ဘဝနေနည်း

Social Media Detox

By Htet Nandi

March 13, 2023

တစ်စုံတစ်ခုထဲကို အင်အားထည့်လိုက်ရင် အဲဒီအရာဟာ အလိုလို အင်အားကြီးလာတတ်ပါတယ်။ Powerful ဖြစ်လာပါတယ်။ အခုခေတ်မှာ… လူတွေဟာ Social Media ကို အရမ်းသုံးလာကြတယ်။ အဲဒီအပေါ်မှာ အာရုံစူးစိုက်မှုတွေများလေ… အချိန်ပေးမှုတွေများလေ… Energy သုံးမှုတွေ များလေ… သူက အင်အားကြီးလာလေပဲ။ ကိုယ့်အပေါ် လွှမ်းမိုးမှုတွေ ရှိလာလေပဲ…။

တကယ်တော့ ဆိုရှယ်မီဒီယာကို ကြည့်နေတိုင်းမှာ သူရဲ့လွှမ်းမိုးစေခိုင်းမှုတွေကို ကျွန်မတို့ဟာ မသိမသာ ခံနေကြရတတ်ပါတယ်။

ဒီ Comment ကို Reply ပြန်ပါ…။

ဒီစာကို ဖွင့်ဖတ်ပါ…။

ဒီ ဓာတ်ပုံကို Like လုပ်ပါ…။

ဒီစားသောက် ဆိုင်ကို သွားကြည့်ပါ…။

ဒီအဝတ်မျိုးလေး ဝတ်ကြည့်ပါ။

ဒီသတင်းကို ကြည့်လိုက်ပါ…။

သူနဲ့ဆက်စပ်သမျှ ထပ်ပြီး ရှာဖွေပါ…။ လိုက်ကြည့်ပါ…ဆိုတဲ့ စေခိုင်းမှုတွေပါပဲ။

ကျွန်မတို့ဟာ သူ့ရဲ့စေခိုင်းမှုနောက်ကို မသိမသာနဲ့ တောက်လျှောက်ပါသွားတတ်ကြတယ်…။ တကယ်တော့ ကျွန်မတို့ စိတ်ဟာလည်း နေရာအကျယ်အဝန်းဆိုတာ ရှိပါတယ်။ Mind Space ပေါ့။ လူတွေရဲ့ စိတ်ဟာ တစ်နေ့ကို အတွေးပေါင်း ၅သောင်းလောက် တွေးပါတယ်တဲ့။ အဓိပ္ပာယ်ကတော့ ၁.၂ စက္ကန့်ပိုင်းအတွင်းမှာကို အတွေးတွေက တစ်ခုပြီးတစ်ခု ပြောင်းသွားကြတယ်တဲ့…။ ဒါက အခုခေတ် သိပ္ပံပညာရှင်တွေ၊ စိတ်ပညာရှင်တွေ တွက်ချက်ပြနိုင်သလောက်ပါပဲ။ ကျွန်မတို့ သာမာန် လူသားတွေအနေနဲ့ကလည်း ဒီလောက်ပဲ နားလည်တယ်လေ။

မြတ်စွာဘုရားကတော့ အဲဒီစိတ်တွေရဲ့ ဖြစ်ပေါ်ပုံ အဆင့်ဆင့်ကစလို့ စိတ်ရဲ့ အတိုင်းအရှည်၊ အကျယ်အဝန်း၊ ကြိမ်နှုန်းတွေကိုပါမကျန် အသေးစိတ် ဟောပြတော်မူခဲ့တယ်။

ကွန်ပျုတာလိုပြောရင် Data တွေ ပြည့်ကျပ်နေတော့တာပါ။ Mind Space က သိပ်မရှိတော့ဘူး။

တစ်နေ့တစ်နေ့ တွေ့သမျှ၊ မြင်သမျှ တုံ့ပြန်နေတဲ့အခါ ကျွန်မတို့ Focus ပျောက်သွားပါတယ်။ ဦးတည်ချက် ပျောက်သွားပါတယ်။ ကိုယ်ဘာလုပ်မယ်ဆိုတာကို မသိတော့ပါဘူး။ ကျွန်မဆို အလုပ်ကိစ္စ ဖုန်းနံပါတ်တစ်ခုကိုရှာဖို့ ဖုန်းကို ကိုင်လိုက်တယ်။ Facebook ပေါ်ရောက်သွားတယ်။ ပြန်ထွက်လာတယ်။ ဖုန်းနံပါတ်ရှာဖို့‌ မေ့သွားပါရော။

Social Media မှာ ဘယ်ဟာက ကိုယ့်အတွက် ကြည့်ဖို့၊ ဖတ်ဖို့၊ နားထောင်ဖို့၊ တုံ့ပြန်ဖို့၊ ဖြေကြားဖို့ ထိုက်တန်သလဲဆိုတာ ကျွန်မတို့ မရွေးချယ်ကြတော့ဘူး…။ ပေါ်လာသမျှ ကြည့်တယ်။ ကောင်းတာလည်းပါတယ်။ ဆိုးတာလည်းပါတယ်။ အဲဒါတွေအားလုံးကို စိတ်က တုံ့ပြန်ပြီးသား ဖြစ်သွားတယ်။

You give your life away to unimportant things.

တန်ဖိုးရှိတဲ့ ဘဝရဲ့အချိန်တွေကို အရေးမကြီးတာတွေအတွက် အများကြီးပေးဆပ်ပေးလိုက်တယ်။

We grow and learn by what we absorb and experience consistently.

ကိုယ် ခေါင်းစိုက်ဝင်မတတ် နစ်မြုပ်နေခဲ့တဲ့ အရာတွေကနေ ရတဲ့ အတွေ့အကြုံတွေကို သင်ယူရင်း ကျွန်မတို့ဟာ ကြီးပြင်းလာခဲ့တယ်။ နဂိုများနေပြီးသားအတွေးတွေကို လျှော့ပစ်ဖို့လိုတယ်။ စိတ်ထဲမှာ အတွေးတွေ အရမ်းများလာပြီဆို မွန်းကျပ်လာတယ်လေ။

Social Media ပေါ်မှာ အချိန်သုံးမယ်ဆိုရင် Productive and Positive ဖြစ်ဖို့ လိုပါတယ်။ အကျိုးရှိအောင် အသုံးချမယ်။ ကောင်းစွာ အသုံးချမယ်ပေါ့။

အကုသိုလ် ဖြစ်စေတဲ့ လူတွေ၊ သတင်းတွေ၊ စာမျက်နှာတွေဆို Unfollow လုပ်ထားတာကောင်းတယ်။ သူရေးနေတာတွေဟာ ကိုယ်နဲ့ တိုက်ဆိုင်မှု မရှိဘူးဆို သူ့ကို မမြင်ရတာ အကောင်းဆုံးပဲ။ သူပေါ်လာတိုင်း အကုသိုလ်ဖြစ်ရတာ မရှိတော့ဘူးလေ…။

Social Media ကြည့်မယ်ဆိုရင်တောင်… ကိုယ့်ရဲ့ဘဝ၊ ကိုယ့်ရဲ့အတွေးတွေကို ပိုကောင်းအောင် ကူညီစေမဲ့ စာမျက်နှာတွေ၊ လူပုဂ္ဂိုလ်တွေ၊ အကြောင်းအရာတွေကို ပိုကြည့်သင့်တယ်…။ Subscribe လုပ်ထားသင့်တယ်။

သွားတဲ့နေရာတိုင်း ဓာတ်ပုံရိုက်ပြီး Social Media ပေါ်တင်တာဟာ အမှတ်တရတွေ ဖန်တီးခွင့်ရလို့ ပျော်စရာပါပဲ…။ ဒါပေမယ့်… တစ်ခါတစ်လေကျတော့ အခြားသူတွေအတွက် သရုပ်ဆောင်ပြနေရသလို စိတ်ထဲမှာ ဖြစ်လာတယ်။ ဒါဟာ Pressure ဖိအားပေးမှု တစ်ခုပါပဲ။

ကျွန်မဆို ဓာတ်ပုံတွေရိုက်တဲ့အခါ လှနေမှ ကြိုက်တယ်…။ ဓာတ်ပုံရိုက်တော့မယ်ဆို လှတဲ့ အကွက်အကွင်းလေးတွေကို သတိထားပြီး ရှာရိုက်တာပဲ။ ပန်းအိုးကို အနားယူထားလိုက်တယ်…။ လျှပ်တစ်ပြက်အတွင်းမှာကို အလှဆုံးဖြစ်အောင် ဖန်တီးပြီး အလှဆုံး ပြုံးပြလိုက်တယ်။ ဒါပေမယ့် ဒါဟာ သဘာဝ အစစ်အမှန်တော့လည်း မဟုတ်ပြန်ဘူး။ သဘာဝ အစစ်အမှန်ကို တန်ဖိုးမထားကြတော့ဘူး။

သူများကိုယ့်ကို မြင်စေလိုတဲ့ပုံကို သရုပ်ဆောင်ပြလိုက်တာပဲ…။ ခု‌တော့ ကိုယ့်ဘဝရဲ့ အကောင်းဆုံး အစိတ်အပိုင်းကို စစ်မှန်စွာ… တန်ဖိုးထားခံရဖို့ပဲ ကြိုးစားချင်လာတယ်။ လုပ်ဆောင်မှုတစ်ခု ဖြစ်ရင် ဖြစ်မယ်။ စိတ်ပိုင်းဆိုင်ရာ အားထုတ်မှုတစ်ခု ဖြစ်ရင်ဖြစ်မယ်။ အဲဒီအတွက်… ကိုယ် ဘာတွေပိုကောင်းလာအောင် လုပ်ရမလဲ။ ဘာတွေကို ပြင်ဆင်ရမလဲ။ ဒါပဲ စိတ်ဝင်စားလာတယ်။

Mindless Scrolling စိတ်မရှိဘဲနဲ့ ဖုန်းကို ဟိုပွတ်ဒီပွတ်လုပ်နေတာကို ဒီနေ့ပဲ လျှော့ချလိုက်ပါ။ ဘဝရဲ့ ဦးတည်ချက်တွေကို မပျောက်ပါစေနဲ့။ Energy ဆိုတဲ့ စိတ်စွမ်းအင်တွေဟာ တန်ဖိုးကြီးပါတယ်။ ကိုယ့်ဘဝကို ကောင်းမွန်သော သက်ရောက်မှုတွေ အမှန်တကယ်ရှိနိုင်တဲ့ အရာတွေအတွက် ကျွန်မတို့ရဲ့ Mental Space မှာ နေရာအကျယ်အဝန်း အလုံအလောက် ရှိနေပါစေ။ ပြီးတဲ့အခါ… Energy တွေ အများကြီး ထည့်သုံးပေးလိုက်ပါ။

မွန်ဟော်စီ၏ စိတ်ကို… အဆိပ်ထုတ်ခြင်းစာအုပ်မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်

OpenMoreOnline

ဘဝနေနည်း