ဘဝနေနည်း

အပုပ်နံ့ လာသည့်အရပ်

By Lei Lei Win Thant

April 06, 2022

အပုပ်နံ့ လာသည့်အရပ် – ကိုယ့်ဘာသာနေတုန်းက အကောင်း၊ တစ်စုံတစ်ယောက်က ကိုယ်မသိလည်း ဘာမှမဖြစ်တဲ့ မကောင်းသတင်း သယ်လာတော့မှ စိတ်ညစ်ရတာမျိုး ဖြစ်ဖူးလား။ တစ်ခါတစ်လေ သင် စိတ်ဆင်းရဲနေတာ သူများ သယ်လာတဲ့ အပုပ်နံ့တွေကြောင့် ဖြစ်နေတတ်ပါတယ်။ တစ်ခါတစ်လေကျပြန်တော့ သင်ကိုယ်တိုင် အပုပ်နံ့ထွက်နေတဲ့ အမှိုက်ပုံနား တဝဲလည်လည် သွားလုပ်နေတာကြောင့် ပျော်ရွှင်မှုနဲ့ ဝေးကွာနေရတာ ဖြစ်ပါတယ်။ အမှိုက်တွေ သယ်လာတဲ့သူတွေကို ရှောင်ရှားဖို့ လိုသလို အမှိုက်ပုံနား တဝဲလည်လည် သွားမလုပ်မိဖို့လည်း လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဂရိတွေးခေါ်ပညာရှင် ဆိုကရေးတီး သုံးတဲ့နည်းလမ်းလေး ပြောပြချင်ပါတယ်။

တစ်နေ့မှာ ဆိုကရေးတီးဆီကို သူ့ရဲ့အသိအကျွမ်းတစ်ဦး ရောက်လာကာ “ဆိုကရေးတီး … ခင်ဗျားရဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း ကျွန်တော် ကြားလာတာ ရှိတယ်ဗျ” ဆိုပြီး စကားချီလာပါတယ်။ အဲ့ဒီအချိန်မှာ ဆိုကရေးတီးက “ခဏနေပါဦး၊ ခင်ဗျား ကျွန်တော့်ကို မပြောခင် ဆန်ခါ ၃ ဆင့်နဲ့ စစ်ချင်သေးတယ်ဗျ” လို့ ဆိုလိုက်ပါတယ်။ ထိုလူက “ဆန်ခါ ၃ ဆင့်ဆိုတာ ဘာတုံးဗျ” ဆိုပြီး မေးလာပါတယ်။

ထိုအခါမှာ ဆိုကရေးတီးက “ခင်ဗျားက ကျွန်တော့်သူငယ်ချင်းအကြောင်း ကြားလာခဲ့ပြီး အဲ့ဒီအကြောင်းကို ကျွန်တော့်ကိုပြောပြချင်တယ်လေ။ ဒါပေမဲ့ ခင်ဗျား မပြောခင် ခင်ဗျားပြောမယ့်အ‌ကြောင်းကို ဆန်ခါလေးနဲ့ စစ်ချင်သေးတယ်ဗျ။ ပထမဆုံးဆန်ခါက အမှန်တရားဆန်ခါပဲ ဖြစ်ပါတယ်။ အရင်ဆုံး ခင်ဗျားကြားလာတဲ့သတင်းက အမှန်ဖြစ်ကြောင်း သေချာလား” လို့ မေးတဲ့အခါမှာတော့ ထိုသူက “အဲ့ဒါ‌တော့ မပြောတတ်ဘူးဗျ။ ကျွန်တော်က သူများတွေပြောနေတာ ကြားခဲ့တာ။ ပြီးတော့…” လို့ ပြောနေတုန်း ဆိုကရေးတီးက “ရပြီ ရပြီ အဲ့သတင်း မှန်လား၊ မမှန်လား ခင်ဗျား မသေချာဘူးလေ။ အခု ဒုတိယဆန်ခါဖြစ်တဲ့ ကောင်းသတင်းဆန်ခါနဲ့ စစ်ကြည့်ရအောင်။ ခင်ဗျားအခု ပြောမယ့်သတင်းက ကျွန်တော့် သူငယ်ချင်းကောင်းကြောင်း ဟုတ်ရဲ့လား” လို့ မေးတဲ့အခါမှာတော့ ထိုသူက “အဲ့လိုတော့ မဟုတ်ဘူး‌ဗျ” လို့ ဆိုလာပါတယ်။ “အဲ့ဒါဆို ခင်ဗျားက ကျွန်တော့်သူငယ်ချင်းရဲ့ မကောင်းသတင်းကို ပြောချင်တယ်။ ပြီးတော့ ခင်ဗျားက မသေချာဘူးပေါ့။ ဒါပေမဲ့ ရပါတယ်။ တတိယဆန်ခါကို ခင်ဗျား ကျော်ဖြတ်ကောင်း ကျော်ဖြတ်နိုင်ပါသေးတယ်။ တတိယဆန်ခါရဲ့ နာမည်က အကျိူးရှိမှုဆန်ခါပဲ ဖြစ်ပါတယ်။ ခင်ဗျား ကျွန်တော်ကို ဘာလို့လာပြောနေလဲဆိုပြီး” ပြောထုတ်လိုက်ပါတော့တယ်။

တကယ်တော့ ကျွန်တော်တို့ရဲ့ဘဝမှာ ဆိုကရေးတီးရဲ့အသိအကျွမ်းလိုလူမျိုးတွေ အများကြီး ရှိတတ်ပါတယ်။ အဲ့ဒီလိုလာပြောတဲ့သူကို ဆိုကရေးတီး မေးတဲ့မေးခွန်းတွေ မေးဖို့တော့ အဆင်မပြေလောက်ပါဘူး။ ကိုယ်ကသာ အဲ့ဒီလိုသတင်းတွေပြောတတ်တဲ့သူတွေကို သတိထားရမှာဖြစ်ပါတယ်။ မှန်လည်း မမှန်၊ ကောင်းလည်းမကောင်း၊ အကျိုးလည်း မရှိတဲ့သတင်းတွေကို သယ်လာတတ်တဲ့သူတွေ ရှိပါတယ်။ ကိုယ့်ဘာသာ အဲ့ဒီသတင်းကို မသိခင်တုန်းက ဘာမှမဖြစ်ဘူး။ သိတော့မှ စိတ်ဆင်းရဲရတဲ့သတင်းတွေ ရှိတတ်ပါတယ်။ အားနာပြီး လက်ခံနားထောင်လိုက်မိခြင်း သိုမဟုတ် ကိုယ့်ကိုသူများတွေ ဘာတွေပြောနေလဲဆိုတာ အရမ်းဂရုစိုက်လွန်းခြင်း စတာတွေကြောင့် သင့်ဆီကို အပုပ်နံ့တွေ ‌ရောက်လာတာ ဖြစ်ပါတယ်။ မှန်၊ မမှန်ကလည်း မသေချာ၊ ကောင်းသတင်းကလည်း မဟုတ်၊ ဘာများလုပ်လိုရလဲဆိုတော့ ဘာမှလည်း လုပ်လို့မရပြန်။ အဲ့ဒီလို သတင်းမျိုးတွေ သင့်ဘဝထဲကို ဘယ်နေရာ၊ ဘယ်အရပ်က လာနေသလဲဆိုတာ သတိထားပြီး ရှာဖွေရမှာ ဖြစ်ပါတယ်။ ပြီးရင် အဲ့ဒါတွေ ဝင်မလာအောင် ကာကွယ်ရမှာဖြစ်ပါတယ်။

ကျွန်တော့်မှာ အသိအကျွမ်းတစ်ယောက် ရှိခဲ့ဖူးပါတယ်။ သူက Negative အတွေးတွေ အရမ်းတွေးတတ်ပါတယ်။ ကျွန်တော်နဲ့ မတွေ့တာ ကြာပေမယ့် Facebook ပေါ်မှာတော့ Friend ဖြစ်နေဆဲ ဖြစ်ပါတယ်။ တစ်နေ့မှာ Meme Group တစ်ခုထဲမှာ Facebook အသုံးပြုသူတစ်ယောက်ဟာ ကျွန်တော့်ရဲ့ ကလောင်နာမည်ဖြစ်တဲ့ မိုးရှင်း(I.M.T) ကို လှောင်ပြီး ပုံတစ်ခုလုပ်ထားတာကို သူ တွေ့သွားခဲ့ပါတယ်။ ပြီးတော့ ကျွန်တော့်ကို Comment ထဲကနေ Mention လှမ်းခေ်ပါတယ်။ ကျွန်တော် စတွေ့တွေ့ချင်း တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားပါတယ်။ ဒါပေမဲ့ အဲဒီပုံရဲ့အောက်မှာ ကျွန်တော် ဘာမှပြန်မရေးခဲ့ပါဘူး။ အဲ့ဒီပုံတစ်ပုံကြောင့် ကျွန်တော် ဘာမှလည်း ဖြစ်သွားမှာ မဟုတ်ဘူးလေ။ ပြီးတော့ ဒီလိုကိစ္စမျိုးက ကျွန်တော့်အတွက် သိပ်မထူးတော့ပါဘူး။ ဒါပေမဲ့ တွေ့တဲ့အခါတိုင်း လူသားပီပီ စိတ်အနှောင့်အယှက် အနည်းငယ်ဖြစ်သွားလေ့ရှိပါတယ်။ သူ လှောင်ထားတဲ့ပုံက အမှန်တရားလည်း မဟုတ်၊ ကောင်းသတင်း လည်း မဟုတ်၊ အကျိုးရှိတာလည်း မဟုတ်ခဲ့ပါဘူး။ ကျွန်တော့်ရဲ့ အသိအကျွမ်းကတော့ သူ့အနေနဲ့ ကျွန်တော့်ဘက်က နာပြီး ကျွန်တော့်ကို လှမ်းခေါ်လိုက်တာပါ။ ဒါပေမဲ့ တကယ်တမ်း ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်ဖြစ်ရုံကလွဲပြီး ဘာမှအကျိုးမရှိဘူးဆိုတာ သူ မေ့နေခဲ့ပါတယ်။ ကျွန်တော်က ပြန်ပြီးဖြေရှင်းလည်း မုန်းတဲ့သူကတော့ မုန်းနေမှာပါပဲ။ အဲဒီလို လှောင်ပြောင်မှုတွေဟာ ဒီအတိုင်း မသိချင်ယောင်ဆောင်ထားတာသာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

ကျွန်တော် အဲဒီပုံအောက်မှာ ဘာမှပြန်မရေးခဲ့ပေမဲ့ ကျွန်တော့်ရဲ့ အသိကိုတော့ Message Box ကနေ တစ်ခုတောင်းဆိုခဲ့ပါတယ်။ ကျွန်တော့်ဘက်ကနာပြီး အသိပေးခဲ့လို့ ကျေးဇူးတင်ကြောင်း၊ ကျွန်တော့်အနေနဲ့ ဒီလိုမျိုးအရာတွေ တွေ့နေကျမို့ နောက်များမှာ ကျွန်တော်ကို Mention မလုပ်ဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ သူ့စိတ်ထဲ အနှောင့်အယှက် ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် မတတ်နိုင်ပါဘူး။ ကျွန်တော်က လိုအပ်တဲ့နေရာတွေမှာ အားမနာတတ်ပါဘူး။ ကျွန်တော် ငြိမ်နေရင် ကျွန်တော် စိတ်ဆင်းရဲ မယ်။ သူလည်း ဘာအကျိုးမှ မရှိဘဲ စိတ်ဆင်းရဲနေရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ တောင်းဆိုခဲ့တာ ပါ။ ဘဝမှာ နည်းနည်းလေး အောင်မြင်လာတာနဲ့ ပြောချင်သူတွေက အမြဲရှိတတ်ပါတယ်။ အဲဒီလို ကိုယ့်ကို ဝေဖန်တဲ့သူတိုင်းကို လိုက်ပြီးတုံ့ပြန်နေရင် ရှေ့ကိုရောက်မှာ မဟုတ်တော့ပါဘူး။ သင့်ဘဝထဲကိုလည်း အမှိုက်တွေ၊ အပုပ်နံ့တွေ ဝင်တဲ့နေရာတွေ ရှိတတ်ပါတယ်။ တစ်နေ့တစ်နေ့ သင့်ကို စိတ်ဆင်းရဲစေတဲ့သတင်းတွေ ဘယ်က လာသလဲ ပြန်သုံးသပ်ပါ။ ဒီနေ့ခေတ်မှာဆို Facebook ကနေ ပြဿနာပေါင်းစုံရောက်လာတတ်ပါတယ်။ ကျွန်တော့်အသိတွေထဲမှာ အချို့ဆိုရင် Facebook ကြောင့်ပဲ တစ်နေ့တစ်နေ့ အမျိုးမျိုး စိတ်ဆင်းရဲနေတာတွေ၊ အကုသိုလ် ရနေတာတွေ တွေ့ဖူးပါတယ်။ သင်ဟာ Facebook ကို မခွာနိုင်သေးဘူးဆိုရင် သင့်ရဲ့ Facebook ကို အကောင့်သန့်ရှင်းရေး သေချာလုပ်ပါ။ Facebook ဆိုတာဟာ အပြင်လောကနဲ့သင့်ရဲ့စိတ်ကို ဆက်သွယ်ပေးတဲ့ တံခါးတစ်ချပ်ဖြစ်လာပါပြီ။ Facebook ပေါ်က အရာတွေက သင့်ရဲ့စိတ်ကြည်လင်မှု၊ မကြည်လင်မှု၊ စိတ်ချမ်းသာမှု၊ စိတ်ဆင်းရဲမှု စတာတွေနဲ့ တဖြည်းဖြည်း ပတ်သက်လာနေပါပြီ။ ဒါကြောင့် မိမိအကောင့်မှာ Unfriend လုပ်သင့်သူတွေ လုပ်၊ Unfriend လုပ်လို့ မကောင်းရင် Unfollow လုပ်လို့ရပါတယ်။ စိတ်အနှောင့်အယှက်ပေးတဲ့သတင်းတွေလည်း Unfollow လုပ်ပါ။ မိမိကို စိတ်ချမ်းသာစေတဲ့ အရာ၊ ဗဟုသုတရစေတဲ့အရာတွေနဲ့သာ သင့်ကိုယ်သင် ဝန်းရံထားပါ။ သင့်ဘဝမှာလည်း စိတ်ဆင်းရဲစရာတွေ နည်းသွားပါလိမ့်မယ်။ မိမိအပေါ် အဆိုးမြင်နေတဲ့ လူတိုင်းကိုလည်း တုံ့ပြန်ဖို့ မလိုပါဘူး။ တစ်ခါတလေ သင်ခန်းစာယူသင့်တဲ့အခါ သင်ခန်းစာယူပြီး မိမိလမ်းကို ဆက်လျှောက်ပါ။

“အဆိုးမြင်ဝါဒီသမားတွေကို တုံ့ပြန်မှုနည်းလာရင် သင့်ဘဝလည်း အရင်ကထက် ပိုပြီး အေးချမ်းလာလိမ့်မယ်”အမည်မသိ

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline