ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်

လူသားဟူသည်ကား အသွေးအသားတို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။ ခန္ဓာကိုယ်အား တောင့်တင်းသန်မာရန် အရိုးငြမ်းများ၊ အသားစိုင်များဖြင့် ဖွဲ့စည်းထားသည် မှန်သော်လည်း အသက်ရှင်သန် နေထိုင်ရေးအတွက် သွေးလည်ပတ်ခြင်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်။

လူ့ခန္ဓာကိုယ်၏ သွေးလည်ပတ်မှုစနစ် မမှန်ကန်ပါက ကျန်းမာရေးချို့တဲ့ခြင်း ခံစားရမည်သာဖြစ်သည်။ ထိုသွေးကြောများသည် သွေးအတွင်း အောက်ဆီဂျင်ရရှိမှု အားကောင်းမှသာလျှင် သွေးသားသန့်စင်၍ ကျန်းမာရောဂါကင်းခြင်း ရလဒ်ကိုရရှိမည်ဖြစ်သည်။ ထို့ကြောင့်ကျန်းမာခြင်းအတွက် အစားအသောက်ကို ဆင်ခြင်ရုံသာမက တချို့သော ကိုယ်လက်လှုပ်ရှား အားကစားခြင်းများကို ပြုလုပ်ကြရမည်ဖြစ်သည်။

ကျန်းမာခြင်း

“အာရောဂျံ ပရမံ လာဘံ” ကျန်းမာခြင်းသည်လာဘ်တစ်ပါးဟု မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးမှ ဟောကြားတော်မူခဲ့သည်။ လူသားအတွက် ကျန်းမာခြင်းရလဒ်သည် ဘုရားပေးသောဆုဟူ၍ ရှေးလူကြီးများ ဆိုလေ့ရှိသည်။ ကျန်းမာခြင်း အကျိုးတရားနှင့် ပြည့်စုံသောသူသည် အမြဲတမ်းရွှင်လန်း တက်ကြွနေမည်သာဖြစ်သည်။ စိတ်သွားတိုင်းကိုယ်ပါ၍ စေလိုရာစေနိုင်ကြသူများဖြစ်သည်။ မကျန်းမာသောသူသည် စိတ်သွားတိုင်း ကိုယ်မပါနိုင်ချေ။ မိမိအလိုရှိရာကိုလည်း စိတ်ထင်တိုင်း ပေါက်မြောက်အောင် ဆောင်ရွက် နိုင်မည်မဟုတ်ချေ။ “လောကီ၊ လောကုတ္တရာ”နှစ်ဖြာသော တာဝန်များကိုလည်း အလိုရှိတိုင်း ဆောင်ရွက်နိုင်ရန် ခက်ခဲလှပေမည်။ စီးပွားရေး၊ လူမှုရေး၊ ပညာရေး မည်မျှပင်ပြည့်စုံစေကာမူ ကျန်းမာခြင်းမရှိပါက ပြည့်စုံသူဟူ၍ သတ်မှတ်မရပါ။

စိတ်ချမ်းသာမှုမရှိလေသမျှ ပြီးပြည့်စုံသူဟူ၍ ဤလောကတွင် အသိအမှတ်ပြု၍မရနိုင်ပေ။ ကျန်းမာခြင်းသည် လူသားတိုင်း အတွက် အလွန်အရေးကြီးသည်။ ကျန်းမာရေးဝန်ဆောင်မှုများဖြင့် အမြဲမပြတ်စောင့်ကြည့်၍ မိမိကိုယ်ကို ဂရုစိုက်ခြင်းသည် အစစ်အမှန် ကျန်းမာခြင်းမဟုတ်ပေ။ ခေတ်မီဆေးဝါးများဖြင့် ဆေးကုသမှုခံယူ၍လည်းကောင်း၊ ကြိုတင်ကာကွယ်မှု ပြုလုပ်ခြင်းသည်လည်း ကောင်းကျန်းမာခြင်းဟူ၍ မခေါ်မည်ထိုက်ပေ။ အမှန်တကယ် ကျန်းမာခြင်းဟူသည်ကား မည်သည့်ဆေးဝါးကို မျှမှီဝဲခြင်းမရှိဘဲ နေထိုင်နိုင်ခြင်းကိုသာ ဆိုလိုသည်။

ထိုသို့မည်သည့် ဆေးဝါးကိုမျှမသုံးစွဲဘဲ ကျန်းမာခြင်းကိုသာ လိုလားမည်ဆိုပါက ကိုယ်လက်လှုပ်ရှားခြင်း၊ စားသောက်မှု ပုံစံမျှတအောင် စားသုံးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းခြင်း၊ နေထိုင်မှုပုံစံပြောင်းလဲခြင်း တို့ကိုသာ ပြုလုပ်ကြရမည်ဖြစ်သည်။

ကိုယ်လက်လှုပ်ရှားကစားခြင်းသည် ဗလငါးတန်ကို ဖွံ့ဖြိုးစေသည်ဟုဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်လက်လှုပ်ရှား နေသူသည် ကျန်းမာခြင်းရလဒ်ကို ပိုင်ဆိုင်ထားသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ကျန်းမာခြင်းသည် ဗလငါးတန်ကိုဖွံ့ဖြိုးစေသည်ဟု အဆိုပြုလျှင်အမှန်တရားပင်ဖြစ်ပေသည်။ ကျန်းမာလျှင် အလုပ်လုပ် နိုင်မည်။ အလုပ်လုပ်နိုင်လျှင် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ ဖွံ့ဖြိုးမည်။ လူမှုရေးနယ်ပယ်တွင် ပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်၍ မိတ္တဗလ၊ ဘောဂဗလ ဖွံ့ဖြိုးလာမည်။

ထို့ကြောင့်ကိုယ်လက်လှုပ်ရှားပေးခြင်းဖြင့် ကျန်းမာရေးကိုမြှင့်တင်ကြပြီး ဗလငါးတန်ဖွံ့ဖြိုးရန် လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ကြိုးစားကြရပေမည်။

ကျန်းမာခြင်းနှင့်သိပ္ပံနည်းကျမှု

ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့်အမျှ လူသားတို့အတွက် ကျန်းမာရေးသည်ပို၍ အရေးကြီးသည်။ ခေတ်မီနည်းပညာများဖြင့် ထုပ်ပိုးထားသော အစားအစာများကို လူအများစုကပိုမို၍ နှစ်သက်လာကြသည်။ ခေတ်နှင့်အပြိုင် လှုပ်ရှားရုန်းကန်ကြရသည့်အခါ အချိန်ကိုချွေတာမှုနှင့်အတူ ဓာတုပစ္စည်းများ ပါဝင်သော အဆင်သင့်ထုပ်ပိုးထားသည့် စားသောက်ဖွယ်ရာများကို အလွယ်တကူ ဝယ်ယူစားသောက်ကြတော့သည်။ လူသားတို့ဟူသည်ကား သွေးသားဖြင့်တည်ဆောက်ထားကြသော်လည်း တည်ဆောက်ထားသော သွေးသားအမျိုးအစား မတူညီကြခြင်းကြောင့် ခေတ်မီစားသောက်ဖွယ်ရာများသည် တချို့သောသူများနှင့် ဓာတ်မတည့်ခြင်းများ ဖြစ်တတ်ပေသည်။

ထို့ကြောင့် ကျန်းမာရေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်အတွက် ခန္ဓာကိုယ်ခုခံအားစနစ် ကောင်းမွန်ရန် ကျန်းမာရေးဆိုင်ရာ အသိပညာပေးများကိုလေ့လာ မှတ်သားပြီး နေ့စဉ်ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ကြရမည်ဖြစ်သည်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုးတိုးတက်မှုသည် ထိုတိုင်းပြည်ရှိ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သော ပြည်သူများ ကျန်းမာသန်စွမ်းမှုနှင့် တိုက်ရိုက်ဆက်နွှယ် နေပေသည်။ ကျန်းမာမှ အလုပ်လုပ်နိုင်မည်။ အလုပ်လုပ်နိုင်မှဝင်ငွေတိုးပွားမည်။ ဝင်ငွေတိုးပွားမှစားဝတ်နေရေးပြေလည်ပြီး ခေတ်နှင့်အညီ ခေတ်မီစွာနေထိုင်နိုင်ပေသည်။ ရူပဗေဒနည်းအရဆိုရလျှင် “Action and Reaction” လုပ်ဆောင်မှုနှင့် တုံ့ပြန်မှုတို့ ညီမျှခြင်း သဘောဖြစ်သည်။ ဘောဂဗေဒနည်းဖြင့် တွက်လျှင် ကျန်းမာမှ အလုပ်လုပ်နိုင်မည်။ အလုပ်လုပ်နိုင်မှ ဝင်ငွေရရှိပြီး အသုံးစရိတ်ကို ပြန်လည်ချေပနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ဘောဂဗေဒနည်းအားဖြင့်လည်း ကျန်းမာရေးသည် အရေးပါပေသည်။ ဇီဝဗေဒနည်းအရ ကြည့်လျှင်နေ့စဉ်လှုပ်ရှားနေမှသာ ဇီဝကမ္မဖြစ်စဉ်များသည် လည်ပတ်မှုရှိပြီး ဆဲလ်အဟောင်းများ ကြေပျက်၍ ဆဲလ်အသစ်များ အစားထိုးလျက် အမြဲတမ်းရွှင်လန်းတက်ကြွ နုပျိုနေပေလိမ့်မည်။

ထို့ကြောင့် ကျန်းမာရေးသည် သိပ္ပံနည်းကျသော လက်တွေ့သဘာဝ ဖြစ်သောကြောင့် သိပ္ပံပညာ ထွန်းကားလာသည့်ခေတ်တွင် ကျန်းမာရေးအသိပညာ ဗဟုသုတများ ပိုမိုလေ့လာ၍ ကျန်းမာအောင် နေထိုင်ကြရမည်ဖြစ်သည်။

Google Website တစ်ခုမှ လေ့လာထားသည်။

OpenMoreOnline

Related Posts