ပရဟိတစိတ် မွေးမြူခြင်း
စိတ်ဓာတ် ရင့်ကျက် တည်ငြိမ်ခြင်း (အပိုင်း ၃) – စိတ်ဓာတ်ရင့်ကျက်မှုအတွက် ပထမဆုံးပြုလုပ်ရမည့်အရာကား လူတိုင်းတွင် အနည်းနှင့်အများဆိုသလို ကိန်းအောင်းနေသည့် အတ္တဆွဲစိတ်ဓာတ်ကို ပယ်ရှားပစ်ခြင်းဖြစ်၏။ အတ္တစိတ်လွန်ကဲခြင်းကို ချိုးနှိမ်ပယ်ဖျောက်၍ ပရဟိတစိတ်ထားဖြင့် အများအကျိုးဆောင်ရေးသည် စိတ်ဓာတ်မရင့်ကျက်သူတို့အဖို့ ခဲယဥ်းလှသော လုပ်ငန်းတစ်ရပ်ဖြစ်ပေသည်။
ကလေးငယ်တစ်ယောက်အဖို့ကား သူ့လိုအင်ဆန္ဒပြည့်ဝဖို့သာ အရေးကြီးသည်ဟု ထင်၏။ သို့သော် တဖြည်းဖြည်း အရွယ်ရောက်လာသည်နှင့်အမျှ အခြားသူများ၏ အရေးပါပုံကိုလည်း ထည့်သွင်းစဥ်းစားတတ်လာသည်။ ဆယ်ကျော်သက်အရွယ်ကား အတ္တစွဲအကြီးဆုံးအချိန်ဟု ဆိုနိုင်၏။ သူတို့သည် သူတို့၏ ကြီးကောင်ဝင်စခန္ဒာကိုယ်ကို စိတ်ဝင်စားသည်။ သူတို့၏ အပြုအပြင် ဆင်ယင်ထုံးဖွဲ့မှုက အခြားသူများကို ဆွဲဆောင်နိုင်စွမ်း ရှိမရှိ သိလိုသည်။ သက်ရွယ်တူ အဖော်များ၏ လိုလားလက်ခံမှုကို မျှော်လင့်တောင့်တသည်။ မိဘက သတ်မှတ်ပေးထားသော စည်းကမ်းဘောင်ကို ကျော်လွန်၍ စွန့်စွန့်စားစား လုပ်ပြလိုသည်။
စိတ်ဓာတ်ရင့်ကျက်သူတစ်ဦးကား မိမိကိုယ်မိမိ လူထဲက လူတစ်ယောက်ဟုသာ ယူဆသည်။ မိမိ၏ ကိုယ်ရေးကိုယ်တာကိစ္စများ အရေးကြီးသကဲ့သို့ အခြားသူတို့၏ အရေးကိစ္စများလည်း ရှိသေးကြောင်း နားလည်လက်ခံ၏။ မိမိအကျိုးတစ်ခုထဲအတွက်သာ မစဥ်းစားဘဲ အခြားသူများအတွက်ပါ စာနာစိတ်ဖြင့် ထည့်သွင်းစဥ်းစားတတ်သည်။ အခြားသူများကြီးပွားသည်ကို ဝမ်းမြောက်တတ်သော မုဒိတာစိတ်လည်း ပွားများတတ်သူ ဖြစ်ပေသည်။
အဆိုးကို ရင်ဆိုင်ဝံ့ခြင်း
စစ်မှန်သော ဖြစ်ရပ်ဆိုးများကို ရင်ဆိုင်ရဲခြင်းသည်လည်း စိတ်ဓာတ်ရင့်ကျက်သူတို့၌သာ တွေ့ရတတ်သော အရည်အချင်းတစ်ရပ် ဖြစ်ပေ၏။ စိတ်ဓာတ်မရင့်ကျက် မခိုင်မာသူတို့ကမူ လောကတွင် တွေ့ကြုံရတတ်သည့် စစ်မှန်သော အဖြစ်ဆိုးတို့ကို နည်းအမျိုးမျိုးဖြင့် ရှောင်လွှဲရန် ကြိုးပမ်းကြ၏။ စိတ်ကူးဖြင့်သာ ရင်ဆိုင်ခြင်း၊ နှောင့်နှေးကြန့်ကြာအောင် အချိန်ဆွဲခြင်း၊ ဖျားနာသည်ဟု မိမိစိတ်ကို လှည့်စားခြင်း၊ အလုပ်များချင်ယောင်ဆောင်ခြင်းတို့ကား ဖြစ်ရပ်ဆိုးတို့ကို ရင်မဆိုင်ဝံ့သော စိတ်ဓာတ်ပျော့ညံ့သူတို့ သုံးစွဲသည့်နည်းများ ဖြစ်၏။
စိတ်ဓာတ်ရင့်ကျက်သူတို့သည် အောင်မြင်ရေးကို စိတ်ကူးမဟုတ်ပဲ လက်တွေ့အစွမ်းကုန် ကြိုးပမ်းကြ၏။ အလုပ်တစ်ခုကို နေ့ရွေ့ ညရွေ့ မလုပ်တတ်ပေ။ “ကိစ္စလတ်လတ်၊ ပြီးစေအပ်၏၊ အားလပ်မှသာ၊ မဟူရာတည်း” ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထားတတ်ကြ၏။ ထိုသူတို့သည် မအောင်မြင်သာ ရှိရမည်။ လုပ်စရာရှိလျှင် ခေါင်းကိုက် ဇာတ်လေးစသော ဆင်ခြင်တို့ဖြင့် ရှောင်လွှဲရန် မကြိုးစားတတ်ကြပေ။ စိတ်ဓာတ်ပျော့ညံ့သူတို့ကမူ အလုပ်များနေ၍၊ ခေါင်းကိုက်၍၊ ဇာက်လေး၍ စသဖြင့် အကြောင်းအမျိုးမျိုးပြပြီး လုပ်ရမည့်အလုပ်ကို ရှောင်လွှဲရန် ကြိုးစားတတ်ကြသည်။ အလုပ်များသည်ဟူသော အကြောင်းပြချက်ကား သူတို့ကိုယ်သူတို့ လှည့်စားရန်လည်းကောင်း၊ အခြားသူများကို လှည့်စားရန်လည်းကောင်း၊ ယင်းတို့သုံးစွဲတတ်ကြသော နည်းထူးတစ်ခု ဖြစ်ပေသည်။
စိတ်ဓာတ်ပျော့ညံ့သူတို့သည် ပင်ပန်းစွာ အလုပ်မလုပ်လိုကြ။ ဆူပူကြိမ်းမောင်းပြစ်တင်ခြင်းကို မခံလိုကြ။ အနစ်နာခံမှ အသာစံရမည်ကို လက်မခံလိုကြ။ စိတ်ဓာတ်ရင့်ကျက်သူတို့သည် အောင်မြင်သောဘဝ ဆိုသည်မှာ ကြိုးကြိုးစားစားလုပ်ဆောင်ခြင်းနှင့် ယင်းအလုပ်တို့ အစစ်အမှန် ပြီးစီးထမြောက်အောင်မြင်ခြင်း ဖြစ်ကြောင်းကို သဘောပေါက်လက်ခံ လိုက်နာကျင့်သုံးသူများဖြစ်သည်။
စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားထားသော သင့်ဘဝတွက်တာ အသုံးချ စိတ်ပညာ စာအုပ်မှ ကူးယူဖော်ပြသည်။