ရသ

မျက်မမြင်မလေးရဲ့ မျက်လှည့်ပွဲ (အပိုင်း ၁)

By Su Myat Thinzar

June 06, 2023

ကျွန်တော့် သူငယ်ချင်း ဝှစ်(တ)က မျက်လှည့်ဆရာ တစ်ယောက်ဖြစ်သည်။ သူ့ကို လော့စ်အိန်ဂျလိ(စ)ရှိ စားသောက်ဆိုင်တစ်ဆိုင်က ဆိုင်မှာ စားသုံးသူများကို ဧည့်ခံဖျော်ဖြေသော သဘောဖြင့် ဝိုင်းတကာ လှည့်၍ အနီးကပ် မျက်လှည့်ပြပေးရန် ငှားရမ်းထားသည်။

တစ်ညမှာ သူက မိသားစုစားသောက်ဝိုင်းတစ်ခုထဲဝင်ပြီး သူ့ကိုယ်သူ မိတ်ဆက်ကာ မျက်လှည့်ပြရန် အတွက် ဖဲတစ်ထုပ် အိတ်ထဲမှ ထုတ်သည်။ ထိုနောက် ဝိုင်းထဲမှ မိန်းကလေးတစ်ယောက်အား “ကဲ၊ သမီး ဒီအထဲက ဖဲတစ်ချပ်ရွေးစမ်းကွာ” ဟု ဆိုလိုက်သည်။

သည်အခါ မိန်းကလေး၏ ဖခင်က သမီးဝင်ဒီမှာ မျက်စိမမြင်သည့်အကြောင်း ပြောပြသည်။

“ဟာ၊ ဟုတ်လား၊ ဒါလဲ ကိစ္စမရှိပါဘူး” ဝှစ်(တ) က ဆိုသည်။ “သူ့အတွက် အနှောက်အယှက် မဖြစ်ဘူးဆိုရင် ကျွန်တော် မျက်လှည့်တစ်ကွက်လောက်တော့ ပြချင်ပါသေးတယ်” ဆိုပြီး မိန်းကလေးဘက်သို့ လှည့်ကာ “ဝင်ဒီ၊ ဦးရဲ့မျက်လှည့်ပြကွက်မှာ နည်းနည်းဝင်ကူပေးပါလား” ဟု ပြောလိုက်သည်။

ဝင်ဒီက နည်းနည်းတော့ ရှက်တတ်သူလေးဖြစ်သည်။ သူက ပခုံးနှစ်ဖက် တွန့်လိုက်ပြီးနောက် “ဟုတ်ကဲ့၊ ရပါတယ်” ဟု အဖြေပေးသည်။

ဝှစ်(တ) က စားပွဲမှာ ဝင်ဒီနှင့် မျက်နှာချင်းဆိုင် နေရာ၌ ဝင်ထိုင်လိုက်သည်။ ပြီး “ဝင်ဒီ၊ သမီးကို ဖဲချပ်တစ်ချပ် ထောင်ပြမယ်၊ အဲဒီဖဲဟာ အရောင်နှစ်မျိုးထဲက တစ်မျိုးမျိုး ဖြစ်မယ်၊ အနီရောင် ဒါမှမဟုတ် အနက်ရောင်၊ ဝင်ဒီ့ကို ဦးလုပ်စေချင်တာက ဝင်ဒီရဲ့ စိတ်စွမ်းအင်တွေ သုံးပြီး ဒီဖဲချပ်ရဲ့အရောင်ဟာ ဘာလဲ၊ အနီလား အနက်လား ဆိုတာ ပြောပေးဖို့ပဲ၊ သမီး သဘောပေါက်တယ်နော်”

ဝင်ဒီက ခေါင်းငြိတ်သည်။

ဝှစ်(တ) က ညှင်း ကင်းဖဲ တစ်ချပ်ကို ထောင်ပြပြီး “ဝင်ဒီ၊ ဒါ အနီလား အနက်လား” မေးသည်။

ခဏလေးနေပြီးနောက် မျက်မမြင်ကောင်မလေးက “အနက်” ဟု ဆိုလိုက်သည်။ မိသားစု မျက်နှာအားလုံး ပြုံးသွားသည်။

ဝှစ်(တ) က ပိမ့်(ဟတ်) ခုနစ် ဖြချပ်ကို ထောင်ပြပြီး ဒါ အနီလား အနက်လား မေးပြန်သည်။

“အနီ” ဝင်ဒီက ဖြေသည်။

အဲသည်နောက် တတိယမြောက်အဖြစ် ထောင့်(ဒိုင်းမွန်း) သုံး ဖဲချပ်ကို ထောင်ပြသည်။ “အနီလား အနက်လား”

ဝင်ဒီက မဆိုင်းမတွပင် “အနီ” ဟု ဖြေသည်။

မိသားစုက သဘောကျပြီး ရယ်ကြသည်။ သူတို့အားလုံး စိတ်လှုပ်ရှားနေသည်။ ဝှစ်(တ) က နောက်ထပ် ဖဲသုံးချပ် ဆက်ပြသည်။ သုံးချပ်လုံးပင် ဝင်ဒီမှန်အောင် ဖြေနိုင်သည်။ အံ့ဩစရာ၊ ခြောက်ချပ်မှာ ခြောက်ချပ်လုံး မှန်သည်။ ဝင်ဒီ ကံကောင်းလှပုံကို မိသားစုအဖို့ မယုံနိုင်လောက်အောင် ဖြစ်နေသည်။

သတ္တမမြောက်အဖြစ် ဝှစ်(တ) က ပိမ့် ငါး ဖဲချပ်ကို ကောက်ကိုင်သည်။ သူက ဖဲချပ်ကို ထောင်ပြပြီး၊ “ဝင်ဒီ၊ ဒီတစ်ခါ ဂဏန်းကိုလဲ ပြောမယ်၊ ဘာဖဲဆိုတာလဲ ပြောရမယ်၊ ဟတ်လား၊ ဒိုင်းမွန်းလား၊ ကလပ်လား၊ စပိတ်(ဖူး)လား၊ ဟုတ်ပြီနော်”

ခဏလေးအကြာမှာ ဝင်ဒီက ရဲရဲဝံ့ဝံ့ ဖြေသည်။

“ငါး ဂဏန်း၊ ဟတ်ဖဲ”

မိသားစု ဟာခနဲ ဖြစ်သွားကြသည်။ သူတို့ အကြီးအကျယ် အံ့အားသင့်နေသည်။

“ဒါ ရိုးရိုး လှည့်ကွက် တစ်ခုလား၊ ဒါမှမဟုတ် ‘ပညာ’ တစ်ခုခုလား” ဝင်ဒီ၏ ဖခင်က မေးသည်။

“အဲဒါတော့ ဝင်ဒီ့ကိုပဲ မေးကြည့်ပါ” ဝှစ်(တ) က ဖြေသည်။

“ဝင်ဒီ၊ သမီးဘယ်လိုသိသလဲ” အဖေက မေးသည်။ ဝင်ဒီက ပြုံး၍ဖြေသည်။ “ဒါက ပညာ၊ အဖေရဲ့”

ဝှစ်(တ) က ဝင်ဒီနှင့် မိသားစုကို နှုတ်ဆက်ကာ သူ့လိပ်စာကတ်ပြားလေး ပေးပြီး ထွက်လာခဲ့သည်။ သည်မိသားစုအတွက် မမေ့ပျောက်နိုင်စရာ အတွေ့အကြုံတစ်ခု သူ ဖန်တီးပေးခဲ့ပြီ။

ဆရာဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ ( ၂ )” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

OpenMoreOnline

ရသ