ကျန်းမာကြံ့ခိုင်စေဖို့ရာ ကိုယ်လက် လှုပ်ရှားကစားပါ

”ကျန်းမာခြင်းသည်လာဘ်တစ်ပါး” ဟူသော စကားရပ်၏ တန်ဖိုးသည် နေထိုင်မကောင်းဖြစ်ချိန်၊ ရောဂါဘယ ထူပြောလာချိန်တွင်မှ ပေါ်လွင်လာလေ့ ရှိသည်။ လူအများစုအဖို့ နေထိုင်ကောင်းချိန်၊ ကျန်းမာရေး ကောင်းမွန်လာချိန်တွင် ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို အမှတ်တမဲ့ ဖြစ်နေလေ့ရှိသည်။ ဖျားနာကာ ရောဂါဘယဖြစ်ပွား၍ မထနိုင် မသွားနိုင်၊ မစားနိုင် မသောက်နိုင်ဖြစ်ချိန်မှ ကျန်းမာခြင်း၏ တန်ဖိုးရှိပုံကို သတိရကြသည်။ တစ်နည်းအားဖြင့် လူဖြစ်ရှုံးသွားရနိုင်သည်။ ထို့ကြောင့် ရခဲလှသော လူ့ဘဝတွင် လူဖြစ်ရကျိုးနပ်ရန်၊ လူဖြစ်မရှုံးစေရန် အခြေခံလိုအပ်ချက်သည် ကျန်းမာရေး ကောင်းမွန်ခြင်း၊ ကြံ့ခိုင်ဖျတ်လတ် သွက်လက်ခြင်းတို့ ရရှိပိုင်ဆိုင်နိုင်ရန် လိုအပ်သည်။ သို့မှသာ အကောင်းဆုံးသော အရာများ၊ အောင်မြင်မှုများကို ရယူဆွတ်ခူးနိုင်ပြီး ပျော်ရွှင်ဖွယ်ဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

မြန်မာစကားတွင် ”အသက်ဉာဏ်စောင့်၊ ဥစ္စာကံစောင့်”ဟူ၍ရှိပါသည်။ မိမိအသက်ခန္ဓာ၏ အသက်ရှည်ခြင်း၊ ကျန်းမာခြင်းအတွက် ဉာဏ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဥစ္စာပစ္စည်း ချမ်းသာကြွယ်ဝဖို့အတွက်မူ ကံလိုအပ်ကြောင်း ဆိုလိုပါသည်။ ဆရာကြီးပီမိုးနင်း၏ စာအုပ်တွင် လူတစ်ယောက်သည် ကိုယ်စိတ်ကျန်းမာရေး ကောင်းသူဖြစ်ပါက မည်သူမဆို အောင်မြင်ကြီးပွားနိုင်ပေသည်ဟု ရေးသားဖော်ပြထားသည်။ ထို့ကြောင့် အစစအရာရာ အရေးကြီးဆုံးဖြစ်သော ကျန်းမာရေးကို ကျွန်ုပ်တို့သည် ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လှသည်။ မည်သို့ စောင့်ရှောက်ကြမည်နည်း။

”ကုသခြင်းထက် ကာကွယ်ခြင်းက ပိုကောင်းသည်” ဟူသော စကားရပ်အတိုင်း ရောဂါမဖြစ်ပွားမီ လိုအပ်သော ကြိုတင်ကာကွယ်မှုများကို လုပ်ဆောင်ကြရမည်ဖြစ်သည်။ လိုအပ်သော ကြိုတင်ကာကွယ်မှုများ ဆိုသည်မှာ အနေအထိုင် အစားအသောက် ဂရုစိုက်ခြင်းပင်ဖြစ်သည်။

ကျွန်ုပ်တို့မြန်မာလူမျိုးများ အထူးသဖြင့် အသက်ငါးဆယ်ကျော် ပုဂ္ဂိုလ်များ ပြောလေ့ရှိသော စကားရှိသည်။ ‘‘အသက်အရွယ်လေးက ရလာပြီ ကျန်းမာရေးလေး လိုက်စားဦးမှ” ဟူ၍ဖြစ်သည်။ အသက်ကြီးမှ ကျန်းမာရေး လိုက်စားရမည်ဟူသော အတွေးမှားအမြင်မှားသည် လူအများစုတွင် စွဲကပ်နေကြသည်။ အမှန်တကယ်မှာ ငယ်ရွယ်စဉ်ကတည်းကပင် ကိုယ်လက်လှုပ်ရှားခြင်း၊ အားကစား တစ်ခုခု ပုံမှန်ပြုလုပ်ခြင်း၊ အနေအထိုင် အစားအသောက်ဆင်ခြင်ခြင်းတို့ ပြုလုပ်သွားမှသာ အသက်အရွယ် ကြီးရင့်သည်အထိ ကျန်းမာရေးဒေါင်ဒေါင်မြည် ကောင်းမွန်နိုင်မည်ဖြစ်သည်။ ကျန်းမာရေး ကောင်းမွန်မှသာ လူ့ဘဝ၏ အရသာကို ပြည့်ပြည့်ဝဝ ခံစားနိုင်ပေသည်။

ကျန်းမာကြံ့ခိုင်စေရန်၊ အနာရောဂါ ကင်းရှင်းရန်၊ အသက်ရှည် နုပျိုရန်အတွက် ကျွန်ုပ်တို့သည် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်း၊ ကစားခုန်စားခြင်းတို့ကို ပုံမှန်ပြုလုပ်ရန် လိုအပ်သည်။ ထိုသို့ ကျန်းမာရေးအတွက် နေ့စဉ်ကိုယ်လက် လှုပ်ရှား အားကစားပြုလုပ်ရာတွင် လူတိုင်းအတွက် အဆင်ပြေသော၊ အလွယ်ပြုလုပ်နိုင်သော အားကစားနည်းမှာ လမ်းလျှောက်ခြင်းပင် ဖြစ်သည်။ လမ်းလျှောက်ခြင်းသည် သူဌေးသူကြွယ်၊ ဝန်ထမ်း၊ သူဆင်းရဲ စသည်ဖြင့် ဆင်းရဲချမ်းသာမရွေး၊ လူတန်းစားမရွေး အလွယ်တကူ ပြုလုပ်နိုင်သော အားကစားနည်းပင်ဖြစ်သည်။ လမ်းလျှောက်ရင်း သွေးပူလေ့ကျင့်ခန်း၊ အသက်ရှူ လေ့ကျင့်ခန်းများလည်း ပေါ့ပေါ့ပါးပါး ပြုလုပ်နိုင်ပါသေးသည်။ သို့မှသာ သွေးလည်ပတ်မှု ကောင်းမွန်ခြင်း၊ အကြောအခြင်များ ၊ အရိုးအဆစ်များလှုပ်ရှားမှုရှိခြင်း၊ လေကောင်းလေသန့်ရှူရှိုက်ဖြစ်ခြင်း၊ ကိုယ်စိတ်ပေါ့ပါး လန်းဆန်းခြင်း၊ ခန္ဓာကိုယ် အလေးချိန် လျှော့ချမှုမြင့်မားလာခြင်း စသည်ဖြင့် များစွာသော ကောင်းကျိုးများကို ရရှိနိုင်မည်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာဘုရားကလည်း တရားအားထုတ်ရာတွင် စင်္ကြံလျှောက်၍ အားထုတ်နိုင်ကြောင်းကို ညွှန်ပြခဲ့ပါသည်။

နေ့စဉ်ပုံမှန် လမ်းလျှောက်ခြင်းဖြင့် ခြေသလုံးကြွက်သားများ ပိုမိုသန်မာ လာနိုင်သည်။ ခြေသလုံးကြွက်သားနှင့် နှလုံးသည် အဆက်အစပ် ရှိသည်။ ခြေသလုံးကြွက်သား သန်မာလေ နှလုံးအားကောင်းလေဖြစ်သည်။ တစ်နည်းအားဖြင့် လမ်းလျှောက်ခြင်းကြောင့် နှလုံးရောဂါ ထိခိုက်မှုအန္တရာယ်ကို လျှော့ချပေးနိုင်သည်။ သွေးတိုးရောဂါကို လျော့ကျပြီး ခန္ဓာကိုယ်တွင်းမှ ကိုလက်စထရော အဆီများကိုလည်း လောင်ကျွမ်း လျှော့ချပေးသည်။ နံနက်စောစော လမ်းလျှောက်ပြီး အသက်ရှူခြင်း၊ သွေးပူလေ့ကျင့်ခန်းများ ပြုလုပ်ပြီး ရေမိုးချိုး၊ နံနက်စာ စားပြီးသော လူတစ်ယောက်သည် သူ၏အလုပ်၊ မိသားစုအတွက်၊ တစ်နေ့တာအတွက် လန်းဆန်း တက်ကြွနေပြီး လုပ်ငန်းတာဝန်များကို အကောင်းဆုံး လုပ်ဆောင်နိုင်မည်မှာ သေချာလှပါသည်။

ကိုယ်လက်လှုပ်ရှား အားကစားနည်းများတွင် လမ်းလျှောက်ခြင်းအပြင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဝိုင်းခြင်း၊ ဘတ်စကက်ဘော၊ စက်ဘီးစီး၊ ရေကူး၊ အပြေး၊ လက်ဝှေ့၊ သိုင်း စသည်ဖြင့် ခန္ဓာကိုယ်လှုပ်ရှား ဆောင်ရွက်ရသော အားကစားနည်းမျိုးစုံ ပါဝင်သည်။ မျက်မှောက်ကာလ ဆယ်စုနှစ်အတွင်း၌ ပိုမိုတွင်ကျယ်လာသော အားကစားခန်းမများ(Body Fitness Center)သည် လည်း နေရာနှင့် အချိန်ကန့်သတ်ချက် ရှိသောသူများအတွက် ကဏ္ဍတစ်ခု အနေဖြင့် အထောက်အကူ ပြုလျက်ရှိသည်။ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး အတွက် ကျန်းမာရေး လိုက်စားခြင်း အလေ့အထကို ဝါသနာထုံလာရန်၊ စွဲမြဲလာရန် လှုံ့ဆော်စည်းရုံးမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်ရမည်ဖြစ်သည်။ နေ့စဉ်ကိုယ်လက် လှုပ်ရှားခြင်းဖြင့် ကျန်းမာရေး ကောင်းမွန်စေပြီး ရောဂါဘယဖြစ်ပွားမှုကို လျော့ကျစေခြင်း၊ သက်တမ်းစေ့နေနိုင်ခြင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို နည်းအမျိုးမျိုးဖြင့် အထောက်အကူပြုနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ကိုယ်လက်လှုပ်ရှားမှုကို အလေးထားသော တရုတ်လူမျိုး၊ ဂျပန်လူမျိုးများသည် တစ်မျိုးသားလုံး အနေဖြင့် ပျမ်းမျှသက်တမ်း ပိုမိုရှည်လျားကြသည်ကို တွေ့နိုင်သည်။ တရုတ်လူမျိုး အများစုသည် နံနက်စောစောထ၍ လမ်းလျှောက်ကြခြင်း၊ အဘိုးကြီး၊ အဘွားကြီးများပင် အုပ်စုဖွဲ့၍ သီချင်းဖွင့်ကာ လှုပ်ရှား ကစားကြခြင်းတို့ကို ပြုလုပ်လေ့ရှိကြသည်မှာ နေ့စဉ်နီးပါးဖြစ်ကြောင်း တွေ့နိုင်သည်။ ကျွန်ုပ်တို့မြန်မာ လူမျိုးများသည်လည်း အလားတူပင် ကိုယ်လက်လှုပ်ရှား အားကစားဆောင်ရွက်ခြင်း အလေ့အထဖြစ်ပေါ်လာရန် ပျိုးထောင်ကြရမည်ဖြစ်သည်။ မိမိတို့၏နေ့စဉ်ဘဝတွင်ပါ နံနက်စောစောလမ်းလျှောက် ကိုယ်လက်လှုပ်ရှားမှု ပြု၍ အလေ့အကျင့်ကောင်းများကို ပြုစုပျိုးထောင်ရန် လိုအပ်သည်။

လေ့ကျင့်ခန်း လုပ်ဆောင်ရာတွင် စက်ဘီးစီးခြင်း၊ ခပ်သွဲ့သွဲ့ပြေးခြင်း၊ အေရိုးဗစ်ကစားခြင်း၊ လမ်းခပ်သွက်သွက် လျှောက်ခြင်းကဲ့သို့ မပြင်းထန်သော လေ့ကျင့်ခန်းများကို နေ့စဉ်နာရီဝက်ခန့် ပြုလုပ်ပေးပါက ချွေးထွက်၍ ခန္ဓာကိုယ်တွင်းမှ အပူအပုပ်များ ထွက်ခြင်း၊ သွေးကြောများပွင့်၍ သွေးလည်ပတ်မှု ပိုမိုကောင်းမွန်ခြင်း၊ ကြွက်သားများနှင့် အရိုးအဆစ်များ သန်မာခြင်း၊ အဆီကျခြင်း၊ အဆုတ်နှင့် နှလုံးကောင်းမွန်ခြင်း တို့ကို ဖြစ်ပေါ်စေပါသည်။ အထူးသဖြင့် ဆီးချိုရောဂါသည်များအတွက် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းသည် ဆေးသောက်ခြင်းထက် ပိုမိုကောင်းမွန်ကြောင်း၊ လမ်းလျှောက်ခြင်း၊ ကခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း၊ လှေကားထစ်တက်ခြင်း၊ ထိုင်ထနှင့် လက်ထောက်မှောက် ပြုလုပ်ခြင်း စသည်တို့ကို ပြုလုပ်ပေးသင့်ကြောင်း ဆရာဝန်များက အကြံပြုထားသည်။

ရောဂါသည်များအတွက် ကိုယ်လက်လှုပ်ရှားမှုသည် ရောဂါကုထုံး တစ်ခုပင်ဖြစ်သကဲ့သို့ ပုံမှန်လူငယ်လူရွယ်များ၊ လူလတ်နှင့် လူကြီးများ အတွက်လည်း ရောဂါကာကွယ်ရေး လုပ်ငန်းပင်ဖြစ်သည်။ ကျန်းမာကြံ့ခိုင်ခြင်းဖြင့် ပျော်ရွှင်ဖွယ် မိသားစုဘဝကို ပိုင်ဆိုင်နိုင်မည်ဖြစ်ပြီး မလိုလားအပ်သော ဆေးကုသမှု ကုန်ကျစရိတ်များ၊ စိတ်ဆင်းရဲရမှုများကိုလည်း ရှောင်လွှဲနိုင်မည်ဖြစ်သည်။ လူပမာရှိသော အိမ်များ၊ မိသားစုဘဝများသည် အပြည့်အဝ မပျော်ရွှင်နိုင်ကြသည်ကို ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်များ၌ မြင်တွေ့နိုင်ပါသည်။ ထို့ကြောင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းသည် ခန္ဓာကိုယ်နှင့် စိတ်ဓာတ်ကိုပါ ကျန်းမာကြံ့ခိုင်စေခြင်း၊ ပျော်ရွှင်ဖွယ် လူမှုဘဝကို ပိုင်ဆိုင်စေနိုင်ခြင်း၊ ငွေကုန်ကြေးကျမှုကို ကြိုတင်ကာကွယ်ခြင်းနှင့် ဘဝအောင်မြင်ရေး အတွက်ပါ များစွာ အထောက်အကူပြုကြောင်း ထင်ရှားစွာတွေ့မြင်နိုင်သည်။

နိဂုံးချုပ်အနေဖြင့် လူ့ဘဝသည် ရခဲလှသောကြောင့် အလွန်တန်ဖိုးကြီးပါသည်။ ရခဲလှသော လူ့ဘဝတွင် အသက်ရှင်နေထိုင်နေစဉ် ကာလ၌ ကျန်းမာရေး ကောင်းမွန်မှသာ လူဖြစ်ရကျိုး နပ်ပေလိမ့်မည်။

Google Website တစ်ခုမှ ကူးယူဖော်ပြထားသည်။

OpenMoreOnline

Related Posts