အတွေးအခေါ်

လူ့ဘဝမှာ အောင်မြင်ဖို့ ရလဒ်အရေးကြီးတယ်။

By Hnin Oo Wai

September 07, 2020

မနေ့က ဆီးဂိမ်းပြိုင်ပွဲ ဘောလုံးအကြိုဗိုလ်လုပွဲ ပထမပွဲမှာ မြန်မာအသင်းက ဗီယက်နမ်အသင်းကို ၂ ဂိုး -၁ ဂိုးနဲ့ အနိုင်ရပြီး ဘောလုံးဗိုလ်လုပွဲကြီးကို တက်ရောက်သွားခဲ့ပြီဆိုတာ အများသိပြီးကြပါပြီ။ ကစားချိန်အတွင်းမှာ ဗီယက်နမ်အသင်းဟာ မြန်မာအသင်းဘက်ကို အကြိမ်ကြိမ်ထိုးဖောက် ဂိုးသွင်းနေခဲ့တာ တွေ့ကြမှာပါ။ ပွဲပြီးသွားတော့ မြန်မာနိုင်သွားပြီ။ နိုင်ငံခြားသတင်းစာတွေကလည်း မြန်မာနိုင်ပြီး ဗိုလ်လုပွဲတက်သွားပြီပဲ ရေးကြတယ်။ ဗီယက်နမ်ဘောလုံးသမားတွေ ဘယ်လောက်တော်ကြောင်း၊ ဘယ်လို ကြိုးစားကစားကြကြောင်း မရေးကြပါဘူး။

အလုပ်ထဲမှာ အလုပ်အရမ်းကြိုးစားသူတစ်ယောက် ရှိတယ်။ ဒါပေမဲ့ အထက်က လိုချင်တဲ့တာဝန်ကို အချိန်မီပြီးအောင်လုပ်နိုင်မှု အားနည်းတယ်။ နောက်တစ်ယောက်ကတော့ သူ့လောက် အလုပ်ကြိုးစားပုံ မရပါဘူး။ ဒါပေမဲ့ အထက်ကလိုချင်တဲ့ ရလဒ်ကို အမြဲတမ်းရအောင် လုပ်ပေးနိုင်တယ်။ အချိန်တန်တော့ ဘယ်သူ ရာထူးတက်သွားသလဲ။ မေးစရာမလိုပါ။ ရလဒ်ရအောင် စွမ်းဆောင်ပေးနိုင်သူပဲပေါ့။

ယုန်နဲ့လိပ်ပြိုင်ပွဲ ပုံပြင်ထဲမှာ အသွားနှေးတဲ့လိပ်ကို ဘယ်သူကနိုင်မယ်ထင်မှာလဲ။ အပြေးမြန်တဲ့ယုန်ကို နိုင်မှာပဲလို့ အားလုံးထင်ကြတာပဲ။ နောက်ဆုံး ဘယ်သူနိုင်သွားသလဲဆိုတာ သိပြီးကြပါတယ်။ ပြိုင်ပွဲအတွင်းမှာ အပြေးသန်တဲ့ယုန်ဟာ လိပ်ထက် ရှေ့က အများကြီး ဖြတ်ပြေးနိုင်ခဲ့တယ်ဆိုတာ လူတွေ အမှတ်ရနေကြရဲ့လား။ ပြိုင်ပွဲမှာ အနိုင်ရတဲ့လိပ်ကိုပဲ ချီးကျူးကြမှာပဲလေ။

အတန်းထဲမှာ ဦးနှောက်ကောင်းတဲ့ ကျောင်းသားလေးတစ်ယောက်ရှိတယ်။ သူဟာ စာသင်ချိန်မှာ ဆရာ၊ ဆရာမ မေးတာကို ဒိုးဒိုးဒေါက်ဒေါက်နဲ့ ဖြေနိုင်တယ်။ နောက်ကျောင်းသား တစ်ယောက်ကတော့ ဦးနှောက်အား သိပ်မထက်သန်တော့ စာကို အချိန်ယူပြီး ကျက်မှတ်လေ့လာရတယ်။ စာကျေအောင် လုပ်တယ်ပေါ့။ ဆယ်တန်းအောင်စာရင်း ထွက်တော့ ဦးနှောက်ကောင်းသူဟာ ဂုဏ်ထူးတစ်ခုပဲရတယ်။ ဖြည်းဖြည်းမှန်မှန် ကြိုးစားသူဟာ ဂုဏ်ထူးလေးခုရတယ်။ လူတွေက ဂုဏ်ထူးလေးခုရသူကိုပဲ ချီးကျူးကြမယ်။ ဂုဏ်ထူးတစ်ခုပဲ ရတဲ့ကျောင်းသားကို သူဟာ ဘယ်လောက် ဦးနှောက်ကောင်းကြောင်း ဆရာ၊ ဆရာမတွေ မေးတာကို ဒိုးဒိုးဒေါက်ဒေါက် ဖြေနိုင်တယ်လို့ ချီးကျူးနေကြမှာ မဟုတ်ပါဘူး။

ဒီလောကကြီးမှာ (ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ) လူတွေဟာ ရလဒ် (RESULT) ရအောင် စွမ်းဆောင်သူကိုပဲ မှတ်မိကြတယ်။ ချီးကျူးကြတယ်။

လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးတွေမှာ ဒုတိယရသွားတဲ့ အသင်းတွေကို ဘယ်လောက်များများ မှတ်မိကြသလဲ။ တတိယရတဲ့ အသင်းကို မှတ်မိဖို့ဝေးရော။ သေချာတာတော့ ချန်ပီယံဖြစ်သွားတဲ့ အသင်းတွေကိုပဲ မှတ်မိကြမှာပါ။

လူ့ဘဝမှာ ရလဒ်မထွက်တဲ့ အလုပ်ကြိုးစားမှုထက် ရလဒ်ထွက်အောင်လုပ်ဖို့က ပိုအရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ လောကကြီးမှာ လူတစ်ယောက်ရဲ့ အရည်အချင်းကို သူဘယ်လို RESULT ထွက်အောင် လုပ်ပေးနိုင်သလဲဆိုတာနဲ့ပဲ တိုင်းတာတတ်ကြလို့ပါ။ သူဘယ်လောက် နေ့မအိပ်ညမအိပ် အလုပ်ကြိုးစားတာနဲ့ပဲ မတိုင်းတာပါဘူး။

တစ်ခုတော့ သတိပေးချင်ပါတယ်။ မတရားတဲ့နည်းသုံးပြီး ရလဒ်ထွက်အောင်တော့ မလုပ်ပါနဲ့။

ဗန်းမော်သိန်း‌ဖေ ရေးသားထားသော မျှဝေလိုသောအတွေးများ စာအုပ်မှ ကူးယူဖော်ပြထားပါသည်။

OpenYourBusinessOnline

အတွေးအခေါ်