“မင်းကို ငါ တစ်နာရီ ဆယ်ဆင့်ပေးမယ်။” ၁၉၅၆ခုနှစ် စံချိန်နှင့်တောင် တစ်နာရီ ဆယ်ဆင့်ဆိုတဲ့ လုပ်ခဟာ တော်တော်ကို နည်းပါသေးတယ်။
မိုက်နှင့် ကျွန်တော်ဟာ သူ့အဖေနှင့် မနက်ရှစ်နာရီတိတိမှာ တွေ့ခဲ့ကြတာပါ။ သူက အမြဲအလုပ်များနေတာဆိုတော့ အလုပ်ခွင်ကို တစ်နာရီစောပြီး သွားနေကျပါ။ ရိုးရိုးလေးနှင့် သေသပ်လှပတဲ့ သူတို့ တိုက်ရှေ့ အရောက်မှာပဲ သူ့ရဲ့ ဆောက်လုပ်ရေးတာဝန်ခံ ကြီးကြပ်ရေးမှူးကို ပစ်ကပ် ထရပ်ကားနှင့် မောင်းထွက်သွားတာတွေ့လိုက်ရပါတယ်။ မိုက်က ကျွန်တော့်ကို တံခါးဝက ထွက်ကြိုတယ်လေ။
“ငါ ဒယ်ဒီကို ဖုန်းနှင့် လှမ်းပြောတော့ သူက ငါတို့ကို အိမ်နောက်ဘက်ဝရံတာက သွားစောင့်နေတဲ့” ဒီလိုနဲ့ ဆွေးနေတဲ့ ပျဉ်ခင်းတွေပေါ်က ဖြတ်နင်းပြီး အိမ်အိုကြီးထဲ ဝင်ခဲ့ရတယ်။ အိမ်ထဲမှာ ကြမ်းပေါက်တွေကို ဖုံးတဲ့အနေနဲ့ ကော်ဇောခပ်စုတ်စုတ် ခင်းထားတယ်။ ပြီးတော့ ဒီနေ့လိုဆို အဟောင်းဆိုင်ပို့ပစ်ရမယ့် ပရိဘောဂတွေနှင့် ခင်းကျင်းထားတဲ့ ဧည့်ခန်းကျဉ်းကျဉ်းလေးထဲ စိတ်ပိန်ချင်သလိုလို ဖြစ်ခဲ့ရတယ်။
မိုက်က “ငါတော့ ငွေ ဘယ်လိုလုပ်ရမလဲဆိုတာ သင်ပေးနိုင်မလားလို့ သူ့ကို မေးထားသေးတာပဲ”
ကျွန်တော်က အားတက်သရောနှင့်. . . “ဟုတ်လား။ ဒီတော့ သူက ဘာပြောသလဲ”
“အင်း၊ သူ့မျက်နှာပေးက ပထမတော့ ပြုံးတုံးတုံးဖြစ်သွားတယ်ကွ။ နောက်တော့ တို့ကို သူကမ်းလှမ်းချက်တစ်ခု လုပ်မယ်လို့ပြောတယ်”
“အို . . . ” ကျွန်တော်က ကုလားထိုင်နောက်မီကို နံရံနှင့် ထိတဲ့တိုင်အောင် မှီချလိုက်တယ်။ နောက် ကုလားထိုင်ကို ခြေထောက်နှစ်ချောင်းတည်း အားပြုပြီး လှန်ထိုင်နေလိုက်မိတာပါ။ မိုက်လည်း ကျွန်တော့်လိုပဲ လိုက်ထိုင်တယ်။
“သူ့ ကမ်းလှမ်းချက်က ဘာလဲ။ မင်း မသိဘူးလား”
“ဘယ် သိပါ့မလဲ။ ဒါပေမယ့် မကြာခင် သိရတော့မှာပါကွာ“
မိုက်အဖေက အခန်းတံခါးကို ခနော်ခနဲ့နှင့် ရုတ်တရက် တွန်းပြီး ဝရံတာဘက် ထွက်လာတယ်။ ကျွန်တော်နှင့် မိုက် ဝုန်းခနဲ ကုလားထိုင်ကို ပြန်ချပြီး ထိုင်လိုက်ကြတယ်။ သူ့အဖေကို မရိုမသေလို့တော့ မဟုတ်ပါဘူး။ ဖြုန်းခနဲ လန့်ဖျပ်သွားကြလို့ပါ။
“သားတို့ မင်းတို့ဘက်က အဆင်သင့်ပဲလား” မိုက်အဖေက ကျွန်တော်တို့နှင့်အတူ ခုံတစ်လုံးဆွဲထိုင်ပြီး မေးလိုက်တာပါ။ ကျွန်တော်တို့လည်း ပြိုင်တူ ခေါင်းညိတ်လိုက်ကြပြီး. . . ကုလားထိုင်ကိုယ်စီ နံရံကခွာပြီး သူ့ရှေ့သွားချထိုင်လိုက်မိကြပါတယ်။
သူက အရပ်ခြောက်ပေ ဝန်းကျင်၊ ကိုယ်အလေးချိန် ပေါင်နှစ်ရာလောက်ရှိတဲ့ ဧရာမ လူထွားကြီးပါ။ ကျွန်တော့် အဖေကတော့ သူ့ထက်မြင့်ပြီး ကိုယ်အလေးချိန်ချင်း တူလောက်ပေမယ့်၊ ငါးနှစ်လောက် ပိုကြီးပါလိမ့်မယ်။
သူတို့ချင်း အမျိုးမတော်ပေမယ့် ရုပ်ချင်း ပုံစံချင်း ခပ်ဆင်ဆင်ပါ။ သူတို့ စွမ်းအားတွေကတော့ တစ်ထပ်တည်းဖြစ်လောက်ပါရဲ့။
“မင်းက ငွေလုပ်နည်းသင်ချင်လို့ဆို ဟုတ်လား ရောဘတ်”
ကျွန်တော်က ခေါင်းကို ကမန်းကတန်း ညိတ်ပြမိလိုက်တယ်။ ဒါပေမယ့် ခပ်လန့်လန့် ခပ်ဖျားဖျားရယ်။
သူ့အပြုံးနှင့် စကားတွေ နောက်ကွယ်မှာ တန်ခိုးစွမ်းအားတွေ တစ်ပုံကြီးရှိနေတာကိုး။“အိုကေ။ ဒါဆို ငါ့ကမ်းလှမ်းချက်ကို ပြောမယ်။ ငါ မင်းတို့ လိုချင်တဲ့ ပညာကို သင်ပေးမယ်။ ဒါပေမယ့် မင်းတို့ ငါ့ကို အလုပ်လုပ်ပေးမှ ငါသင်ပေးလို့ရမှာ။ ငါ့အတွက် အလုပ် မလုပ်ပေးဘူးဆိုရင်တော့ ငါသင်ပေးမှာ မဟုတ်ဘူး။ မင်းတို့အလုပ်ပေါ် ကြည့်ပြီး မြန်မြန်သွက်သွက်လေး သင်ပေးမှာ။ ကျောင်းမှာလို ထိုင်နားထောင်ရုံသက်သက်ကတော့ ငါ့အချိန် ဖြုန်းရုံပဲရှိမယ်။
ကဲ… ငါ့ကမ်းလှမ်းချက်ကို လက်ခံမလား၊ လက်မခံနိုင်ဘူးလား၊ ဒါပဲပြော”
ဆက်လက်ဖတ်ရှုရန် >> သူဌေးဟာ ငွေအတွက်မလုပ်ပါ (Part 5) | သင်ခန်းစာများ စပါပြီ
ဆရာညီညီနိုင်၏ သူဌေးဖေဖေ ဆင်းရဲဖေဖေ စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။