တစ်ခါတုန်းက ကျောက်ဆစ်သမားတစ်ယောက်ရှိတယ်။
သူက လက်ရှိသူ့ဘဝကို မကျေနပ်ဘူး။
တစ်နေ့မှာ ချမ်းသာကြွယ်ဝတဲ့ ကုန်သည်ကြီးတစ်ယောက်ရဲ့ အိမ်ရှေ့ကသူ ဖြတ်လျှောက်မိတယ်။ ဂိတ်တံခါးကြီးက ပွင့်နေတော့ အတွင်းထဲ သူလှမ်းမြင်ရတယ်။ သူဌေးကြီး ပိုင်ဆိုင်တဲ့ အဖိုးတန်အသုံးအဆောင် ပစ္စည်းတွေရော သူ့ဆီလာတဲ့ အရေးကြီးပုဂ္ဂိုလ်တွေရောပေါ့။
“အင်း၊ သူတို့ကျတော့လည်း သိပ်ကို ဩဇာတိက္ကမ ကြီးပေမှာပဲ” ကျောက်ဆစ်သမားက တွေးတယ်။
သူ့စိတ်ထဲမှာ ကုန်သည်ကြီးကို အရမ်းအားကျလာတယ်။ သူ့လိုဖြစ်လိုက်ရရင် သိပ်ကောင်းမှာ၊ အဲဒါဆိုရင် အနုညာတ ကျောက်ဆစ်သမားဘဝနဲ့ နေရတော့မှာ မဟုတ်ဘူးလို့ သူတွေးမိတယ်။
ဒီလိုတွေးနေရင်းက ရုတ်တရက်အံ့ဩစရာ၊ သူက ချက်ချင်းလက်ငင်းဆိုသလို ကုန်သည်ကြီးဘဝ ရောက်သွားတယ်။ စည်းစိမ်ချမ်းသာတွေ ဩဇာတိက္ကမတွေ ဆိုတာ အို သူမျှော်လင့်တာထက်တောင် အများကြီး ပိုသေးတယ်။ သူ့လောက်မချမ်းသာတဲ့ လူတွေမြင်ရင် မနာလိုချင်စရာတွေပေါ့။
ဒါပေမဲ့ မကြာခင်ပဲ သူ့အိမ်ရှေ့က အရာရှိကြီးတစ်ယောက် ဖြတ်သွားတယ်။ စီးတော်ကုလားထိုင်မှာ အကျအနထိုင်လို့၊ အထမ်းသမားတွေ နောက်လိုက်နောက်ပါတွေ ကိုယ်ရံတော်စစ်သည်တွေနဲ့။ မောင်းကြေးနင်း တီးခတ်သူက တီးခတ်လို့။ သူ ကြွချီတော်မူလာပြီဆိုရင် လမ်းဘေးဝဲရာ ရှိသူမှန်သမျှ ဆင်းရဲချမ်းသာမရွေး ဦးညွတ် အရိုအသေပြုရတယ်။
“အင်း၊ အရာရှိကြီးများ သိပ်တန်ခိုးကြီးပေတာပဲ၊ ငါသာ ထိပ်တန်းအရာရှိကြီးဖြစ်ရရင် သိပ်ကောင်းမှာ” ကုန်သည်ကြီး ဖြစ်လာတဲ့ ပုဂ္ဂိုလ်က တွေးပြန်တယ်။
အဲဒီမှာတင် သူ ထိပ်တန်းအရာရှိကြီး ဖြစ်သွားပြန်တယ်။ အပြောက်အမွှမ်းတွေ ခြယ်သထားတဲ့ စီးတော်ကုလားထိုင်မှာ ထိုင်လို့၊ သွားလိုသမျှ နေရာကို အထမ်းသမားတွေက သယ်ပိုး ပို့ဆောင်လို့၊ ပတ်ဝန်းကျင်က လူမှန်သမျှ သူ့ကိုကြောက်ရွံ့လို့၊ မုန်းတီးလို့၊ သူဖြတ်သွားတဲ့ လမ်းတစ်လျှောက်လည်း အားလုံးဦးညွတ်လို့၊ အရိုအသေပြုလို့၊ အဲ့သလို။
ဒါပေမဲ့ အဲဒီနေ့က နွေရာသီ နေ့လည်ခင်းဆိုတော့ အင်မတန် ပူတယ်။ စီးတော်ကုလားထိုင်က ရထားလုံးများလို လေးဖက်လေးတန် ကာရံထားတာဆိုတော့ အတွင်းမှာ လှောင်ကျပ်ပြီး ချွေးတပြိုက်ပြိုက်နဲ့ အရမ်းအိုက်စပ်နေတယ်။ အဲဒါနဲ့ စီးတော်ယဉ်ထဲကနေ နေကို မော့ကြည့်မိတယ်။ နေက ကောင်းကင်မှာ အရောင်အဝါ တောက်ပစွာနဲ့ ဝင့်ကြွားနေလိုက်တာ၊ သူလို အရာရှိကြီး ရှိနေတာကို စိုးစဉ်းမျှ အသိအမှတ် မပြုသလိုပဲ။
“နေဟာ တကယ်တန်ခိုးကြီးပါကလား၊ ငါသာနေဖြစ်လိုက်ရရင်…” လို့ အရာရှိကြီး တွေးလိုက်မိတယ်။
အဲဒီမှာ သူ နေဖြစ်သွားတယ်။ အောက်က ရှိရှိသမျှ သတ္တဝါတွေအပေါ် တောက်ပပူပြင်းပြလိုက်၊ လယ်ကွင်းပြင်တွေကို မီးမြှိုက်ထားသလို အပူတိုက်ပြလိုက်၊ လယ်သမားတွေ အလုပ်သမားတွေ ဆဲရေးသမျှကို မသိကျိုးကျွန်ပြု နေလိုက်နဲ့ပေါ့။
ဟာ အဲဒီအချိန် သူနဲ့ ကမ္ဘာအကြား ဧရာမ တိမ်မည်းကြီးတစ်ခု ဖြတ်ဝင်လာတယ်။ သူ့ဆီက အရောင်အဝါတွေ အောက်က ဘယ်အရာပေါ်မှ မကျရောက်နိုင်တော့ဘူး။
“မိုးသား တိမ်တိုက်တွေဟာ တကယ်တန်ခိုးကြီးပါလား” သူတစ်မျိုးတွေးပြန်တယ်။ “ငါသာ တိမ်တိုက် ဖြစ်လိုက်ရရင် သိပ်ကောင်းမှာ” စိတ်ထဲက ဆုတောင်းမိပြန်တယ်။
ဒီတစ်ခါ သူ တိမ်တိုက်ဖြစ်သွားပြန်တယ်။ လယ်ကွင်းပြင်တွေ ကျေးရွာတွေအပေါ် အုပ်မိုးလို့။ လူတကာတွေက လှမ်းကြည့်ဟစ်အော်လို့။
ဒါပေမဲ့ မကြာခင်မှာပဲ သူ့ကို အင်မတန် ကြီးမားပြင်းထန်တဲ့ အင်အားကြီးတစ်ခုက တွန်းရွှေ့မောင်းနှင်တာ သူခံရတယ်။ ကြည့်လိုက်တော့ ‘လေ’ ဖြစ်နေတယ်။
“ဟာ၊ လေ က မှ တကယ် အင်အားကြီးတာပါကလား၊ ငါ ‘လေ’ ဖြစ်ချင်လိုက်တာ” သူ တောင့်တပြန်တယ်။
ဒီတစ်ခါ သူ လေဖြစ်သွားတယ်။ အရှိန်အဟုန်နဲ့ တိုက်ခတ်နေတဲ့ ‘လေပြင်း’။ အိမ်ခေါင်မိုး အုတ်ကြွပ်ပြားတွေ တိုက်ချပစ်တယ်။ သစ်ပင်ကြီးတွေ အမြစ်ပါ လန်အောင် လှဲချပစ်တယ်။ အောက်မှာရှိသမျှ သတ္တဝါတွေ ကြောက်ရွံ့ကြ မုန်းတီးကြ။
ဒါပေမဲ့ မကြာပါဘူး။ တုတ်တုတ်မှမလှုပ်တဲ့အရာတစ်ခုကို သူ သွားတိုက်မိတယ်။ မားမားစွင့်စွင့် မြင့်တဲ့ကျောက်ဆိုင် ကျောက်တုံးကြီး။ သူဘယ်လောက် အားနဲ့တိုက်ပေမဲ့ ကျောက်တုံးက လုံးဝမဖြုန်ဘူး။
“ကျောက်စိုင် ကျောက်ခဲများဟာ တယ်လဲ တန်ခိုးစွမ်းအား ကြီးမားပါကလား၊ ငါလဲ ကျောက်စိုင်ကျောက်ခဲ ဖြစ်ချင်တယ်”
ဆုတောင်းလိုက်တဲ့အခါ ကမ္ဘာမြေပေါ်မှာ တန်ခိုးစွမ်းအား အကြီးမားဆုံးဆိုတဲ့ ဧရာမ ကျောက်တုံးကြီးတစ်တုံး သူ ဖြစ်သွားတယ်။
ဒါပေမဲ့ သူ မားမားစွင့်စွင့်ကြီး ရပ်နေဆဲမှာပဲ အောက်ဘက်ဆီက တထောက်ထောက် အသံကြားရတယ်။ ဟာ၊ ငါ့ကိုယ်က ကျောက်ဆိုင်ကျောက်သားတွေကို တူတစ်လက် ဆောက်တစ်လက်နဲ့ ထွင်းထု ဖဲ့ရွဲ့နေပါကလား၊ ငါ့ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း ပုံသဏ္ဍာန် ပြောင်းလာနေပါလားလို့ သူ ခံစားမိလိုက်တယ်။
အောက်ဘက် ငုံ့ကြည့်လိုက်တဲ့အခါ သူ့ခြေရင်းနားဆီမှာ လား လား၊ ကျောက်ဆစ်သမား တစ်ယောက်ပါကလား။
[မူရင်း။ ။Benjamin Hoff ၏ The Stonecutter]
ဆရာဖေမြင့်၏ “နှလုံးသားအာဟာရ ရသစာများ ( ၂ )” စာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။