ဘဝနေနည်း

Digital Life ကို ပြန်လည်တည်ဆောက်ပါ (Part 1)

By Htet Nandi

March 25, 2023

ကျွန်မဟာ Facebook ပေါ်သာ မတင်ဖြစ်တာ ဓာတ်ပုံကတော့ အတော်ရိုက်တဲ့သူ ဖြစ်ပါတယ်။ ခရီးသွားရင်လည်း အများကြီးရိုက်တယ်။ အိမ်မှာဆိုရင်လည်း ရိုက်သလားမမေးနဲ့…၊ ဘယ်သူတွေကို ရိုက်သလဲလို့မေး… ပါပီ…၊ ပစ်စီ…၊ ဘလေဇီ ခွေးကလေးသုံးကောင်…။ အိပ်ပျော်နေတဲ့ပုံ…၊ ကစားနေတဲ့ပုံ…၊ ထိုင်နေတဲ့ပုံ…၊ အဝေးကိုကြည့်နေတဲ့ပုံ…။

အဲဒါတွေ လျှောက်လျှောက်ရိုက်နေတတ်တော့ ဖုန်းထဲမှာ ဓာတ်ပုံတွေ…ဆိုတာ အများကြီးပဲ…။ Puppy လက်ကလေးကို ဖုန်းထဲမှာ လျှာနဲ့လျက်နေတဲ့ပုံကိုပဲ အဆင့်ဆင့်…ပုံ နှစ်ဆယ်…သုံးဆယ်လောက် ရိုက်ထားမိပြီး ဘယ်ပုံကိုမှ မဖျက်ချင်ဘူး…။ ဒီပုံလေးက လျှာလေးနီနေတယ်။ ဒီပုံက နှုတ်ခမ်းလေး တွန့်နေတယ်။ ချစ်စရာလေး… စသည်ဖြင့်… ကျွန်မရူးတာကို ပြောတာပါ။

Screenshot လုပ်ထားတာတွေ…၊ Save လုပ်ထားတာတွေ…၊ Viber တို့ Messenger တို့က ရောက်လာတဲ့ပုံတွေ…၊ အင်္ကျီပုံစံတွေ၊ လိုချင်တဲ့ ပစ္စည်းလေးတွေ… အများကြီးမှ အများကြီးပဲ။

တစ်လ…တစ်ခါတော့ ကျွန်မက ဖုန်းထဲက ဓာတ်ပုံလေးကို ကွန်ပျူတာထဲမှာ ဖိုင်ကလေးတွေခွဲ…ခွဲပြီး Save လုပ်…သိမ်းထားတတ်ပါတယ်…။ ပြီးတော့မှ ဖုန်းထဲကပုံတွေ ကျွန်မ…ဖျက်ချလိုက်တယ်။

တစ်ရက်ကတော့ ကွန်ပျူတာရှေ့ထိုင်ရင်း‌ ခွေးကလေးတွေ ငယ်ငယ်ကတည်းက ရိုက်ပြီးသိမ်းထားခဲ့တဲ့ ဓာတ်ပုံဖိုင်ကို ဝင်ကြည့်မိတယ်။ ဘုရား…ဘုရား… သူတို့ပုံတွေကချည်းပဲ ထောင်ပေါင်းများစွာ ဖြစ်နေပါရောလား…။

Restructure your digital life. ကိုယ့်နေစဉ် စီးမျောပျော်ဝင်နေတဲ့ digital ဘဝကြီးကို ပြန်တည်ဆောက်ပါဆိုတဲ့ စကားကို အမှတ်ရလိုက်မိပါတယ်။ ကျွန်မတို့ဟာ လိုသည်ရှိ…၊ မလိုသည်ရှိ စုဆောင်းသိမ်းဆည်းထားတဲ့ အရာဝတ္ထုတွေ…အချက်အလက်တွေဟာ နေရာတိုင်းမှာ မဆံ့မပြဲအောင်ကို များပြားနေတာကို သတိမထားမိတတ်ကြပါဘူး။

အိမ်ထဲမှာ ကြည့်မလား…။ အိပ်ခန်းထဲမှာ ကြည့်မလား…။ အဝတ်ဗီဒိုထဲမှာ ကြည့်မလား…။ ဖိနပ်စင်မှာ ကြည့်မလား…။ တကယ်အသုံးပြုနေတာလည်းမဟုတ်ဘဲနဲ့ ရှိနေတဲ့ ပစ္စည်းတွေ ရာခိုင်နှုန်း အတော်များများဟာ… မလိုအပ်ဘဲနဲ့ ပိုနေတာတွေက အရမ်းများနေတယ်။ ရှိတဲ့ ပစ္စည်းတွေ အားလုံးထဲက နေ့စဉ် တကယ်အသုံးပြုနေတဲ့…၊ သုံးစွဲနေတဲ့ အရာဝတ္ထုတွေဟာ… တကယ်တော့ သုံးပုံ နှစ်ပုံလောက်ပဲ…။ ဒါပေမဲ့လည်း သတိမထားမိတော့ မလိုတာတွေကိုဘဲ… ထပ်ထပ်ပြီး စုနေမိကြတာပဲ…။

ခုပဲကြည့်လေ…ရုပ်ဝတ္ထုပစ္စည်းတွေကို အသာထားလို့ ဖုန်းတွေထဲမှာ…၊ ကွန်ပျူတာထဲမှာ… တကယ်ကို အများကြီ သိမ်းထားမိတဲ့ သတင်းအချက်အလက်တွေ… ဓာတ်ပုံတွေ ရှိနေတတ်ကြတယ်။

Too much information can clog up your brain. သတင်းအချက်အလက်တွေ အရမ်းများနေခြင်းဟာ ကျွန်မတို့ ဦးနှောက်ရဲ့ တွေးခေါ်နိုင်စွမ်း အားတွေ၊ ဆုံးဖြတ်နိုင်စွမ်းအားတွေကို ပိတ်ဆို့သွားစေတတ်ပါတယ်။

ဥပမာ Facebook ပေါ်ဓာတ်ပုံတင်မယ်ဆိုရင်ကို… ဘယ်ပုံတင်လို့ တင်ရမှန်း မသိတော့တာမျိုးပဲ…။ ရွေးချယ်စရာတွေ များလာတဲ့ အခါကျရင် ဆုံးဖြတ်ချက်တွေ ဝေဝါးလာတတ်တယ်။ ဒါကြောင့် ကျွန်မတို့ဟာ လျင်မြန်တဲ့ အရှိန်အဟုန်နဲ့ စီးဝင်လာနေတဲ့ သတင်းအချက်အလက်တွေကို ကန့်သတ်ပေးဖို့ လိုပါတယ်။

ကျွန်မတို့ နေ့စဉ်သတင်းစာတွေ ဖတ်ကြတယ်။ Blogs တွေ ဖတ်ကြတယ်။ TV လည်း ကြည့်တယ်။ Social Media လည်းသုံးတယ်။ Web တွေ လည်းထဲမှာလည်း လျှောက်မွှေတယ်။ ကျွန်မဆို Pinterest ထဲဝင်သွားရင် ပုံတွေ… Hobby တွေ လိုက်ကြည့်နေရတာနဲ့တင် ပြန်ထွက်မလာနိုင်တော့ဘူး။ Google မှာ ကိုယ်ကြိုက်တဲ့ Blogger တွေရဲ့စာလေးတွေ ဝင်ဖတ်ရင် သဘောတွေကျပြီး မှတ်သားလို့ မဆုံးတော့ဘူး။

တကယ်တော့ သတင်းဆိုတာဟာလည်း ဘယ်မီဒီယာမှာ ဖတ်ဖတ် ဒီသတင်းတွေချည်းပါပဲ။ ဓာတ်ပုံတွေဆိုတာလည်း ဒီလိုပါပဲ။ ပင်လယ်ကိုရိုက်ပြတဲ့ ဓာတ်ပုံဆိုရင် ရှုထောင့်ပေါင်းတစ်သောင်းလောက်ကနေ မတူအောင်ရိုက်ပြထားကြတာပဲ…။ ပင်လယ်က ပင်လယ်ပဲ

ဒါပေမဲ့ ကျွန်မတို့ဟာ…ဘယ်တော့မှ… အားရတင်းတိမ်ခြင်း မရှိဘူး…။ ဒီတစ်မျိုးကိုပဲ မတူအောင် ခံစားချင်ကြတာ စိတ်ရဲ့သဘာဝ…၊ လောဘရဲ့ သဘာဝပါပဲ။

အပိုင်း(၂) အား ဆက်လက်ဖတ်ရှုရန် >> Digital Life ကို ပြန်လည်တည်ဆောက်ပါ (Part 2)

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း