စီးပွားရေး

မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း (Part 2)

By Htet Nandi

April 26, 2023

မက်ဒေါ်နယ်ညီအစ်ကိုဟာ ဘယ်သူတွေလဲ။ ကျွန်တော့်ဆီမှာ ဖျော်စက်မျိုးစုံရှိနေလျက်နဲ့ ဆိုင်တွေဟာ အဲဒီညီအစ်ကိုဆီက ဖျော်စက်မျိုးကိုမှ ဘာကြောင့် လိုချင်ရတာလဲ။ သူတို့ရဲ့ ဖျော်စက်က ကျွန်တော်ရောင်းနေတဲ့ ဖျော်စက်ထက် ဘာတွေများ ပိုကောင်းနေလို့လဲ။ ဒါနဲ့ အဲဒီမြို့မှာနေတဲ့ မိတ်ဆွေတစ်ယောက်ကို မက်ဒေါ်နယ် ညီအစ်ကိုဆိုင်မှာ multi-mixer ဖျော်စက် ဘယ်နှလုံးရှိသလဲဆိုတာ စုံစမ်းကြည့်ပေးဖို့ အကူအညီတောင်းလိုက်တယ်။ သူက ပြန်ပြောပြတယ်။ အဲဒီဆိုင်မှာရှိတဲ့ ဖျော်စက်ဟာ ၁ လုံး၊ ၂ လုံး မဟုတ်ဘူး။ ၈လုံးတောင် ရှိတယ်တဲ့။ အံ့ဩစရာကောင်းလိုက်တာ။ အဲဒီ စက် ၈ လုံး အားလုံးကို တစ်ပြိုင်တည်း လည်လိုက်ရင် တစ်ကြိမ်မှာ နို့သစ်သီးဖျော်ရည် ခွက်ပေါင်း ၄၀ လောက် ရတယ်တဲ့။ ဆန်ဘာနာဒီနိုမြို့ဆိုတာ လူစည်ကားတဲ့မြို့မဟုတ်ဘဲ တိတ်ဆိတ် ငြိမ်သက်တဲ့ မြို့သေးလေးလို့ သိထားပါတယ်။

ဒါဆိုရင် မက်ဒေါနယ်ညီအစ်ကိုဆိုင်မှာ ဘာကြောင့် ဖျော်စက်တွေ အများကြီး သုံးနေရတာလဲ။ လူနေနည်းပါးပြီး သဲကန္တာရနဲ့ နီးကပ်တဲ့ မြို့လေးဖြစ်လို့ ပိုပြီးတောင် အံ့ဩစရာ‌ ကောင်းနေပြန်တယ်။ တွေးရင်းတွေးရင်း အဖြေရှာ မရလို့ စိတ်ပင်ပန်းလာတယ်။ နောက်ဆုံးတော့ အဖြေရအောင် ကိုယ်တိုင်သွားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။

ရက်အနည်းငယ်အကြာမှာ အလုပ်ကိစ္စနဲ့ လော့စ်အင်ဂျလိစ်မြို့ကို လေယာဉ်နဲ့ ခရီးသွားရတယ်။ အဲဒီမှာ အရောင်းကိုယ်စားလှယ်တွေနဲ့ အလုပ်ကိစ္စ ဆွေးနွေးတယ်။ ဆွေးနွေးတာပြီးသွားတော့ အိမ်ပြန်မလာသေးဘဲ နောက်နေ့ မနက်စောစောမှာ လော့စ်အင်ဂျလိစ်မြို့ကနေ မိုင် ၆၀ ကွာဝေးတဲ့ ဆန်ဘာနာဒီနိုမြို့ကို တစ်ယောက်တည်း ကားမောင်းသွားလိုက်တယ်။ မက်ဒေါ်နယ်ညီအစ်ကိုဆိုင်နားကို မနက် ၁၀ နာရီကျော်ကျော်မှာ ရောက်သွားတယ်။ ဆိုင်ကို ခပ်လှမ်းလှမ်းကနေ ကြည့်လိုက်တယ်။ အထင်ကြီးစရာ မတွေ့ရပါဘူး။ အဌဂံ ( ၈ ထောင့် ) ပုံစံ အမိုးနဲ့ တစ်ထပ်အဆောက်အဦးလေးပါ။ အပြင်ပန်း အပြင်အဆင်ကလည်း သာမန်ပါပဲ။

ဆိုင်ဟာ ပေ ၂၀၀ ပတ်လည်ရှိတဲ့ ခြံဝင်းကြီးရဲ့ ထောင့်တစ်နေရာမှာ တည်ရှိပါတယ်။ ခြံဝန်းထဲထိ ကားမောင်းသွားလို့ရပြီး အထဲမှာ ကားရပ်နားထားလို့ ရတယ်။ ကားတွေ အများကြီး ရပ်နားဖို့ နေရာအကျယ်ကြီးရှိတယ်။ ကျွန်တော်လည်း ကားကို ခြံဝင်းထဲက တစ်နေရာမှာ ရပ်ထားလိုက်တယ်။ ကားပေါ်ကဆင်းပြီး ကားကို မှီရပ်ရင်း ဆိုင်ကို စောင့်ကြည့် အကဲခတ်နေလိုက်တယ်။ ဆိုင်က မနက် ၁၁ နာရီကျမှ ဖွင့်မှာမို့ အခု မဖွင့်သေးပါဘူး။

ဆိုင်ဝန်ထမ်းတွေဟာ ဆိုင်ထဲမှာ အလုပ်များနေကြတယ်။ သူတို့ဟာ အင်္ကျီလက်ရှည်အဖြူနဲ့ ဘောင်းဘီရှည်အဖြူကို သပ်သပ်ရပ်ရပ် ဝတ်ထားကြပြီး စက္ကူဦးထုပ်အဖြူကိုလည်း ခေါင်းမှာ ဆောင်းထားကြတယ်။ မြင်တွေ့ဖူးနေကြ ဝန်ထမ်းတွေနဲ့ မတူကြပါဘူး။ အဲဒါကို အတော်လေး သဘောကျမိတယ်။ သူတို့ဟာ ဆိုင်နောက်ဘက်မှာရှိတဲ့ ‘စတို’ လို့ ယူဆရတဲ့ တဲရှည်ရှည် နိမ့်နိမ့်ထဲကနေ ဆိုင်အတွက် ပစ္စည်းတွေကို ထုတ်ယူနေကြတယ်။ အာလူးအိတ်တွေ၊ ကြိတ်ထားတဲ့ အသားထုတ်တွေ၊ နို့နဲ့ သစ်သီးဖျော်ရည်ဘူးတွေ၊ ဘန်းမုန့်တွေကို တွန်းလှည်းပေါ်မှာတင်ပြီး ဆိုင်ထဲကို တွန်းယူလာကြတယ်။ ကျွန်တော်ဆိုင်ရဲ့ ပြတင်းပေါက်နား ကပ်ပြီး အထဲကို လှမ်းကြည့်လိုက်တယ်။ ဝန်ထမ်းတွေဟာ ပစ္စည်းတွေကို ဆိုင်ထဲမှာ နေရာချပြီးတာနဲ့ အလုပ်စလုပ်ကြတယ်။ အားလုံးက ပျားတွေလိုပဲ အလုပ်များနေကြတယ်။

ဒီအချိန်မှာပဲ ကားတွေ တစ်စီးပြီးတစ်စီး ခြံဝင်းထဲဝင်လာကြတယ်။ လူတွေကလည်း ကားတွေပေါ်ကဆင်းပြီး ပစ္စည်းရောင်းပေးတဲ့ ပြတင်းပေါက်တစ်ခုရှေ့ ဆိုင်အပြင်ဘက်မှာ တန်းစီရပ်နေလိုက်ကြတယ်။ သိပ်မကြာခင်မှာပဲ ခြံဝင်းတစ်ခုလုံးဟာ ကားတွေနဲ့ ပြည့်သွားတယ်။ ဆိုင်ဖွင့်တာနဲ့ သူတို့ဟာ ဆိုင်ပြတင်းပေါက်ကနေ ဟမ်းဘာဂါ နဲ့ အာလူးကြော်အထုပ်တွေ၊ သစ်သီးဖျော်ရည်ခွက်ကို ဝယ်ပြီးတော့ သူတို့ကားတွေဆီယူသွားပြီး ကားနားမှာပဲ မတ်တပ်ရပ်ရင်း စားနေကြတယ်။

အပိုင်း(၃) အား ဆက်လက်ဖတ်ရှုရန် >> မက်ဒေါ်နယ်ညီအစ်ကိုနဲ့ တွေ့ဆုံခြင်း (Part 3)

ဗန်းမော်သိန်းဖေ ဘာသာပြန်ထားသော မက်ဒေါ်နယ်ကို မွေးဖွားပေးခြင်း စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

စီးပွားရေ