး။ ဒီအရာကို ကြည့်ပြီး လူတွေကို အတုယူဖို့ message တစ်ခုပေးခြင်းသာဖြစ်တယ်။

ကျွန်တော်တို့ ဘဝမှာကျရှုံးနေတဲ့ အချိန်တွေရှိမယ်။ ကိုယ့်ရဲ့ရည်မှန်းချက်တွေ ခံစားချက်တွေ တစ်စစီကျိုးပဲ့သွားချိန်တွေလည်းရှိမယ်။ ဒီလိုအရာတွေကြုံရတိုင်းမှာ ပိုလှပတဲ့အသွင်အပြင်၊ ပိုတန်ဖိုးရှိတဲ့ အရည်အသွေးနဲ့ မွမ်းမံတည်ဆောက်လာနိူင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီကျရှုံးမှုကနေ သင်ခန်းစာယူဖို့၊ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို တည်ဆောက်နိူင်ဖို့ပါပဲ။

လောကကြီးမှာ ကိုယ့်ကို ဖြိုချရိုက်ခွဲချင်သူတွေ အများကြီးရှိတယ်။ ကိုယ်အောင်မြင်မှာကို မနာလိုသူ၊ ကိုယ်ကောင်းစားမှာကို မမြင်လိုသူတွေကြုံရလိမ့်မယ်။ ဒီလူတွေရဲ့ ချောက်တွန်းခြင်းတွေ၊ ဆွဲချခြင်းတွေ၊ တိုက်ခိုက်တာတွေကြုံရတဲ့အခါတိုင်း ပြန်ထနိုင်ဖို့ကြိုးစားပါ။ သူတို့ဖြိုချလို့ မရနိုင်တော့တဲ့အထိ သန်မာပါ။ လဲကျသွားတိုင်းမှာ ကိုယ်ရဲ့အပိုင်းအစတွေကို ပိုမိုကောင်းမွန်တဲ့ အရည်အသွေးဖြစ်အောင်မွမ်းမံပါ။

” ငါကိုယ်တိုင် ပြန်တည်ဆောက်ထားတဲ့ အပိုင်းအစတွေနဲ့ လှနေတာတွေ့ရတော့ ဖြိုချရိုက်ခွဲသူတွေကို ကျေးဇူးတင်မိတယ်…” ဆိုတဲ့ စာသားလေးအတိုင်းပေါ့။ ကိုယ့်ကို မှေးမှိန်စေလိုသူတွေရှေ့မှာ တောက်ပစွာ ရှင်သန်ပါ။

ကမ္ဘာကျော်ပုဂ္ဂိုလ်တွေ၊ ကြောက်ခမန်းလိလိ အောင်မြင်မှု ပိုင်ဆိုင်ထားသူတွေဟာ တစ်ချိန်က အရှုံးကြီးရှုံးခဲ့တဲ့သူတွေ၊ အကြိမ်ကြိမ်ရုန်းကန်ခဲ့ရတဲ့သူတွေ ဖြစ်သတဲ့။

Harry Potter ဇာတ်လမ်းတွဲရဲ့ ပဲ့ကိုင်ရှင် စာရေးဆရာမ JK Rowlingဟာ သူရဲ့ Harry Potter စာအုပ်ကို စာပေတိုက်ကနေ ထုတ်ဝေဖို့ ၁၂ ကြိမ်တိတိ ပယ်ချခံခဲ့ရပါတယ်။ သူအကြိမ်ကြိမ် ကြိုးစားပြီးနောက် ထုတ်ဝေသွားနိူင်တဲ့အခါ အောင်မြင်မှုတွေဟာ အံ့မခန်းပါပဲ။

ဒီလောကရဲ့ Queen လို့တင်စားရလောက်တဲ့ Beyonce ဟာသူမရဲ့ Halo သီချင်းဖြစ်လာဖို့ သီချင်းအပုဒ်ပေါင်း ရာနဲ့ချီပြီး ရေးစပ်ခဲ့ရပါသတဲ့။ ဒီနေ့အချိန်မှာတော့ သူမရဲ့ Halo သီချင်းဟာ မသိသူမရှိလောက်အောင် နာမည်ကြီးတဲ့ သီချင်းကောင်းတစ်ပုဒ် ဖြစ်နေခဲ့ပါပြီ။

Facebook ရဲ့ FounderCEOMarkZuckerberg ပြောခဲ့တဲ့ စကားလေးတစ်ခုရှိတယ်။

“The greatest success come from having the freedom to Fail…”

“ကြီးမြတ်သော အောင်မြင်မှုတွေဟာ လွပ်လပ်စွာ ကျရှုံးခြင်းတွေကနေ ဖြစ်လာခဲ့တာပါ” တဲ့။

ဒါကြောင့် ကျရှုံးတိုင်းပြန်ထပါ။ နာကျင်ရတိုင်းပြန်ကုစားပါ။ အရှုံးတွေဟာ ဘဝမဟုတ်ဘူး။ သူဟာ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါတယ်။ စိတ်ဓာတ်မကျပဲ ပြန်ထပါ။ ဒါတွေဟာ ပိုကောင်းတဲ့ အနာဂတ်အတွက် တွန်းအားတွေပါပဲ။

စဉ်ဆက်မပြတ် ကြိုးစားနေသူတွေအဖို့ အောင်မြင်မှုဟာ သေချာပေါက် တံခါးခေါက်ပါလိမ့်မယ်။

ဆရာ သားထွေးရဲ့ အကောင်းမြင်စိတ်ထား စာအုပ်မှ ကူးယူဖော်ပြပါသည်။

Related Posts