ဘဝနေနည်း

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်

By Lei Lei Win Thant

March 15, 2022

ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက် – အခု ပြောပြမယ့်ပုံပြင်လေးဟာ ကျွန်တော် အင်တာနက်မှာ ဖတ်ခဲ့ရတဲ့ပုံပြင်လေး ဖြစ်ပါတယ်။ မူရင်းပုံပြင်ထဲမှာ အင်္ဂလိပ် နာမည်တွေ သုံးထားပေမယ့် ကျွန်တော် မြန်မာမှုပြုပြီး နာမည်တွေကို မြန်မာလို ပြောင်းထားပါတယ်။

တစ်ခါတုန်းက ညီအစ်ကို သုံးယောက်ရှိကြပါတယ်။ အကြီးဆုံးက မောင်မောင်၊ အလတ်က အောင်အောင် ဖြစ်ပြီး အငယ်ဆုံးကတော့ ညီညီပဲ ဖြစ်ပါတယ်။ သူတို့ ၃ ယောက်စလုံးဟာ ရိုးသားကြပြီး အလုပ်လည်း ကြိုးစားကြပါတယ်။ မနက်မိုးလင်းတိုင်း ညီအစ်ကိုသုံးယောက် တက်ညီလက်ညီနဲ့ တောထဲမှာ သစ်သွားခုတ်ကြပါတယ်။ ခုတ်လို့ရတဲ့ သစ်တွေကို ဈေးထဲမှာ ပြန်ရောင်းပြီး အသက်မွေးဝမ်းကျောင်း ပြုကြပါတယ်။ သူတို့ရဲ့ဘဝဟာ အရမ်းကြီးဆင်းရဲတဲ့အထဲတော့ မပါဘဲ နေ့စဉ်စားဖို့တော့ ပြေလေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့ မပျော်ကြပါဘူး။ နေဖို့စားဖို့ မပူရပေမယ့် သူတို့ဘဝကို သူတို့အလိုမကျဘူး။ သူတို့ဟာ သူတို့ဘဝကို မကျေနပ်ဘဲ တစ်ခုမဟုတ်တခုတော့ လိုချင်နေလေ့ရှိပါတယ်။

တစ်နေ့မှာတော့ သူတို့ညီအစ်ကိုသုံးယောက် သစ်ခုတ်ရင်း တောနက်ထဲ ရောက်သွားပါတယ်။ သစ်တွေခုတ်အပြီးမှာ သူတို့ သစ်တွေထမ်းပြီး အိမ်ကို လမ်းလျှောက်ပြန် လာကြပါတယ်။ ပြန်ရာလမ်းမှာ အမျိုးသမီးကြီးတစ်ဦးဟာ အိတ်တစ်အိတ်ကို မနိုင်မနင်းနဲ့ သယ်နေတာတွေ့ပြီး သူတို့ ညီအစ်ကိုသုံးယောက်ဟာ အမျိုးသမီးကြီးရဲ့ အိတ်ကို တစ်ယောက်တစ်လှည့် ကူထမ်းပေးဖို့ ခွင့်တောင်းခဲ့ပါတယ်။ အမျိုးသမီးကြီးကလည်း ကျေးဇူးတင်စွာနဲ့ ကူညီခွင့်ပြုခဲ့ပါတယ်။ အမျိုးသမီးကြီးရဲ့အိမ်ကို အိတ်ထမ်းပြီး လိုက်ပို့ပေးချိန်မှာတော့ အမျိုးသမီးကြီးက ထိုအိတ်ဟာ ပန်းသီးအိတ်ဖြစ်ကြောင်း ရှင်းပြပါတယ်။ သူတို့ညီအစ်ကိုသုံးယောက်ဟာ ပန်းသီးအိတ်ကို တစ်ယောက်တစ်လှည့်စီ ထမ်းပေးရင်း နောက်ဆုံးမှာတော့ အမျိုးသမီးကြီးအိမ်ကို ရောက်ရှိခဲ့ပါတယ်။ သူတို့လည်း တော်တော်ကို မောပန်းနေကြပါတယ်။

တကယ်တော့ သူတို့ ကူညီပေးခဲ့တဲ့ အမျိုးသမီးကြီးဟာ သာမန်လူမဟုတ်ဘဲ မှော်ပညာကို ကျွမ်းကျင်တဲ့သူ ဖြစ်နေပါတယ်။ အမျိုးသမီးကြီးက ညီအစ်ကိုသုံးယောက်ရဲ့ ကူညီတတ်တဲ့စိတ်ကို သဘောကျတာကြောင့် ဆုချီမြင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် ကျေးဇူးဆပ်တဲ့အနေနဲ့ သူ ဘာပြန်လုပ်ပေးနိုင်မလဲလို့ မေးလိုက်ပါတယ်။ အစ်ကို အကြီးဆုံး မောင်မောင်က “ကျွန်တော်တို့ မပျော်ဘူး ဖြစ်နေပါတယ်”လို့ ဖြေလာပါတယ်။ ဒါနဲ့ အမျိုးသမီးကြီးက သူ ဘာလုပ်ပေးရင် ပျော်မလဲလို့မေးတော့ ညီအစ်ကို သုံးယောက်လည်း တစ်ယောက်တစ်မျိုးစီ ဖြေကြပါတယ်။

မောင်မောင်က “ခြံအကျယ်ကြီးတစ်ခုထဲမှာ အစေခံတွေများစွာနဲ့ နေချင်ပါတယ်။ အဲဒီထက်ပိုပြီးလည်း မလိုချင်ပါဘူး။ အဲဒါရရင် ကျွန်တော် ပျော်မှာအသေအချာပါပဲ” လို့ ဖြေပါတယ်။ အောင်အောင်က “သီးနှံတွေ များစွာ စိုက်ပျိုးထားတဲ့ လယ်အကြီးကြီးကို ပိုင်ရရင်ဖြင့် ကျွန်တော် အရမ်းပျော်မှာပဲဗျာ၊ ကျွန်တော် ဘာမှ စိတ်ပူစရာမရှိတော့ဘဲ ချမ်းသာလာမှာ အသေအချာပဲ”လို့ ဖြေလာပါတယ်။ ညီညီကတော့ “မိန်းမချောချောလေးရရင် တော်တော်ကောင်းမယ်၊ ကျွန်တော် မောမောနဲ့အိမ်ပြန်လာတိုင်း သူ့ရဲ့မျက်နှာချိုချိုလေးကြောင့် ကျွန်တော့်ရဲ့ သောကတွေ ထွက်ပြေးသွားမှာ အသေအချာပါပဲ။ ကျွန်တော် ပိုပြီးပျော်လာမှာ လည်း အသေအချာပါပဲ”လို့ ဆိုလာပါတယ်။

“ကောင်းပြီ၊ မင်းတို့ကို အဲဒီအရာတွေက ပျော်ရွှင်မှု ပေးစွမ်းမယ်ဆိုရင် မင်းတို့ဟာ ထိုက်တန်တဲ့သူတွေ ဖြစ်ပါတယ်။ မင်းတို့ဟာ မနိုင်မနင်းဖြစ်နေတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ကူညီခဲ့တဲ့အတွက် စိတ်ထားကောင်းသူတွေ ဖြစ်ကြတယ်။ မင်းတို့ အခု အိမ်ပြန်ရင် မင်းတို့လိုချင်နေတဲ့ အရာတွေ ရောက်နေပါလိမ့်မယ်”လို့ အမျိုးသမီးကြီးက ဆိုပါတယ်။

ညီအစ်ကိုသုံးယောက်က အမျိုးသမီးကြီးစကားကို မယုံသော်လည်း ပြုံးပြပြီး အိမ်ပြန်လာခဲ့ကြပါတယ်။ ပြန်ရောက်တဲ့အချိန်မှာ ပထမဆုံး ခြံအကျယ်ကြီး တွေ့ရပါတော့တယ်။ အစေခံများစွာ စောင့်ဆိုင်းနေပြီး ခြံစောင့်တစ်ယောက်လည်း ရှိနေပါတယ်။ တံခါးစောင့်က မောင်မောင့်ကိုကြိုဆိုပြီး အိမ်ထဲခေါ်ဆောင်သွားပါတယ်။ ခပ်လှမ်းလှမ်းက နေရာတစ်ခုမှာတော့ လယ်အကြီးကြီးတစ်ခုကို လှမ်းတွေ့နေရပါတယ်။ ထိုလယ်ထဲက လယ်ထွန် နေသူတစ်ယောက်က ပြေးလာပြီး အောင်အောင်ကို အဆိုပါလယ်ဟာ အောင်အောင့်ရဲ့ လယ်ဖြစ်ကြောင်း ပြောပြီး ခေါ်ဆောင်သွားပါတယ်။ အဲဒီအချိန်မှာပဲ အရမ်းလှတဲ့ မိန်းမပျိုလေးတစ်ယောက်က ညီညီဆီကို လျှောက်လှမ်းလာပြီး သူဟာ ညီညီရဲ့ဇနီးဖြစ်ကြောင်း ပြောဆိုကာ ညီညီ့ကို ခေါ်ဆောင်သွားပါတယ်။ ညီအစ်ကိုသုံးယောက်စလုံးဟာ မယုံနိုင်လောက်အောင် ပျော်ရွှင်နေကြပါတယ်။ သူတို့သုံးယောက်ဟာ သူတို့ရဲ့ သာယာတဲ့ ကိုယ်ပိုင်ဘဝလေးတွေကို ပျော်ရွှင်စွာ ဖြတ်သန်းကြပါတော့တယ်။

ဒီလိုနဲ့ တစ်နှစ်ကုန်ဆုံးသွားတဲ့အချိန်မှာတော့ သူတို့ သုံးယောက်ဟာ အစကလို မပျော်ကြတော့ပြန်ပါဘူး။ မောင်မောင်က သူ့ရဲ့ခြံအကျယ်ကြီးကို ငြီးငွေ့လာပါတယ်။ ပျင်းရိလာပြီး အစေခံတွေကိုလည်း သေချာမညွှန်ကြားတော့ပါဘူး။ ခြံကြီးကလည်း အရင်လို မလှပတော့ပါဘူး။ အောင်အောင်ကတော့ သူ့ရဲ့လယ်ကြီးထဲမှာ လှပတဲ့ အိမ်လေးတစ်လုံးကိုဆောက်ပြီး နေခဲ့ပေမယ့် သူလည်း ပျင်းရိလာပါတယ်။ သီးနှံတွေ စိုက်ပျိုးလိုက်၊ ရိတ်သိမ်းလိုက် လုပ်ရတဲ့အလုပ်ကို သူစိတ်ကုန်လာပါတယ်။ ညီညီကလည်း မိန်းမချောချောလေးနားမှာ အစကလောက် စိတ်မလှုပ်ရှားတော့ပါဘူး။ တစ်နှစ်ပြည့်တဲ့အချိန်မှာ ရိုးလာပါတော့တယ်။ သူတို့သုံးယောက်စလုံးဟာ မပျော်ရွှင်ကြတော့ပါဘူး။

တစ်နေ့ကျတော့ သူတို့ညီအစ်ကို သုံးဦးစလုံး အစည်းအဝေး လုပ်ကြပါတယ်။ ထိုအစည်းအဝေးမှာ သူတို့တွေ့ခဲ့ဖူးတဲ့ မှော်ဆရာမ အမျိုးသမီးကြီးဆီ ပြန်သွားဖို့ ဆုံးဖြတ်ချက်ချလိုက်ကြပါတယ်။ “ဒီအမျိုးသမီးကြီးက ငါတို့ စိတ်ကူးအိပ်မက်တွေကို လက်တွေ့ အဖြစ် ပြောင်းလဲပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ ငါတို့က အခု မပျော်တော့တဲ့အတွက် သူ့ကို ငါတို့ မရရအောင် ရှာပြီး သွားတွေ့ကြမယ်။ ဒါမှ ပျော်ရွှင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို ငါတို့သိနိုင်မှာ”လို့ မောင် မောင်က ပြောလာပါတယ်။

သူတို့ အမျိုးသမီးကြီးကို တောထဲမှာ ပြန်ရှာတွေ့ ချိန်မှာတော့ အမျိုးသမီးကြီးက မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေပါတယ်။ ညီအစ်ကိုသုံးယောက်ဟာ အမျိုးသမီးကြီးကို နှုတ်ဆက်ပြီးနောက် သူတို့ မပျော်တဲ့အကြောင်း တစ်ယောက်ချင်းစီ ရင်ဖွင့်ပါတော့တယ်။ ရင်ဖွင့်အပြီးမှာတော့ “ကျွန်တော်တို့ ပျော်အောင် ဘာလုပ်ရမလဲ”လို့ အမျိုးသမီးကြီးကို မေးလိုက်ပါတယ်။

အမျိုးသမီးကြီးက “အိမ်း… တကယ်တော့ ပျော်ရွှင်မှုဟာ မင်းတို့လက်ထဲမှာပဲ ရှိပါတယ်။ ကဲ ကြည့် … မင်းတို့သုံးယောက် ဆုတွေတောင်းခဲ့တယ်။ မင်းတို့ဆုတောင်းတွေလည်း ပြည့်ခဲ့တယ်။ မင်းတို့ ပျော်ရွှင်ခဲ့ကြတယ်။ ဒါပေမဲ့ ပျော်ရွှင်မှုဟာ “ရောင့်ရဲမှု” ဆိုတဲ့ အရေးကြီးဆုံးမရာ တစ်ခုမပါရင် ဘယ်တော့မှ ကြာရှည်မခံတတ်ဘူးကွဲ့။ မင်းတို့ အစက ပျော်ကြတယ်။ ဒါပေမဲ့ မင်းတို့ ဘယ်တော့မှ မရောင့်ရဲခဲ့ဘူး။ ရောင့်ရဲအောင် နေထိုင်တတ်မှသာလျှင် ပျော်ရွှင်ခြင်း အစစ်အမှန်နဲ့ မင်းတို့ တွေ့လိမ့်မယ်” လို့ ပြန်လည်ဖြေကြားလိုက်ပါတယ်။

ညီအစ်ကိုသုံးယောက်လည်း သူတို့အမှားကို နားလည်ပြီး အိမ်ကို ပြန်သွားကြပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူတို့ရဲ့ သစ်ခုတ်သမားဘဝနဲ့ လက်ရှိဘဝကို နှိုင်းယှဉ်ကြည့်မိပြီး သူတို့ဟာ ကံကောင်းတဲ့လူတွေ ဖြစ်နေပါလားဆိုတာကို သတိပြုမိလာကြပါတယ်။ မောင်မောင်ဟာ ခြံအကျယ်ကြီးကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူနေပြီး ခြံကြီးနဲ့ အစေခံတွေကို သေချာဂရုစိုက်ပါတော့တယ်။ အောင်အောင်ကလည်း သူ့ရဲ့ လယ်ကြီးကို အောင်မြင်အောင် စတင်လုပ်ကိုင်ပါတော့တယ်။ ညီညီကလည်း သူ့အပေါ် သစ္စာရှိပြီး အိမ်ထောင်မှုကိစ္စအဝဝ တာဝန်ကျေပွန်တဲ့ ဇနီးသည်ကို ပိုပြီးချစ်ခင်လာပါတယ်။ တန်ဖိုးလည်း ပိုထားလာပါတယ်။ သူတို့ဟာ သူတို့ပိုင်တဲ့အရာ တွေကို ရောင့်ရဲတတ်လာပြီး ပျော်ရွှင်လာကြပါတယ်။ သူတို့ရဲ့ ပိုင်ဆိုင်မှုကိုလည်း အလွဲသုံးစား ပေါ့ပေါ့တန်တန် ဘယ်တော့မှ မလုပ်ကြတော့ပါဘူး။ သူတို့ညီအစ်ကို သုံးယောက်ဟာ သေဆုံးတဲ့အထိ ပျော်ပျော်ရွှင်ရွှင် အတူတူ နေထိုင်သွားကြပါတော့တယ်။

ပုံပြင်လေး ပြီးသွားတဲ့နောက် ကျွန်တော့်မှာ အတွေးစတွေ ကျန်ခဲ့ပါတယ်။ ပျော်ရွှင်ခြင်းရဲ့ အဓိကလျှို့ဝှက်ချက်ဟာ ရောင့်ရဲတင်းတိမ်မှုဆိုတာ အတွေးအခေါ်ပညာရှင်များစွာကလည်း ထောက်ခံထားပါတယ်။ ဗုဒ္ဓဘာသာရဲ့ အယူအဆမှာလည်း ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘာလို့ရောင့်ရဲမှု မရှိကြတာလဲ။ ကျွန်တော်တို့မှာ ဘာလို့ လောဘတွေ ရှိနေတာလဲ။ စာဖတ်သူက ကျွန်တော့်ကို “ခင်ဗျားရော လောဘမရှိဘူးလား” လို့မေးရင် “ကျွန်တော့်မှာ မရှိဘူး”လို့ မဖြေနိုင်ပါဘူး။ ကျွန်တော့်မှာလည်း လောဘတွေ ရှိနေပါသေးတယ်။ ကျွန်တော်တင် မဟုတ်ပါဘူး။ အခုစာဖတ်နေတဲ့ လူတော်တော်များများမှာလည်း လောဘရှိပါတယ်။

ကျွန်တော်တို့အားလုံးဟာ အရိယာသူတော်စင်တွေ မဟုတ်တဲ့အတွက် လောဘနဲ့ကင်းစင်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံးလုပ်လို့ရတာ တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ လောဘတွေကို တတ်နိုင်သလောက် လျှော့ချဖို့ပါ။ နေ့စဉ်ဘဝမှာ လောဘတွေနဲ့ ပူလောင်လာတိုင်း ခေါင်းအေးအေးထားပြီး ပြန်စဉ်းစားပါ။ ကိုယ်ပိုင်ထားတဲ့ အရာလေးတွေကို ပြန်စဉ်းစားပါ။ ကိုယ် အသက်ရှူနေနိုင်သေးတဲ့အတွက် ဝမ်းသာပါ။ ကမ္ဘာပေါ်မှာ တစ်စက္ကန့်တိုင်း လူ ၂ ဦးခန့် သေဆုံးနေပါတယ်။ အဲဒီအထဲမှာ သင် မပါသေးပါဘူး။

သင် လုပ်ချင်တာလေးတွေ လုပ်ခွင့်ရှိသေးတယ်။ အချိန်တိုင်းသေနိုင်ပြီး ဘယ်အရာမှ သင် တကယ်မပိုင်ဘူးဆိုတာ သင်ရော ကျွန်တော်ကိုယ်တိုင်ရော မကြာခဏ မေ့လျော့တတ်ကြပါတယ်။ အဲဒီအချက်ကို မိမိကိုယ်ကို ခဏခဏ ပြန်သတိပေးဖို့ လိုပါတယ်။ ဘယ်သူကတော့ သေချင်မှာလဲ။ ဒါပေမဲ့ သေခြင်းတရားကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဘူး။ ဒီတော့ မသေခင်မှာ ပျော်အောင်နေဖို့ လိုပါတယ်။ မသေခင်ဆိုတာ တတ်နိုင်သလောက် ရောင့်ရဲစွာ နေတတ်အောင် ကျင့်ကြံကြည့်ပါ။ သင် ပိုပြီး ပျော်ရွှင်လာပါလိမ့်မယ်။

“ရောင့်ရဲတင်းတိမ်ခြင်းသည်သာ တစ်ခုတည်းသော ၊ ချမ်းသာခြင်း အစစ်အမှန်ဖြစ်၏” Alfred Nobel

စာရေးဆရာ မိုးရှင်း(IMT) ရေးသားထားသော လက်ဆောင် စာအုပ်မှ ကူးယူဖော်ပြသည်။

ရသ

OpenMoreOnline